ပူတင်အနေဖြင့် ဒုံးကျည်များ စမ်းသပ်ပစ်ပြနေမည့်အစား စစ်ပွဲ ဦးစွာ ရပ်အောင် လုပ်သင့်သည် ဟု ထရမ့် ပြောကြား
ဗလာဒီမာပူတင်အနေဖြင့် ဒုံးကျည်တွေ စမ်းသပ်ပစ်ပြနေမည့်အစား တစ်ပတ်နှင့်မပြီး တစ်လနှင့်မပြီး လေးနှစ်ထဲ ဝင်ရောက်လာပြီဖြစ်သည့် ယူကရိန်းစစ်ပွဲကို ဦးစွာ အဆုံးသတ်သင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၂၇ ရက်က မလေးရှားမှ အပြန် Air Force One လေယာဉ်ပေါ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ပါသည်။
ရုရှားသမ္မတဗလာဒီမာပူတင် ထုတ်ဖော်ပြောကြားလိုက်သည့် မိုင် ၈၀၀၀ ကျော် ပစ်ခတ်နိုင်သော Burevestnik ခရုဇ် နျူကလီးယား ဒုံးကျည်သစ် တစ်မျိုးကို စမ်းသပ်ပစ်လွှတ်နိုင်ပြီဆိုသည့်အချက်အပေါ် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အား ဒေါ်နယ်ထရမ့်က ယင်းသို့ ဖြေဆိုလိုက်ခြင်း ဖြစ်ပါသည်။
“ရုရှားကမ်းရိုးတန်းမှာ အမေရိကန်၏ အကောင်းဆုံး နျူကလီးယားရေငုပ်သင်္ဘော ရှိနေကြောင်း ရုရှားက သိနှင့်ပြီးဖြစ်သဖြင့် မိုင် ၈၀၀၀ တွေ ဘာတွေ ပျံသန်းနေစရာ မလို” ဟု ဒေါ်နယ်ထရမ့်က ဆိုထားပါသည်။
အမေရိကန်အနေဖြင့် ဒုံးကျည်နှင့်ပတ်သက်၍ စဉ်ဆက်မပြတ် တီထွင် စမ်းသပ်နေသလို ဗလာဒီမာပူတင်အနေဖြင့်လည်း အဆိုပါ ဒုံးကျည်များ အကြောင်း ပြောနေစရာ မလိုဟု ထင်ကြောင်း၊ တစ်ပတ်အတွင်း ပြီးဆုံး သင့်သည့် စစ်ပွဲက ယခုအခါ လေးနှစ်ထဲ ဝင်လာနေပြီဖြစ်သလို စစ်ပွဲ ဦးစွာ ရပ်သင့်သည်ဟု ထင်ပါကြောင်း ထပ်လောင်း ပြောကြားခဲ့ပါသည်။
ကိုးကား- Washington Post
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃
