၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု ဇီဝဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

မင်္ဂလာပါတပည့်တို့

     ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် သင်ရိုးသစ် ဇီဝဗေဒဘာသာရပ်ကို လေ့လာသင်ယူနေကြတဲ့ ကျောင်းသား ကျောင်းသူများ လွယ်ကူစွာဖြေဆိုနိုင်ကြဖို့ ရည်ရွယ်ပြီး ဇီဝဗေဒပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာများနှင့် မေးခွန်းပုံစံဆိုင်ရာ သိကောင်းစရာများကို  ပို့ချပေးသွားမှာဖြစ်ပါတယ်။ Grade 12 ဇီဝဗေဒပြဋ္ဌာန်းစာအုပ်မှာ အခန်း(၆)ခန်း ပါဝင်ပါတယ်။ အကြောင်းအရာများ အားလုံးဟာ ဇီဝဗေဒဘာသာရပ်နှင့်ပတ်သက်ပြီး သိရှိရမယ့်အချက်များကို ပြဋ္ဌာန်းထားတာဖြစ်တဲ့အတွက် သေချာကျေညက်အောင် လေ့လာကျက်မှတ်ခြင်းအားဖြင့် မေးခွန်းအားလုံးကို အခက်အခဲမရှိဘဲ ထူးချွန် အောင်မြင်စွာဖြေဆိုနိုင်ကြမှာဖြစ်ပါတယ်။

ဇီဝဗေဒဘာသာရပ်ဟာ  သက်ရှိများ၏အကြောင်းကို  သက်ရှိများက လေ့လာခြင်းဖြစ်ပါတယ်၊  သက်ရှိ၏ အရေးအကြီးဆုံးအရာသည် အသက်ရှင်သန်ဖို့ဖြစ်ပါတယ်။ သို့အတွက်ကြောင့် အသက်ရှိခြင်းရဲ့အစ၊ သက်ရှိများ၏ ဇီဝကမ္မဖြစ်စဉ်၊ သက်ရှိများ၏ ဆင့်ကဲပြောင်းလဲခြင်း၊ ရှင်သန်ဖို့အတွက် လိုက်လျောညီထွေဖြစ်မှု စတဲ့အကြောင်းအရာများကို နားလည်စေမည့်သင်ခန်းစာများကို ထည့်သွင်းဖော်ပြထားပါတယ်။

Chapter 1 INTRODUCTION TO BIOLOGY  သင်ခန်းစာဟာ ဇီဝဗေဒကို ကျယ်ပြန့်စွာ ပိုင်းခြားထားသော အဓိကအကြောင်းအရာ ငါးခု THEMES OF BIOLOGY (Themes 1-5)နှင့် ဆက်လက်ပြီး လူတို့၏ နေ့စဉ်ဘဝတွင် ဇီဝဗေဒ၏ အရေးပါမှု၊ လူတို့၏အသက်ရှင် ရပ်တည်မှုတွင်အဓိကကျသော စားနပ်ရိက္ခာ အရင်းအမြစ်များအတွက် စိုက်ပျိုးရေး (Agriculture,  Horticulture and Hydroponic Culture)၊ မွေးမြူရေး (Aquaculture and Livestock)၊  အသက်ရှင်သန်မှုအတွက်  အစားအစာ(Food)၊ ကျန်းမာရေးနှင့် ဆေးဝါးအသုံးပြုခြင်း (Health and Medicine) ရှင်သန်နေထိုင်မှုအတွက် လိုအပ်သောအဝတ်အထည်နှင့် အမိုးအကာ (Clothing and Shelter)ပြုလုပ်ရာတွင် အသုံးပြုသည့်အပင်များ စသည့်အကြောင်းအရာများကို လေ့လာမှတ်သားကြရမှာဖြစ်ပါတယ်။

Chapter 2 MOLECULAR BIOLOGY မှာတော့ သက်ရှိဆဲလ်အားလုံးတွင် မရှိမဖြစ်ပါဝင်ပြီး သက်ရှိတိုင်း၏ မျိုးရိုးဆက်ခံသော လက္ခဏာများကို အဆုံးအဖြတ်ပေးသည့် DNA (Deoxyribonucleic acid) နှင့် ပရိုတင်းဖွဲ့စည်းတည်ဆောက်ခြင်း (Protein Synthesis) တွင် အဓိကအခန်းကဏ္ဍမှာ ပါဝင်သော RNA (Ribonucleic acid) မော်လီကျူးနှစ်ခုတို့၏ တည်ဆောက်ဖွဲ့စည်းပုံ၊ DNA ၏ အခန်းကဏ္ဍနှင့် ၎င်း၏ပုံတူပွားခြင်း သဘောသဘာဝ (DNA replication)၊ မျိုးရိုးဗီဇကုဒ် (GENETIC CODE) ဆိုသည်မှာ နျူကလီယိုတိုက် ကိုဒွန် (Codon)နှင့် အမိုင်နိုအက်စစ်(Amino Acid )အကြား ဆက်နွှယ်မှုကိုသတ်မှတ်ပေးသည့် ကုဒ်တစ်ခုဖြစ်ကြောင်း၊ သက်ရှိဆဲလ်အတွင်း ပရိုတင်းပေါင်းစပ်ဖွဲ့စည်းခြင်းဖြစ်စဉ် (PROTEIN SYNTHESIS)နှင့် ပါဝင်သောလုပ်ငန်းစဉ်များ၊ မော်လီကျူးမျိုးရိုးဗီဇဆိုင်ရာ သုတေသနမှ ပေါ်ထွက်လာသော နည်းပညာအချို့(SOME TECHNIQUES IN MOLECULAR BIOLOGY)တွင် သက်ရှိများ (အဏုဇီဝ၊ အပင်နှင့် တိရစ္ဆာန်)၏ မျိုးဗီဇများကို လိုသလိုပြုပြင်နိုင်စွမ်းရှိကြောင်း စိတ်ဝင် စားစွာ လေ့လာသိရှိကျက်မှတ်ကြရမှာဖြစ်ပါတယ်။

Chapter 3 TRANSPORT SYSTEM IN ORGANISMS တွင် TRANSPORT SYSTEM IN PLANTS အပင်များ၏ သယ်ယူပို့ဆောင်ရေးစနစ်ရှိ  သယ်ယူပို့ဆောင်ရေးတစ်ရှူးများဖြစ်သော (xylem နှင့် phloem) တည်ဆောက်ပုံ၊  TRANSPORT MECHANISMS IN PLANTS အပင်များ၏ အစာ၊  ရေနှင့် inorganic ions များကို ပို့ဆောင်ပေးသည့် လုပ်ငန်းယန္တရားများ၊ TRANSPIRATION ပင်ငွေ့ပြန်ခြင်းတွင် Factors Affecting Transpiration ပင်ငွေ့ပြန်ခြင်းအပေါ် သက်ရောက်သည့် အချက်များ၊ Benefits of Transpiration ပင်ငွေ့ပြန်ခြင်း၏  အကျိုးကျေးဇူးများ၊ Demonstration of Transpiration Pull ပင်ငွေ့ပြန်ခြင်း ဆွဲအားကို သရုပ်ဖော်ပြသခြင်း၊TRANSLOCATION အပင်များအတွင်း အစာအာဟာရ၊ ရေနှင့် ပျော်ဝင်ပစ္စည်းများ ရွေ့လျားရွှေ့ပြောင်းခြင်း  ဖြစ်စဉ်အကြောင်းအရာများကို    လေ့လာကြရမှာဖြစ်ပါတယ်။ ဆက်လက်၍ TRANSPORT SYSTEM IN ANIMALS သတ္တဝါများ၏ သယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သော  သွေးလည်ပတ်မှုစနစ်သည် အစုလိုက်သယ်ယူပို့ဆောင်ရေး (mass transport) ပုံစံဖြစ်ပြီး ဇီဝကမ္မဖြစ်စဉ်အတွက် လိုအပ်သောအရာဝတ္ထုများကို ခန္ဓာကိုယ်အနှံ့ အရည်စီးဆင်းမှုပုံစံယန္တရားအသွင်ဖြင့် ပို့ဆောင်ပေးသည့် အစီအစဉ်ဖြစ်ပါတယ်။ The Need for Transport ခန္ဓာကိုယ်အနှံ့ သယ်ယူပို့ဆောင်ရာတွင် လိုအပ်ချက်များ၊ Features of Mass Transport System ခန္ဓာကိုယ်တစ်လျှောက်ရှိ အရာဝတ္ထုများကို ရွှေ့ပြောင်းရန် ထိရောက်မှုရှိသည့် Mass Transport System ၏ လက္ခဏာရပ်များကို လေ့လာကြရမှာဖြစ်ပါတယ်။ CIRCULATORY SYSTEM သွေးလည်ပတ်မှုစနစ်တွင် Open circulatory system (အစွန်းဖွင့်သွေးကြော open-ended vessels များမှတစ်ဆင့် ပတ်ဝန်းကျင်တစ်ရှူးများနှင့်အ င်္ဂါများကို သွေးတိုက်ရိုက်ရောက်ရှိသောစနစ်)နှင့် Closed circulatory system(နှလုံးမှ ညှစ်ထုတ်ပေးသည့်သွေးသည် (Blood vessels)  သွေးလွှတ်ကြောများ၊ သွေးပြန်ကြောများနှင့် ဆံခြည်မျှင်သွေးကြောများ၏ စဉ်ဆက်မပြတ် သွေးကြောကွန်ရက်အတွင်း စီးဆင်းလှည့်ပတ်နေသော သွေးလည်ပတ်မှုစနစ်)ဟူ၍ အဓိကအမျိုးအစားနှစ်မျိုးရှိကြောင်း သိရှိရမှာဖြစ်ပါတယ်။

CARDIOVASCULAR SYSTEM IN  MAMMALS နို့တိုက်သတ္တဝါများ၏ နှလုံးသွေးလည်ပတ်မှုတွင် သွေးကြောများမှတစ်ဆင့် သွေးများရွေ့လျားနိုင်ရန်  ရေပန့်စက်ကဲ့သို့ ဆောင်ရွက်ပေးသည့် နှလုံး၏ဖွဲ့စည်းတည်ဆောက်ပုံ (The Structure of the Heart)၊ The Blood Vessels သွေးလွှတ်ကြော၊ သွေးပြန်ကြော၊ ဆံခြည်မျှင်သွေးကြောများ၊ The components of the Blood  သွေးတွင်းပါဝင်ပစ္စည်းများ၊  The  Clotting of the Blood ထိခိုက်ဒဏ်ရာရသည့်နေရာမှာ သွေးတိတ်စေသောဖြစ်စဉ်၊ The Cardiac Cycle နှလုံးခုန်ခြင်းဖြစ်စဉ်၊ Control of Heart Beat နှလုံးခုန်နှုန်းအားထိန်းချုပ်ခြင်းအကြောင်းအရာများနဲ့ LYMPHATIC SYSTEM မှာတော့ တစ်ရှူးများမှ ပြန်ရည် (Lymph)များသည် သွေးထဲသို့ ပြန်ရည်ကြောမျှင် (Lymphatic capillaries)များမှတစ်ဆင့် စီးဆင်းသည့် တစ်ရှူးရည်၏အခန်းကဏ္ဍများကို လေ့လာမှတ်သားကြရမှာဖြစ်ပါတယ်။

Chapter 4 DISEASES IN PLANTS  AND ANIMALS   တွင် PLANT DISEASES အပင်ရောဂါများကို အများအားဖြင့် ပုံမှန်မဟုတ်သောကြီးထွားမှု (abnormal growth) နှင့် သို့မဟုတ် အပင်၏ ကမောက်ကမဖြစ်မှု (dysfunction)အဖြစ် သတ်မှတ်ပါတယ်။ Biotic diseases သက်ရှိများ (ဥပမာ- မှို၊ ဗက်တီးရီးယားနှင့် ဗိုင်းရပ်စ်များ)ကြောင့်ဖြစ်သည့် အပင်ရောဂါအမျိုးအစားများနှင့် Abiotic diseases သက်ရှိမဟုတ်သော ပတ်ဝန်းကျင်အခြေအနေများ (ဥပမာ-မြေဆီလွှာကျစ်ခြင်း၊ လေ၊ နှင်းခဲ၊ မြေဆီလွှာဆားပေါက်ပျက်စီးခြင်း၊ အမြစ်ထွက်မှုပုံမမှန်ခြင်း)ကြောင့်ဖြစ်သည့်  အပင်ရောဂါအမျိုးအစားများကို သိရှိကြရပါမယ်။ Disease Causing Factors ရောဂါဖြစ်စေသော အကြောင်းရင်းများ၊ အပင်ရောဂါများ၏ Signs and Symptoms ရောဂါလက္ခဏာများ၊ Types  of Pathogens အပင်ရောဂါပိုးအမျိုးအစားများနှင့် Control of Plant Diseases အပင်များတွင် ကျရောက်သော ရောဂါပိုးမွှားများကို ထိန်းချုပ် ခြင်းများအား ကဏ္ဍအလိုက် သင်ကြားကြရမှာဖြစ်ပါတယ်။ ANIMAL  DISEASES ဆိုသည်မှာ  ခန္ဓာကိုယ် (သို့မဟုတ်)  စိတ်၏နာမကျန်းမှုကိုဖြစ်စေသော ရောဂါများကိုဆိုလိုပါတယ်။ ANIMAL DISEASE များကို မကူးစက်နိုင်သော ရောဂါအမျိုးအစားများ Non-infectious Diseases နှင့် ကူးစက်နိုင်သောရောဂါ အမျိုးအစားများ  Infectious Diseases ဟုခွဲခြားနိုင်ပါတယ်။ မကူးစက်နိုင်သောရောဂါအမျိုးအစားများ Non-infectious Diseases တွင် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ကာကွယ်ခြင်းနှင့် ကုသခြင်းဆိုင်ရာ အကြောင်းအရာများ ပါဝင်ကြပါတယ်။ 

ကူးစက်နိုင်သော ရောဂါအမျိုးအစားများ Infectious Diseases တွင် နမူနာအဖြစ် ငှက်ဖျားပိုး Plasmodium ကူးစက်ခြင်း၊ ငှက်ဖျားပိုး၏ ဇီဝစက်ဝန်း Life cycle of Plasmodium၊ ငှက်ဖျားရောဂါကုသခြင်း၊ ကာကွယ်ခြင်း၊ ကမ္ဘာတစ်ဝန်းငှက်ဖျားရောဂါ ထိန်းချုပ်မှုအကြောင်းအရာများကို စိတ်ဝင်စားဖွယ် လေ့လာကျက်မှတ်ကြရမှာဖြစ်ပါတယ်။

