ယူကရိန်း-ရုရှား စစ်ပွဲဂယက်ကြောင့် အိမ်နီးချင်းနှင့် နေတိုးနိုင်ငံများ၏ ဝေဟင်နှင့် ရေပိုင်နက်များအတွင်း ဒရုန်းများနှင့် စစ်ရေယာဉ်များ ဝင်ရောက်ပျက်ကျမှု တိုးမြင့်လာ

News Image

  • ယူကရိန်း-ရုရှား စစ်ပွဲဂယက်ကြောင့် အိမ်နီးချင်းနှင့် နေတိုးနိုင်ငံများ၏ ဝေဟင်နှင့် ရေပိုင်နက်များအတွင်း ဒရုန်းများနှင့် စစ်ရေယာဉ်များ ဝင်ရောက်ပျက်ကျမှု တိုးမြင့်လာ

ယူကရိန်းနှင့်ရုရှားနိုင်ငံတို့အကြား ဖြစ်ပွားနေသော စစ်ပွဲ၏နောက်ဆက်တွဲ ဂယက် ရိုက်ခတ်မှုများကြောင့် ဥရောပရှိ တတိယနိုင်ငံများနှင့် နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံ များ၏ ပိုင်နက်အတွင်းသို့ ဒရုန်းများနှင့်ရေယာဉ်များ ကျူးကျော်ဝင်ရောက် ပျက်ကျသည့် ဖြစ်စဉ်များ သိသိသာသာတိုးမြင့်လာနေကြောင်း သိရှိရသည်။ 

လတ်တလော ဖြစ်ရပ်တစ်ခုအဖြစ် လတ်ဗီယားနိုင်ငံ၊ ရုရှားနယ်စပ်အနီး နော့ထရီနီ (Nautreni) ဒေသဝေဟင်သို့ ကျူးကျော်ဝင်ရောက်လာသည့် အမျိုးအမည်မသိ ဒရုန်း တစ်စင်းကို နေတိုး၏ ဝေဟင်ကင်းလှည့်စစ်ဆင်ရေးတွင်ပါဝင်နေသော ပြင်သစ်တိုက် လေယာဉ်များက ကြားဖြတ်ပစ်ချခဲ့သည်။ ယင်းသည် လတ်ဗီယားနိုင်ငံတွင် ပထမဆုံး အကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရုရှား၏ Electronic Warfare ကြောင့် ဒရုန်းလမ်းကြောင်း လွဲကာ မိမိတို့ပိုင်နက်ထဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း လတ်ဗီယားစစ်တပ်က ပြောကြား ခဲ့သည်။

ထို့အပြင် မော်လ်ဒိုဗာနိုင်ငံ မြောက်ဘက် အော်ဟီ (Orhei) ခရိုင်အတွင်း၌လည်း ဒရုန်း တစ်စင်း ပျက်ကျခဲ့ပြီး ၎င်း၏ပန်ကာအစိတ်အပိုင်းပေါ်ရှိ ယူကရိန်းဘာသာစကား သတိပေးချက်စာသားများအရ အဆိုပါဒရုန်းမှာ ယူကရိန်းပိုင်ဖြစ်နိုင်ကြောင်း အာဏာပိုင် များက သုံးသပ်ခဲ့ကြသည်။ သို့သော် မော်လ်ဒိုဗာနိုင်ငံခြားရေးဝန်ကြီးဌာနကမူ မည်သည့် အခြေအနေမျိုးတွင်မဆို စစ်ပွဲ၏အကျိုးဆက်ဖြစ်၍ ရုရှားတွင်သာ တာဝန်ရှိကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။

ယူကရိန်းအစိုးရသည် ရုရှား၏ စွမ်းအင်ပို့ကုန်များကိုဟန့်တားရန် ဘောလ်တစ် ဆိပ်ကမ်း များကို ပုံမှန်တိုက်ခိုက်နေခြင်းကြောင့် ပြီးခဲ့သည့် မတ်လကတည်းက နေတိုး ဝေဟင် ပိုင်နက်အတွင်း ယူကရိန်းဒရုန်းများ ကျူးကျော်ဝင်ရောက်မှု ပိုမိုစိပ်လာခဲ့ခြင်း ဖြစ်သည်။ ထိခိုက်မှုကြုံရသည့် နိုင်ငံများက ယင်းကို မတော်တဆဖြစ်ရပ်အဖြစ် သတ်မှတ်ကာ ယူကရိန်းအနေဖြင့် စစ်ဆင်ရေးများကို ပိုမိုသတိထားရန် တိုက်တွန်းနေကြသော်လည်း ရုရှားဘက်ကမူ ကိယက်ဗ်အစိုးရသည် နေတိုးဝေဟင်ပိုင်နက်ကိုအသုံးပြုရန် မသိမသာ ခွင့်ပြုချက်ရရှိထားခြင်း ဖြစ်နိုင်ကြောင်း စွပ်စွဲထားသည်။ 

ဝေဟင်ပိုင်နက် ကျူးကျော်မှုများအပြင် ယူကရိန်းသည် ကုန်သွယ်ရေးပိတ်ဆို့မှုများကို ကျော်ဖြတ်နေသည့် ရုရှား၏ Shadow Fleet ဟု ယူဆရသော အရပ်ဘက်သင်္ဘော များကိုပါ ပစ်မှတ်ထား တိုက်ခိုက်လျက်ရှိသည်။ ပြီးခဲ့သည့် သောကြာနေ့ (ဇွန် ၅) က ရိုမေးနီးယားနိုင်ငံ ကွန်စတန်တာ (Constanta) ဆိပ်ကမ်းအနီးတွင် မောင်းသူမဲ့ အမြန် ရေယာဉ် လေးစင်းဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သကဲ့သို့ ပြီးခဲ့သည့် မေလကလည်း ဂရိ နိုင်ငံ လပ်ဖ်ကဒါ (Lefkada) ကျွန်းပေါ်တွင် ယူကရိန်းဒရုန်းတစ်စင်း တွေ့ရှိခဲ့ရသဖြင့် ဂရိအစိုးရက တရားဝင်ကန့်ကွက်လွှာ ပေးပို့ခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း သိရှိ ရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး