အမေရိကန် ထိပ်တန်းလျှို့ဝှက်ဖိုင်များ ပေါက်ကြားလာပြီးနောက် ဆိုဗီယက် တိုက်လေယာဉ်များနှင့် UFO များ ကြားဖြတ်ရင်ဆိုင်ခဲ့သည့် ဖြစ်စဉ်များ ထွက်ပေါ်လာ
အမေရိကန် ထောက်လှမ်းရေးအသိုက်အဝန်းနှင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ပြီးနောက် စစ်အေးတိုက်ပွဲ ခေတ်အတွင်း ဆိုဗီယက်ထုတ် MiG တိုက်လေယာဉ်များနှင့် အမျိုးအမည်မသိ ပျံသန်းရွေ့လျားနေသောအရာဝတ္ထု (UFO) များ ထိပ်တိုက်တွေ့ခဲ့ သည့် ဖြစ်စဉ်များပါဝင်သော ထိပ်တန်းလျှို့ဝှက်မှတ်တမ်းများ ပေါက်ကြား လာခဲ့သည်။
အမေရိကန် အကျိုးအမြတ်မယူသောအဖွဲ့အစည်းတစ်ခုဖြစ်သည့် Disclosure Foundation သည် သတင်းအချက်အလက် လွတ်လပ်ခွင့်အက်ဥပဒေ (FOIA) အရ အယူခံဝင်မှုတွင် အနိုင်ရရှိခဲ့ပြီးနောက် အမေရိကန် အမျိုးသား လုံခြုံရေးအေဂျင်စီ (NSA) ထံမှ မှတ်တမ်းစာမျက်နှာ ၃၃၄ မျက်နှာကို ရရှိခဲ့ခြင်းဖြစ်သည်။ အချက်အလက်အချို့ကို ဖျက်တောက်ထားသော်လည်း အမြင့်ဆုံးလျှို့ဝှက်အဆင့် “TOP SECRET UMBRA” ဟု သတ်မှတ်ထားသည့် အဆိုပါဖိုင်များတွင် ကမ္ဘာတစ်ဝှမ်းရှိ စစ်ဘက်ဆိုင်ရာစနစ်များက ဖမ်းယူရရှိခဲ့သည့် သရုပ်ခွဲမရသော အရာဝတ္ထုများအကြောင်း ရေဒါ အစီရင်ခံစာများနှင့် ထောက်လှမ်းရေး သတင်းစကားများ ပါဝင်နေသည်။
အဆိုပါမှတ်တမ်းများထဲတွင် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်ရပ်တစ်ခုအနေဖြင့် စစ်ဘက်ဆိုင်ရာရေဒါ၌ အမျိုးအမည်မသိ အရာဝတ္ထုတစ်ခုကို ဖော်ထုတ်မိပြီးနောက် ဆိုဗီယက်တိုက်လေယာဉ် ၁၃ စင်းက ဆန်းကြယ်သော ကြယ်ပုံသဏ္ဌာန် UFO တစ်ခုကို လိုက်လံကြားဖြတ်ခဲ့သည့် အခြေအနေ ကို အသေးစိတ်ဖော်ပြထားသည်။
ထို့အပြင် တရုတ်နိုင်ငံဝေဟင်အထက်တွင်ဖြစ်ပွားခဲ့သည့် အစီရင်ခံစာတစ်ခုနှင့် MiG လေယာဉ် ၆ စင်းက UFO ကို တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် တစ်ခုလည်း ပါဝင်နေသည်။ သို့သော်လည်း အဆိုပါဖိုင်များတွင် ဖြစ်ပွားခဲ့သည့်အချိန်နှင့် နေရာအတိအကျ အပါအဝင် မျက်မြင်သက်သေများကိုမူ အတိအကျ ဖော်ထုတ်ထားခြင်း မရှိပေ။
ရင်ဆိုင်တွေ့ဆုံမှုများတွင် ကြယ်ပုံသဏ္ဌာန်၊ ပန်းကန်ပြားပုံသဏ္ဌာန်၊ လုံးဝိုင်းသောပုံသဏ္ဌာန်နှင့် အခြားပုံသဏ္ဌာန်များစွာပါရှိသော ယာဉ်အမျိုးမျိုးပါဝင်ပြီး အချို့မှာ နေအလင်းရောင်ထက်ပင် ပိုမိုတောက်ပကာ မြင့်မားသောအမြင့်ပေတွင် လျင်မြန်စွာ လှည့်ပတ်ခြင်း၊ ဒေါင်လိုက် လှုပ်ရှားခြင်းနှင့် ကောင်းကင်ပြင်တွင် မီးလုံးကြီးတစ်ခုအဖြစ်မှ အပိုင်း သုံးပိုင်း ကွဲထွက်သွားခြင်း စသည့် ဆန်းကြယ်သော လှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
အစပိုင်းတွင် NSA မှ အချက်အလက်ကြည့်ရှုခွင့်ကို ငြင်းပယ်ခဲ့သဖြင့် ၁၉၈၀ ပြည့်နှစ်ကတည်းက တရားစွဲဆိုကာ ဥပဒေကြောင်း အရ ရင်ဆိုင် ခဲ့ရသည့် ယခုမှတ်တမ်းများ ထွက်ပေါ်လာခြင်းမှာ ထရမ့်အစိုးရအဖွဲ့က ယူအက်ဖ်အိုနှင့် ပတ်သက်သည့် ဖိုင်တွဲပေါင်း ၁၆၀ ကျော်ကို ထုတ်ပြန် ပေးခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခင်က ဂျွန် အက်ဖ် ကနေဒီ၊ ရောဘတ် အက်ဖ် ကနေဒီနှင့် မာတင် လူသာ ကင်း ဂျူနီယာတို့ လုပ်ကြံခံရမှုဆိုင်ရာ လျှို့ဝှက်ချက်ပယ်ဖျက်မှု အမိန့်များကြောင့် ထိုကဲ့သို့ သတင်းအချက်အလက် ထုတ်ဖော်ရေး တွန်းအားပေးမှုများ ပိုမို အားကောင်း လာခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန်အစိုးရအနေဖြင့် ဂြိုဟ်သားများနှင့် ဆက်သွယ်မိသည့် သက်သေအထောက်အထားများကို ဖုံးကွယ်ထားသည် ဆိုသော ပြောဆိုချက်များကို သမ္မတဟောင်း ဘာရက် အိုဘားမားက ပယ်ချခဲ့ရာမှတစ်ဆင့် ပြန်လည်စတင်လာသော အချေအတင် ဆွေးနွေး ငြင်းခုံမှုများကြားတွင် ယခုကဲ့သို့ စိတ်လှုပ်ရှားဖွယ် ထောက်လှမ်းရေး ဖိုင်တွဲများ လူသိရှင်ကြား ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး

,
,
,
,
,