လိင်ပိုင်းဆိုင်ရာ မလျော်သြဇာသုံးမှု စွပ်စွဲချက်များကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ၏တရားသူကြီးချုပ် ရာထူးမှ ယာယီဆိုင်းငံ့ခံရ
လိင်ပိုင်းဆိုင်ရာ မလျော်ကန်စွာပြုမူမှု စွပ်စွဲချက်များနှင့်ပတ်သက်၍ နောက်ဆက်တွဲလုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်အတွင်း အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က ၎င်း၏ တရားသူကြီးချုပ် ကရင်မ်ခန် (Karim Khan) အား ရာထူးမှ ဆိုင်းငံ့ လိုက်သည်။ သည်ဟိတ်ဂ် (The Hague) အခြေစိုက် အဆိုပါတရားရုံးက တနင်္လာနေ့ (ဇွန် ၈) တွင် ထုတ်ပြန်ချက်တစ်ခု၌ ဖော်ပြရာတွင် အဖွဲ့ဝင်နိုင်ငံများညီလာခံ (Assembly of States Parties) ၏ နောက်ဆုံး ဆုံးဖြတ်ချက်မထွက်ပေါ်မီအထိ အကျိုးသက်ရောက်မှုရှိစေရန် ခန်အား ရာထူးမှ ချက်ချင်းဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ ပြည်တွင်းကြီးကြပ်မှုဆိုင်ရာဝန်ဆောင်မှုရုံး (OIOS) ၏ အစီရင်ခံစာ၊ အခြေခံအထောက်အထားများ၊ စာဖြင့် တင်သွင်းလွှာများနှင့် အထူးကျွမ်းကျင်သူများအဖွဲ့၏ အကြံပြုချက်တို့အပေါ် အခြေခံထားခြင်းဖြစ်ကြောင်း တရားရုံးက ပြောကြားခဲ့သည်။ ဆက်စပ်စာရွက်စာတမ်းများကို လျှို့ဝှက်အဆင့်အတန်း ထားရှိသွားမည်ဟု တရားရုံးက ပြောကြားခဲ့သော်လည်း ICC ၏ အမှုဆောင်အဖွဲ့ ဗျူရို က ခန်သည် ကြီးမားသော အမှားအယွင်းကို ကျူးလွန်ခဲ့ကြောင်းဆုံးဖြတ်ခဲ့ပြီး ၎င်းအား ရာထူးမှဖယ်ရှားရန် အကြံပြုထားကြောင်း သံတမန်ရေးရာ သတင်းမြစ်တစ်ခုကို ကိုးကား၍ ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြခဲ့သည်။ ခန်သည် ပြီးခဲ့သည့်နှစ် ကတည်းက ၎င်း၏သဘောဆန္ဒအလျောက် ခွင့်ယူထားခဲ့ပြီး ဖြစ်သည်။
အဆိုပါ စွပ်စွဲချက်များသည် ၂၀၂၄ ခုနှစ်တွင် ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ခန်သည် အမျိုးသမီး လက်ထောက်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ ပတ်သက်မှု ရှိရန် အဓမ္မဖိအားပေးခဲ့သည်ဟု စွပ်စွဲခံရကြောင်း AP သတင်းဌာနက ဖော်ပြခဲ့သည်။ ခန်ကမူ မည်သည့်အမှားအယွင်းမျှ မလုပ်ခဲ့ကြောင်း ငြင်းဆိုထားသည်။
New York Times သတင်းစာ၏ ဖော်ပြချက်အရ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများသည် ခန်သည် ဝန်ထမ်းတစ်ဦးအပေါ် အပြန်အလှန်သဘောတူညီမှုမရှိဘဲ လိင်ပိုင်း ဆိုင်ရာ ထိတွေ့ကိုင်တွယ်မှုပြုလုပ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိခဲ့သော်လည်း တရားသူကြီးများက အစပိုင်းတွင် ထိုတွေ့ရှိချက်များသည် “သံသယဖြစ်ဖွယ်မရှိ အတည် ပြုနိုင်ခြင်း”(Beyond a reasonable doubt) အဆင့်အတန်းအထိ မပြည့်မီ သေးကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုကို ဧပြီလတွင် ဆက်လက် လုပ်ဆောင် ခဲ့ပြီး နှစ်ဖက်စလုံးအား နောက်ထပ် အထောက်အထားများ တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ခန် တာဝန်ယူစဉ်ကာလအတွင်း ICC သည် ရုရှားနှင့် အစ္စရေး ခေါင်းဆောင်များအပေါ် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သော်လည်း ထိုနှစ်နိုင်ငံစလုံးက တရားရုံး၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုကြပေ။ ၂၀၂၃ ခုနှစ် မတ်လတွင် ICC သည် ယူကရိန်းနိုင်ငံမှ ကလေးငယ်များအား တရားမဝင် ပြောင်းရွှေ့မှုစွပ်စွဲချက်များဖြင့် ရုရှားသမ္မတ ဗလာ ဒီမာ ပူတင်နှင့် ရုရှား၏ ထိပ်တန်းကလေးသူငယ်အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူ မာရီယာ လဗိုဗာ-ဘီလိုဗာ တို့ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။ ရုရှားက ထိုစွပ်စွဲချက် များကိုပယ်ချခဲ့ပြီး ၎င်းတို့သည် စစ်ဇုန်အတွင်းမှ ကလေးငယ်များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ပြီး စာရွက်စာတမ်း အထောက်အထားရှိသည့်အခါတိုင်း မိသားစုများနှင့် ပြန်လည် ဆုံစည်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် တရားရုံးသည် ဂါဇာဒေသအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်မှု စွပ်စွဲချက်များဖြင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအတ်ဗ် ဂါးလန့် တို့ကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။ နေတန်ယာဟု က ထိုဝရမ်းများကို အဓိပ္ပာယ်မရှိဘဲ မမှန်ကန်သော အရာများဟု ပယ်ချခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် အာဖဂန်နစ္စတန်ရှိ အမေရိကန်စစ်တပ်၏ ပြုမူဆောင်ရွက်ချက် များကို စုံစမ်းစစ်ဆေးရန် ခွင့်ပြုခဲ့မှုနှင့် အခြေအမြစ်မရှိဟုဝါရှင်တန်ကဖော်ပြခဲ့သော အစ္စရေးတာဝန်ရှိသူများအပေါ် ဖမ်းဝရမ်းများထုတ်ပြန်ခဲ့မှုတို့တွင် ပါဝင်ပတ်သက်မှုကြောင့် အမေရိကန်နိုင်ငံက ခန်အပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