Chapter 5 COORDINATION AND RESPONSE သည် အပင်နှင့် တိရစ္ဆာန်များ၏ ပေါင်းစပ်ညှိနှိုင်းမှု၊ တုံ့ပြန်မှုများနှင့် သက်ဆိုင်သည့် အကြောင်းအရာများပါဝင်ပြီး COORDINATION AND RESPONSE IN PLANTS အပင်၏  အစိတ်အပိုင်းများအကြား  ပေါင်းစပ်ညှိနှိုင်းမှုနှင့် တုံ့ပြန်မှု၊ အပြန်အလှန်အကျိုးသက်ရောက်ပုံ အကြောင်းအရာများကို စိတ်ဝင်စားဖွယ် လေ့လာကြရမှာဖြစ်တယ်။ PLANT GROWTH AND DEVELOPMENT တွင် Plant Growth Regulators များဖြစ်သော အပင် ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၏ ရှုထောင့်အမျိုးမျိုးကို ထိန်းချုပ်သည့် အဓိက အပင်ဟော်မုန်းအမျိုးအစားငါးမျိုးဖြစ်တဲ့ Auxins, gibberellins, cytokinins, ethylene နှင့် abscisic acid တို့ကို သိရှိရမှာဖြစ်ပြီး ဤဟော်မုန်းတစ်ခုစီဟာ  အပင်ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုအပေါ်  တိကျ သော အကျိုးသက်ရောက်မှုများရှိကြတယ်။ Seed Dormancy အစေ့ငုပ် ခြင်း၊ Seed Germination အစေ့ပေါက်ခြင်းအမျိုးအစား   သုံးမျိုး၊ Photoperiodism ပန်းပွင့်စေရန် အပင်မှလိုအပ်သော အလင်းနှင့် အမှောင်ကာလ၊  အလင်းကာလပေါ်မူတည်၍ အပင်အမျိုးအစား သုံးမျိုးခွဲခြားခြင်း၊ Photomorphogenesis အပင်များ အလင်းရောင်ကို တုံ့ပြန်ပြီး ကြီးထွားသည့်ဖြစ်စဉ်နှင့် အရေးပါပုံ  စသည့်အကြောင်းအရာ များကို စိတ်ဝင်စားစွာ လေ့လာကြရမှာဖြစ်ပါတယ်။ COORDINATION AND RESPONSE IN ANIMALS တိရစ္ဆာန်များ၏ ညှိနှိုင်းခြင်းနှင့် တုံ့ပြန်မှုအပိုင်းမှာ ပတ်ဝန်းကျင်၏လှုံ့ဆော်မှုများကို ညှိနှိုင်းတုံ့ပြန်နိုင်စွမ်းသည် အသက်ရှင်ရပ်တည်မှုအတွက် အရေးကြီးပြီး ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင် နိုင်စေရမှာဖြစ်တယ်။  Human Nervous System တွင် လူ့အာရုံကြော စနစ်တည်ဆောက်ပုံ Structure of Neurones မတူညီသော Neurones အမျိုးအစားများနှင့် ၎င်းတို့၏လုပ်ငန်းများ၊ Synapses ၏ တည်ဆောက် ပုံနှင့် လုပ်ဆောင်ချက်များ၊ SENSE ORGANS သက်ရှိများ အသက်ရှင် ရပ်တည်နိုင်ရန် ပတ်ဝန်းကျင်၏ ပြောင်းလဲမှုများကိုသိရှိပြီး သင့်လျော် စွာ တုံ့ပြန်ရမည်ဖြစ်ပြီး အပြောင်းအလဲများကို ထောက်လှမ်းရန် လူသားများနှင့် အခြားသက်ရှိများတွင် အဆင့်မြင့်ဖွံ့ဖြိုးစွာ ပါရှိနေသည့် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာနှင့် အရေပြားတို့ကဲ့သို့သော အာရုံခံအင်္ဂါများမှ Structure of human eye and mechanism of vision လူ့မျက်လုံးဖွဲ့စည်းပုံနှင့် အမြင်အာရုံဆိုင်ရာယန္တရား၊ THE ENDOCRINE SYSTEM ၌ Endocrine glands and Hormones လူ့ခန္ဓာကိုယ်ရှိ endocrine ဂလင်းများ၏တည်နေရာနှင့် ဟော်မုန်းများ၏ အခန်းကဏ္ဍ၊ Comparison between Nervous System and Endocrine System လူ့ခန္ဓာကိုယ်ရှိ အာရုံကြောစနစ်နှင့် endocrine စနစ်အကြား နှိုင်းယှဉ်လေ့လာမှုဇယားစသည့်ခေါင်းစဉ်များကို သေချာစွာ လေ့လာကျက်မှတ်ကြရမှာဖြစ်ပါတယ်။

Chapter 6 BIODIVERSITY AND CONSERVATION သင်ခန်းစာမှာ ဤစာအုပ်၏ နောက်ဆုံးအခန်းဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ရေးအကြောင်းဖြစ်၍ သဘာဝတွင် ဇီဝမျိုးစုံမျိုးကွဲများသည် အဘယ်ကြောင့်အရေးကြီးရသနည်းဆိုသည့် အကြောင်းအရာ၊ အချက်အလက်များကို သေချာစွာမှတ်သားကြရမှာဖြစ်ပါတယ်။ 

