ဂျက်ဖရီ အက်ပ်စတိန်း အရှုပ်တော်ပုံနှင့်ဆက်နွှယ်ပြီး မင်းသားဟောင်း အင်ဒရူးအား ဗြိတိန်ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပြီး သတင်းအချက်အလက်နှင့် သဲလွန်စများပေးကြရန် ထပ်မံတောင်းဆို

News Image

  • ဂျက်ဖရီ အက်ပ်စတိန်း အရှုပ်တော်ပုံနှင့် ဆက်နွှယ်ပြီး မင်းသားဟောင်း အင်ဒရူးအား ဗြိတိန်ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးနေပြီး သတင်း အချက်အလက်နှင့် သဲလွန်စများ ပေးကြရန် ထပ်မံတောင်းဆို

ဗြိတိန်ဘုရင် ချားလ်စ် (၃) ၏ ညီတော်စပ်သူ အင်ဒရူး မောင့်ဘက်တန်-ဝင်းဆာ (ယခင် တော်ဝင်မင်းသားဟောင်း ပရင့်စ်အင်ဒရူး) ၏ မလျော် ကန်သော အပြုအမူများ ကျူးလွန်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အများပြည်သူများအနေဖြင့် သတင်းအချက်အလက်နှင့်သဲလွန်စများပေးကြရန် ဗြိတိန် စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့က ထပ်မံ မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

ကွယ်လွန်သူ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ အမေရိကန် ဘဏ္ဍာရေး သူဌေး ဂျက်ဖရီ အက်ပ်စတိန်းနှင့်သက်ဆိုင်သည့် အမှုတွဲဖိုင်များကို အမေရိကန်တရားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် သိမ်းစ်ဗယ်လီ ရဲတပ်ဖွဲ့ (Thames Valley Police) က စုံစမ်းစစ်ဆေးမှုများ အရှိန်မြှင့် လုပ်ဆောင်လာခြင်း ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့သည် မလျော်ကန်သော အပြုအမူများအတွက် စွပ်စွဲချက်ကဏ္ဍအသီးသီးကို စိစစ်နေပြီး သက်သေအများအပြားကို မေးမြန်းလျက်ရှိကြောင်း၊ အထူးသဖြင့် ၂၀၁၀ ပြည့်နှစ်အတွင်းက အမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ရည်ရွယ်ချက် များအတွက် ဝင်ဆာရှိ နေအိမ်တစ်လုံးသို့ ခေါ်ဆောင်သွားခဲ့သည် ဟူသော သတင်းပေးပို့ချက်ကိုပါ ထည့်သွင်းစုံစမ်းနေကြောင်း သိရှိရသည်။

စုံစမ်းစစ်ဆေးရေးမှူးများသည် အဆိုပါအမျိုးသမီး၏ ဥပဒေရေးရာ ကိုယ်စားလှယ်များနှင့် ဆက်သွယ်ထားပြီး ၎င်းအနေဖြင့် ရှေ့ထွက်ထွက် ဆိုပါက အမှုကို အလေးအနက်ထား ဂရုတစိုက် ကိုင်တွယ်သွားမည်ဟု ကတိပြုထားသည်။

လက်ထောက်ရဲမင်းကြီး အိုလီဗာ ရိုက်တ်က ယခုအမှုသည် အလွန် များပြားလှသော သတင်းအချက်အလက်များကို စိစစ်ရမည်ဖြစ်၍ရှုပ်ထွေးခက်ခဲနိုင်သော်လည်း ကျိုးကြောင်းဆီလျော်သည့် စုံစမ်းစစ်ဆေးမှုလမ်းကြောင်းအားလုံးကို သေသေချာချာ စေ့စေ့စပ်စပ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ကျူးလွန်ခံခဲ့ရသူများ ဆက်သွယ်နိုင်ရန် ၎င်းတို့၏ တံခါးကို အမြဲဖွင့်လှစ်ထားကြောင်း ပြောကြားခဲ့သည်။ 

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သော မောင့်ဘက်တန်-ဝင်းဆာသည် အက်ပ်စတိန်းနှင့် ပတ်သက်သည့် ဆက်ဆံရေးများပေါ်ထွက်လာပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက်က ပြည်သူ့ဝန်ထမ်းဆိုင်ရာ မလျော်မကန်ပြုမူမှု သံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်း၏ Sandringham နှင့် Royal Lodge တော်ဝင်ဂေဟာ နေအိမ်များကိုလည်း ရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်း ရှာဖွေခဲ့ပြီးနောက် ၎င်းအား စုံစမ်းစစ်ဆေးဆဲအဆင့်ဖြင့်ပြန်လည်လွှတ်ပေးခဲ့သည်။ မောင့်ဘက်တန်-ဝင်းဆာသည် ဗြိတိန် ခေတ်သစ်သမိုင်းတွင် ဖမ်းဆီးခြင်းခံရသည့် ပထမဆုံးသောတော်ဝင် မိသားစုဝင် ဖြစ်လာခဲ့သော်လည်း လက်ရှိအချိန်အထိ ၎င်းအပေါ် တစ်စုံတစ်ရာ တရားစွဲဆိုထားခြင်းမရှိသေးဘဲ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထား သည်။

ရဲတပ်ဖွဲ့၏ ယခုထုတ်ပြန်ချက်သည် ဗြိတိန်အစိုးရက စာရွက်စာတမ်းများ ထုတ်ပြန်ခဲ့ပြီးနောက် နောက်တစ်နေ့တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အဆိုပါ စာရွက်စာတမ်းများအရ ၂၀၀၁ ခုနှစ်က မောင့်ဘက်တန်-ဝင်းဆာအား ယူကေ၏ ကုန်သွယ်ရေးသံတမန်အဖြစ် ခန့်အပ်ခဲ့စဉ်က ၎င်း၏နောက်ခံရာဇဝင်ကို စိစစ်ခဲ့သည့် အထောက်အထားမရှိကြောင်း သိရှိရသည်။ 

မောင့်ဘက်တန်-ဝင်းဆာသည် ၂၀၀၈ ခုနှစ်တွင် ပြည့်တန်ဆာမှုဖြင့် အပြစ်ဒဏ်ကျခံခဲ့ရသူ အက်ပ်စတိန်းနှင့် ပတ်သက်မှုများကြောင့်ကုန်သွယ်ရေးသံတမန်အဖြစ်မှ နုတ်ထွက်ခဲ့ရသူ ဖြစ်သည်။ ရဲတပ်ဖွဲ့ သည် ၎င်းအနေဖြင့် အဆိုပါရာထူး၌ တာဝန်ထမ်းဆောင်စဉ်အတွင်း အက်ပ်စတိန်း ထံသို့ လျှို့ဝှက်ချက်များ မျှဝေခဲ့ခြင်း ရှိ၊ မရှိကိုပါ စစ်ဆေးနေသည်။ ဗြိတိန်ဘုရင်သည် တော်ဝင်မိသားစုအား အဆိုပါအရှုပ်တော်ပုံမှ ကာကွယ်ရန် အတွက် မောင့်ဘက်တန်-ဝင်းဆာ၏ တော်ဝင်ဘွဲ့အမည်များကို ပြီးခဲ့သည့် နှစ်ကပင် ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး