အမေရိကန်သည် လက်တင်အမေရိကကို အလုံးစုံလွှမ်းမိုးချုပ်ကိုင်ရန် စီစဉ်နေကြောင်း ရှေ့နေတစ်ဦးက RT သို့ ပြောကြား
အမေရိကန်သည် ကျူးဘားကို ကျူးကျော်ရန်နှင့် တဖြည်းဖြည်းနှင့် ဒေသတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ရန်အတွက် အကြောင်းပြချက်ရရှိ စေရန် သမ္မတဟောင်း ရာအူးလ် ကက်စထရို (Raul Castro) အား တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း အမေရိကန် အလုပ်သမားနှင့် လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ ဒန်နီရယ် ကိုဗာလစ် (Daniel Kovalik) က RT သို့ ပြောကြားခဲ့သည်။
အမေရိကန် တရားရေးဝန်ကြီးဌာနသည် ကက်စထရိုဆန့်ကျင်ရေး လှုပ်ရှားသူများပါဝင်ပြီး ကျူးဘားလေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည်ဟုဆိုသော လေယာဉ်နှစ်စင်းအား ၁၉၉၆ ခုနှစ်ကပစ်ချခဲ့မှုတွင် အမေရိကန်နိုင်ငံသားများကိုသတ်ဖြတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် ကက်စထရိုနှင့် အရာရှိ ၅ ဦးတို့ကို ဗုဒ္ဓဟူးနေ့ (မေ ၂၀) က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထိုဖြစ်ရပ်အတွင်း လူ ၄ ဦး သေဆုံးခဲ့ပြီး ၎င်းကိစ္စသည် နှစ်နိုင်ငံအကြား သံတမန်ရေးရာတင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ထိုစဉ်က ဟာဗားနားက အဆိုပါလေယာဉ်များသည် အမေရိကန်လေတပ်နှင့် ဆက်နွှယ်မှုရှိပြီး ၎င်းတို့ကို မပစ်ခတ်မီ လမ်းကြောင်းပြောင်းရန် အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် ယာယီရှေ့နေချုပ် တော့ဒ် ဘလန့်ချ် (Todd Blanche) က သတင်းထောက်များကို ပြောကြားရာတွင် အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့သည့် လွန်ခဲ့သောဆယ်စုနှစ်နှစ်ခု သို့မဟုတ် နှစ်ပေါင်း ၃၀ က တရားမစွဲဘဲ တရားရေးဝန်ကြီးဌာနအနေဖြင့် အဘယ်ကြောင့် ယခုမှတရားစွဲဆိုရန် ရွေးချယ်ခဲ့သည်ကို မိမိအနေဖြင့် ရှင်းမပြနိုင်ကြောင်းဆိုသည်။ ထို တရားစွဲဆိုမှုသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလား နိုင်ငံကို အစိုးရအပြောင်းအလဲလုပ်ရန် ပစ်မှတ်ထားပြီးနောက် နောက်ထပ်ပစ်မှတ်မှာ ကျူးဘားဖြစ်လိမ့်မည်ဟု သတိပေးပြီး လအနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,