ဇီဝမျိုးစုံမျိုးကွဲဆိုသည်မှာ  ဂေဟစနစ်တစ်ခုအတွင်းရှိ သက်ရှိပုံစံများ၏  ကွဲပြားမှုအတိုင်းအတာအဖြစ်  အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။   ဇီဝမျိုးစုံမျိုးကွဲများ ဟန်ချက်ညီစွာရှင်သန်ကြီးထွားပေါက်ဖွားနိုင်မှုကို ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းသည် သက်ရှိများ၏ ဘဝရှင်သန်နေထိုင်မှုနှင့် သဘာဝဂေဟစနစ်နှစ်ခုလုံးတွင် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ Levels of Biodiversity ဇီဝမျိုးစုံတို့၏  မတူကွဲပြားသောအဆင့်များ၊ Importance of Biodiversity ဇီဝမျိုးစုံမျိုးကွဲများ၏ အရေးပါမှု၊ Biodiversity in Myanmar တွင် မြန်မာနိုင်ငံရှိ သစ်တောအမျိုးအစားForest Diversity များနှင့် Endangered Species မျိုးသုဉ်းလုနီးပါးဇီဝမျိုးစိတ်များ၊ THREATS TO BIODIVERSITY  ဇီဝမျိုးစုံမျိုးကွဲများအား  မျိုးသုဉ်းလုနီးပါး ခြိမ်းခြောက်ခံနေရသော   အကြောင်းတရားများဖြစ်တဲ့    Habitat Destruction ဇီဝမျိုးစုံမျိုးကွဲများ၏   နေထိုင်ရာများပျက်စီးခြင်း၊ Invasive Alien Species (IAS) ဒေသရင်းမဟုတ်သော မျိုးစိတ်များ ဝင်ရောက်လာခြင်း၊ Genetic Pollution ဗီဇညစ်ညမ်းမှုဖြစ်ခြင်း(ဥပမာ-မျိုးစပ်ခံရခြင်း၊ မျိုးရိုးဗီဇရောယှက်ခြင်း)၊ Overexploitation ဇီဝမျိုးစုံမျိုးကွဲမျိုးစိတ်များအား အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ Climate Change ထိုသို့အလွန်အကျွံထုတ်ယူသုံးစွဲခြင်း အကျိုးဆက်ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲလာခြင်း၊  Human Overpopulation လူဦးရေတိုးမြင့်ထူထပ်လာခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ပဋိပက္ခများဖြစ်ပေါ်လာခြင်း၊ Wildlife Trade သဘာဝတောရိုင်းသက်ရှိများနှင့် ၎င်းတို့မှ ထုတ်လုပ်သောပစ္စည်းများကို တရားမဝင်ရောင်းဝယ်ခြင်း စတဲ့အကြောင်းအရာများကြောင့် ကမ္ဘာမြေ၏ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရေး CONSERVATION အတွက် အမျိုးမျိုးသောအစီအမံများနှင့် In situ နှင့် ex situ ကဲ့သို့သော ကာကွယ်ထိန်းသိမ်းရေး နည်းလမ်းများအကြောင်း အသိပညာပေးမြှင့်တင်ခြင်းနှင့်      မြန်မာနိုင်ငံတွင်  တည်ထောင်ထားသော  သဘာဝထိန်းသိမ်းရေးနယ်မြေ (Protected Areas)များ၏ အမျိုးအစားနှင့်တည်နေရာများကို ကဏ္ဍအလိုက် စိတ်ဝင်စားစွာ လေ့လာကျက်မှတ်ကြရမှာဖြစ်ပါတယ်။

Grade  12 ဇီဝဗေဒဘာသာရပ်ရဲ့မေးခွန်းပုံစံမှာ Section- A နှင့် Section- B နှစ်ပိုင်း ဖြစ်ပါတယ်၊ Section – A မှာပါဝင်တဲ့ မေးခွန်း နံပါတ်(၁)၊ (၂)၊ (၃) နှင့် Section – B မှာပါဝင်တဲ့ မေးခွန်းနံပါတ် (၄)၊ (၅)တို့ဖြင့် စုစုပေါင်း  ငါးပုဒ်ပါရှိမှာဖြစ်ပါတယ်။    အမှတ်ခွဲဝေမှုမှာ Section- A အတွက် (၃၀) မှတ်၊ Section- B အတွက် (၇၀) မှတ် ဖြစ်ပါတယ်။ 

Grade 12 ဇီဝဗေဒဘာသာရပ်ကို  မေးခွန်းဖွဲ့စည်းတည်ဆောက်ရာမှာ Grade 12 Biology Textbook မှ Chapter 1 - 6 အထိ ပါဝင်ကြတဲ့ ရုက္ခဗေဒနှင့် သတ္တဗေဒဘာသာရပ်များမှ အကြောင်းအရာများအား မေးခွန်းအမှတ်စဉ် (Question No. 1 - 5)များအတွက် Chapter အစဉ်လိုက် မေးခွန်းတည်ဆောက်မှာဖြစ်ပါတယ်။ မေးခွန်းများသည် ကျောင်းသား ကျောင်းသူများအတွက် သင်ယူခြင်းနဲ့ ပူးပေါင်းဆောင်ရွက် ခြင်း၊ ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်းနဲ့ ပြဿနာဖြေရှင်းခြင်း၊ တီထွင် ဖန်တီးမှုနဲ့ ဆန်းသစ်မှုအရည်အသွေးများ ကောင်းမွန်မြင့်မားမှုကို ဦးတည်၍ လွယ်ကူလွန်းခြင်း၊ ခက်ခဲလွန်းခြင်းမရှိစေဘဲ ကျောင်းသား ကျောင်းသူများ၏ အရည်အချင်းအလိုက် လျော်ညီစွာဖြေဆိုနိုင်မည့် မေးခွန်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားမှာ ဖြစ်ပါတယ်။

