ဘယ်လာရုဇ်ရှိ Iskander ပဲ့ထိန်းဒုံးကျည်၌ ရုရှား နျူကလီးယားထိပ်ဖူးတပ်ဆင်ခြင်းကို လေ့ကျင့်
ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ဘယ်လာရုဇ်နိုင်ငံနှင့် ပူးတွဲ ပြုလုပ်လျက်ရှိသည့် နျူကလီးယား စစ်ရေးလေ့ကျင့်မှုဆိုင်ရာ ရုပ်သံမှတ်တမ်း အသစ်ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါဗီဒီယိုတွင် စစ်သည်များက Iskander ပဲ့ထိန်းဒုံးကျည်၌ နျူကလီးယားထိပ်ဖူးတပ်ဆင်ရန် လေ့ကျင့်နေမှုကို ပြသထားသည်။ အမေရိကန်ဦးဆောင်သော နေတိုး (NATO) မဟာမိတ်အဖွဲ့၏ ရန်လိုမှုများကိုတုံ့ပြန်ရန်အတွက် ရုရှားနှင့် ဘယ်လာရုဇ်တို့သည် ၂၀၂၃ ခုနှစ်ကတည်းက နျူကလီးယားမျှဝေရေး အစီအစဉ်ကို စတင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဘယ်လာရုဇ်နိုင်ငံ၌ တာတိုပစ် Iskander ဒုံးကျည်စနစ်အချို့ကို တပ်ဖြန့်ထားပြီးဖြစ်ကာ အထူးခဲယမ်းများဟုခေါ်ဆိုသောနျူကလီးယားထိပ်ဖူးများကိုမူ လုံခြုံစိတ်ချရသော သီးခြားနေရာတစ်ခုတွင် သိမ်းဆည်းထားပြီးမှ စမ်းသပ်ပစ်ခတ်မည့်နေရာသို့ လျှို့ဝှက်ရွှေ့ပြောင်း သည့် လေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြသည်။
အလားတူထုတ်ပြန်ခဲ့သည့် အခြားဗီဒီယိုတစ်ခုတွင်မူ ရုရှား၏ ကြည်း ၊ ရေ ၊ လေ နျူကလီးယားသုံးသွယ်ခုခံစစ်စနစ် (Nuclear Triad) ၏ အဓိက စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့သည်။ ၎င်းတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) များ ရွှေ့ပြောင်းခြင်း၊ ပစိဖိတ်သမုဒ္ဒရာအတွင်း Imperator Aleksandr III နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတာဝန်ချထားခြင်းနှင့် Kinzhal Hypersonic Missile တင်ဆောင်ထားသည့် MiG-31K တိုက်လေယာဉ်များဖြင့် စမ်းသပ်ပျံသန်းရန် ပြင်ဆင်ခြင်းတို့ ပါဝင်သည်။ ယခုစစ်ရေးလေ့ကျင့်မှုများသည် ပြည်ပတိုင်းပြည်များ၏ ကျူးကျော်ရန်စမှု များရှိလာပါက အဆင်သင့်တုံ့ပြန်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မော်စကိုက ပြောကြားခဲ့သည်။
အပြန်အလှန်အားဖြင့် ဥရောပရှိ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ရုရှား၏ ခြိမ်းခြောက်မှုကို အကြောင်းပြကာ စစ်အသုံးစရိတ်များနှင့် လက်နက်တပ်ဆင်မှုများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်နေကြသော်လည်း ရုရှား ဘက်ကမူ နေတိုးအဖွဲ့ကို တိုက်ခိုက်ရန် မည်သည့်အစီအစဉ်မျှမရှိကြောင်းငြင်းဆိုထားသည်။ ထို့ပြင် ရုရှား၏ Kaliningrad နယ်မြေကွက်ရှိ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို မြေလှန်ဖျက်ဆီးပစ်နိုင်စွမ်းရှိကြောင်း နေတိုးအနေဖြင့် အင်အားပြသင့်သည်ဟု လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး Kestutis Budrys ၏ တိုက်တွန်းချက်အပေါ် ကရင်မလင်က အစွန်းရောက်လွန်းသော ခြိမ်းခြောက်မှုဟု အပြင်းအထန် တုံ့ပြန်ရှုတ်ချခဲ့သဖြင့် ဒေသတွင်းစစ်ရေးတင်းမာမှုများ ပိုမိုမြင့်တက်လျက် ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,