ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကုန်တင်ရထားနှင့် ဘတ်စကား တိုက်မိ၊ လူရှစ်ဦးသေဆုံး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မက်ကာဆန်ဘူတာအနီး၌ ကုန်တင်ရထားတစ်စင်းနှင့် ဘတ်စကားတစ်စီးတို့ တိုက်မိမှုဖြစ်ပွားရာ လူရှစ်ဦးသေဆုံးပြီး ၃၅ ဦးဒဏ်ရာရရှိကြောင်းနှင့် ၎င်းတို့အနက်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တာဝန်ရှိသူများကပြောသည်။
ထိုဖြစ်စဉ်သည် မေလ ၁၆ ရက်မွန်းလွဲ၃ နာရီ မိနစ် ၄၀တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ယင်းမတော်တဆမှုကြောင့် ဘတ်စကားမှာ မီးလောင်သွားကြောင်းနှင့် အနီးအနားတွင်ရှိသော အခြားသောယာဉ်များသည်လည်း ပျက်စီးမှုများဖြစ်ပွားကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ပဏာမစစ်ဆေးချက်များအရ ခရီးသည်တင်ဘတ်စကားက မီးရထားလမ်းနှင့် ကားလမ်းဆုံသည့်နေရာတွင် ညပ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ကားလမ်းကိုတားသည့် မောင်းတံမှာ မကျလာကြောင်း၊ ကုန်တင်ရထားသည် ကုန်သေတ္တာများကို တင်ဆောင်လာသည့်အတွက် အလေးချိန် အလွန်များပြီး အချိန်မီဘရိတ်မအုပ်နိုင်ကြောင်း၊ ထိုသို့သောအခြေအနေများကြောင့် ရထားက ဘတ်စကားကို တိုက်မိခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောထားသည်။
MWD
