ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူး ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၂၉
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာ နိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏အကြီးအမှူး ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis နှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင် ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အစိုးရအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဝန်ကြီးဌာနနှင့် UNDP - UNHCR တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဆောင်ရွက်နေမှု၊ မောင်တောဒေသရှိ UN အဖွဲ့ အစည်းများမှ ဝန်ထမ်းများနှင့် မိသားစု ဝင်များအား ရန်ကုန်မြို့၌ ယာယီနေထိုင်နိုင်ရေး ခွင့်ပြုဆောင်ရွက်မှုနှင့် နယ်မြေဒေသတည်ငြိမ်ပါက ပြန်လည်ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ရေး၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ အဖွဲ့အစည်း များအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂရုံးချုပ်သို့ သတင်းမှန်နှင့် အချက်အလက်မှန်များဖြင့် ရှင်းလင်းတင်ပြနိုင်ရေး၊ ဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂ ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းနှင့် ဒေါက်တာ ခိုင်ခိုင်စိုး၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