Section – A မှာပါဝင်တဲ့ မေးခွန်းနံပါတ် (၁)၊ (၂) နဲ့ (၃) မှာ လုံးဝ  ရွေးချယ်ဖြေဆိုပိုင်ခွင့် မရှိပါဘူး။ 

မေးခွန်းနံပါတ် (၁) အမှား (သို့မဟုတ်) အမှန် ဖြေဆိုခြင်း (TRUE or FALSE)  မေးခွန်းပုဒ်ခွဲငယ် (၁၀) ခု No. (i - x) အတွက် တစ်ခုလျှင် တစ်မှတ်စီဖြင့်  ပေးမှတ် (၁၀)မှတ်ဖြစ်ပါတယ်။  TRUE or FALSE statements ဖော်ပြချက်တွေဟာ Grade 12 Biology မှာ ပြဋ္ဌာန်း ထားတဲ့အကြောင်းအရာများအပေါ်  နားလည်သဘောပေါက်မှုကို အခြေခံပြီး ဦးစားပေး မေးထားတာဖြစ်ပါတယ်။ ကောက်နုတ်ထားတဲ့ Statement များအနေနဲ့ ဖတ်စာအုပ်မှ တိုက်ရိုက်ကောက်နုတ်ထား တာရှိသလို Own construction နဲ့မေးထားတဲ့ statement များလည်း ပါရှိမှာ ဖြစ်ပါတယ်။ မေးခွန်းနံပါတ် (၁)  TRUE or FALSE statements ကို ဖြေဆိုဖို့ Statement ဟာ  အားလုံးမှန်ကန်ပြီး မိမိသိရှိထားတဲ့ အကြောင်းအရာနဲ့ ကိုက်ညီရင် TRUE ဖြစ်ပြီး ကွဲလွဲမှုရှိရင် FALSE ဖြစ်၍ အဖြေများကို all capital letter နဲ့ရေးလျှင် ပိုကောင်းပါတယ်။ သို့သော် မည်သို့ပင်ဖြေဖြေ အဖြေမှန်လျှင်အမှတ်ရမည်ဖြစ်ပြီး အဖြေ နှစ်မျိုးရေးခဲ့လျှင် လုံးဝအမှတ်မပေးပါ။ 

မေးခွန်းနံပါတ် (၂) ကွက်လပ်ဖြည့်ခြင်း (Completion)တွင် မေးခွန်းပုဒ်ခွဲငယ် (၁၀) ခု No. (i - x) အတွက်တစ်ခုလျှင် တစ်မှတ်စီဖြင့် ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။  မေးခွန်းနံပါတ် (၂) ရဲ့ Completion statement များအတွက် ကွက်လပ်ချန်ထားတဲ့ နေရာမှာ မှန်ကန်တဲ့ အဖြေစကားလုံး (Word)  (၁)လုံးကိုသာ  စာလုံးပေါင်း (Spelling) မှန်မှန်နဲ့ ဖြေဆိုပေးရမှာဖြစ်ပါတယ်။ ဖြည့်စွက်မည့် အဖြေစကားလုံးရဲ့ Tense ကိုဂရုစိုက်ဖို့လိုသလို သိပ္ပံအမည်များ (Scientific name) ကို ရေးသားဖော်ပြခိုင်းရင်တော့ မျိုးစု (Genus)၏ အစစာလုံးကို Capital letter နဲ့ စရေးပြီး ‘Genus နှင့် species’ တစ်ခုစီကို မျဉ်းသားပေးဖို့လို အပ်ပါတယ်။ စာလုံးပေါင်းများကိုလည်း အမှားအယွင်းမရှိအောင် သတိထားပြီး ရေးသားကျက်မှတ်ရပါမယ်။ 

မေးခွန်းနံပါတ် (၃) အဖြေမှန်ရွေးချယ်ခြင်း (Multiple Choice) တွင် မေးခွန်းပုဒ်ခွဲငယ် (၁၀) ခု (i - x) အတွက် တစ်ခုလျှင် တစ်မှတ်စီ ဖြင့် ပေးမှတ် (၁၀) မှတ် ဖြစ်ပါတယ်။ မေးခွန်းနံပါတ် (၃) Multiple Choice ဖြေဆိုရာမှာ အဖြေမှန် (Correct answer) ကို ရွေးချယ်ရန် စကားလုံး (၄) လုံး (A, B, C, D) ထဲက တစ်လုံးကို ပုဒ်ခွဲငယ်နံပါတ်နဲ့အတူ ဖော်ပြဖြေဆိုရမှာဖြစ်တယ်။ အဖြေမှန် စကားလုံးကို ရေးသားဖော်ပြ ရန်မလိုပါ။

 မေးခွန်းနံပါတ် (၁)၊ (၂)၊ (၃) Objectives မေးခွန်းတွေ ဖြေဆို ရာမှာ စာကြောင်း (Statements) များကို ပြန်ကူးရေးစရာ မလိုပါဘူး။ Objectives Statements (၃၀)ကို မှန်ကန်အောင်ဖြေဆိုနိုင်ဖို့ကတော့ ကျောင်းသား ကျောင်းသူများအနေနဲ့ ပြဋ္ဌာန်းစာအုပ်ပါ အကြောင်းအရာ တွေကို နှုတ်တိုက်ကျက်မှတ်မည့်အစား အကြောင်းအရာရဲ့အနှစ်သာရကို အဓိပ္ပာယ်ရှိစွာနဲ့ ဆက်စပ်တွေးခေါ်ပြီး သဘောပေါက်နားလည်အောင် မှတ်သားထားမှသာ လွယ်လင့်တကူဖြေဆိုနိုင်မှာဖြစ်တယ်။ Objectives မေးခွန်းတွေဟာ နားလည်သဘောပေါက်မှုနဲ့ စဉ်းစားတွေးခေါ်ယူဆမှု ကို အခြေခံတဲ့အတွက် သေချာလေ့လာမှတ်သားဖို့ လိုတယ်။ အဓိက ပါဝင်တတ်တဲ့ မေးခွန်းတွေက ပြဋ္ဌာန်းစာအုပ်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက် (Definition)များနှင့် Statements များ ဖြစ်တယ်။ ရွေးချယ်ဖြေဆိုစရာ မရှိတဲ့အတွက် အမှတ်ပြည့်ရလိုသူများအနေနဲ့  Grade 12  Biology ပြဋ္ဌာန်းစာအုပ် တစ်အုပ်လုံးကို ခြုံငုံလေ့လာဖတ်ရှုထားဖို့လိုပါမယ်။ မေးခွန်းနံပါတ် ၁၊ ၂ နဲ့ ၃ Objectives မေးခွန်းမျိုးကို ဖြေတဲ့အခါ ပထမဆုံး ဆင့်ပွားမေးခွန်းငယ်နံပါတ်များအား မှားတပ်ခြင်း၊ နံပါတ် ပိုခြင်း၊ လိုခြင်း မရှိစေရန် ဂရုစိုက်ဖို့နဲ့ နံပါတ်ရေးချပြီးမှ Statements များကို သေချာစွာဖတ်ရှုပြီး မိမိအနေနဲ့ သေချာမှန်ကန်တဲ့အဖြေများကို သက်ဆိုင်ရာနံပါတ်ဘေးမှာ ဖြေဆိုဖို့ လိုအပ်ပါတယ်။ 

Section – B မှာ မေးခွန်းနံပါတ် (၄) မေးခွန်းတို No. 4 (Short questions)နဲ့ မေးခွန်းနံပါတ် (၅) မေးခွန်းရှည် No. 5 (Long questions) တွေ ပါဝင်မှာဖြစ်ပါတယ်။

မေးခွန်းနံပါတ် (၄) တွင် မေးခွန်းပုဒ်ခွဲငယ် (၆) ပုဒ် (a – f) အတွက် ပုဒ်ခွဲငယ် တစ်ခုလျှင် ငါးမှတ်စီဖြင့် ပေးမှတ် (၃၀)မှတ် ဖြစ်ပါတယ်။ မေးခွန်းနံပါတ် (၄)အတွက် (Answer ALL questions) မေးခွန်းအားလုံး ကို ဖြေဆိုရမှာဖြစ်ပြီး လုံးဝရွေးချယ်ပိုင်ခွင့်မရှိပါဘူး။ မေးခွန်းနံပါတ် (၄) မေးခွန်းတိုဖြေဆိုရာမှာ မေးခွန်းတွေကို သေချာစွာဖတ်ရှုပြီး တိုတို နဲ့လိုရင်းကိုသာ ဖြေဆိုရမှာဖြစ်တဲ့အတွက် မေးခွန်းကမေးထားတဲ့အဖြေ ပေါ်မူတည်၍ ကိုက်ညီမှန်ကန်မှုရှိသည့်ဖြေဆိုမှု ပြုလုပ်နိုင်ရန် လိုအပ် ပြီး သို့မှသာ အမှတ်ပြည့်ရရှိနိုင်မှာဖြစ်ပါတယ်။ 

မေးခွန်းနံပါတ် (၅) (Long questions) တွင် (Answer any FOUR questions)ဟူ၍ ရွေးချယ်ပိုင်ခွင့်ရှိသည့် မေးခွန်းပုဒ်ခွဲငယ် (၆)ပုဒ် No. (a – f) မေးထားပြီး နှစ်သက်ရာ (၄)ပုဒ်အား ရွေးချယ်ဖြေဆိုရမှာဖြစ် ပါတယ်။ မေးခွန်းရှည် (Long questions)မှာ ဘာသာရပ်ဆိုင်ရာ တတ်ကျွမ်းနားလည်မှုကို ဖြေဆိုရမှာဖြစ်ပြီး ဆက်လက်လေ့လာမည့် အဆင့်မြင့်ဘာသာရပ်များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါ တယ်။  မေးခွန်းနံပါတ် (၅) မှာ ရွေးချယ်ဖြေဆိုပိုင်ခွင့်ရှိတဲ့ မေးခွန်းမျိုး ကို ဖြေဆိုရာတွင် မိမိကျွမ်းကျင်စွာ ဖြေဆိုနိုင်မည့်၊ အမှတ်ပြည့်ရနိုင်မည့် မေးခွန်းမျိုးကို ရွေးချယ်ဖြေဆိုကြရန်နှင့် မေးခွန်းအရွေးမမှားစေဖို့ အထူးသတိပြုကြရန် အရေးကြီးပါတယ်။ မေးခွန်းတွေမှာ ပုံဆွဲခိုင်းခဲ့ရင် အချိုးကျသပ်ရပ်တဲ့ပုံနဲ့ အညွှန်း(Labels)မျဉ်းအတွက် ခဲတံကို အသုံး ပြုပြီး ပြည့်စုံမှန်ကန်တဲ့ အညွှန်း Labels နဲ့ ပုံခေါင်းစဉ် Caption တွေ အတွက် ဘောလ်ပင်နဲ့တပ်ပေးလျှင် ပိုကောင်းပါတယ်။ ဒါ့ကြောင့် သင်ခန်းစာများကို လေ့လာတဲ့အခါ သရုပ်ဖော်ပုံနဲ့တွဲပြီး လေ့လာဖို့ လိုသလို Word diagram နဲ့   Table များကိုပါလေ့လာဖို့လိုတယ်။

Grade 12 Biology Textbook တွင် တိကျသော ရောင်စုံပုံချပ်များ  precise    colourful   diagrams,    ဓာတ်ပုံမိုက်ခရိုဂရပ်များ photomicrographs,  figures and charts, Chapter တစ်ခုချင်းစီ၏ အဆုံးတွင် နမူနာမေးခွန်းများ၊ ဝေါဟာရအသုံးအနှုန်းအခက်အခဲများ ကို ကျော်လွှားရန် GLOSSARY များ ပါဝင်ကြပါတယ်။ ကျောင်းသား ကျောင်းသူများသည် Grade 12 Biology Textbook မှာပါဝင်တဲ့ အကြောင်းအရာတွေကို သေချာကျေညက်အောင်လေ့လာပြီးတဲ့နောက်  ဇီဝဗေဒ၊ ဇီဝဗေဒနှင့် ဆက်နွှယ်လျက်ရှိသည့် သက်ဆိုင်ရာ အသက်မွေး ဝမ်းကျောင်း ပညာရပ်နယ်ပယ်များတွင် ဆက်လက်လေ့လာရန် အရည် အချင်းပြည့်မီသူများဖြစ်လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

            နိဂုံးချုပ်အနေနဲ့စာမေးပွဲဖြေဆိုတဲ့အခါ -

-          မေးခွန်းမှာ Mention / Name / List နဲ့စထားရင် အမည်များ ဖော်ပြဖြေဆိုရန်။

-          Enumerate နဲ့စရင် အမှတ်စဉ်ထိုး၍ ဖြေဆိုရန်။

-          Define နဲ့စရင် အဓိပ္ပာယ်သတ်မှတ်ရန်။

-          What / How / Cite / Give / State / Describe / Discuss/      Explain  / Clarify /  Write နဲ့စထားရင်  ရေးပါ၊   ရှင်းပြပါ၊ ဖြေရှင်းပါ၊  ဆွေးနွေးပါ၊  ဖော်ပြပါ၊ ဘယ်လိုနားလည်သလဲ အစရှိတဲ့ မေးခွန်းတွေကို စာသားအားဖြင့် အဖြေထုတ်ရန်။

-          Distinguish / Classify / Differentiate နဲ့စရင်   အုပ်စုနှင့် အမျိုးအစားတို့ကို ခွဲခြားပြရန်။

-          Comparative / Compare and contrast / versus နဲ့ မေး ထားရင် နှိုင်းယှဉ်ဖြေဆိုရန်။

-          Give  a table / Tabulate နဲ့စရင်  ဇယားဆွဲ၍ ဖြေဆိုရန်။

-          Give a word diagram နဲ့စရင် စကားလုံးများကို အညွှန်းမြား တန်းဖြင့် ချိတ်ဆက်ဖော်ပြရန်။

-          Draw / Illustrate / illustration / drawing / diagram နဲ့ မေးထားရင် သရုပ်ဖော်ပုံဆွဲပေးရန်။

-          Provide labels and caption နဲ့စရင်  ပုံကိုပြန်ကူးဆွဲစရာမလိုဘဲ အညွှန်းမြားဖြင့် ညွှန်ပြသောနေရာကို အမည်ဖော်ပေး ရန်နှင့်  ပုံခေါင်းစဉ်တပ်ပေးရန်ဖြစ်ပြီး  နောက်ဆက်တွဲမေးသည့် မေးခွန်းရှိခဲ့လျှင် မကျန်ရစ်အောင်ဖြေဆိုရန် သတိပြုပါ။ 

-          မေးခွန်းကိုသေချာစွာဖတ်ပါ၊ နားလည်သဘောပေါက်အောင် ဖတ်ပြီးမှဖြေဆိုပါ။

-          အဖြေလွှာရဲ့သတ်မှတ်ထားတဲ့နေရာမှာ ခုံနံပါတ်ကိုမှန်အောင် တပ်ပါ။     

-          အဖြေလွှာပေါ်ကညွှန်ကြားချက်များကို  သေချာစွာလိုက်နာပါ။   

-          ဖြေဆိုမည့်မေးခွန်းနံပါတ်ကို  ဘေးမျဉ်းအတွင်း  မှန်အောင်တပ်ပြီးမှဖြေဆိုပါ။                                                                             

-          ဖြေဆိုပြီးအဖြေများ မှန်ကန်မှု ရှိ၊ မရှိ ပြန်လည်စစ်ဆေးပါ။

-          အမှတ်များများလိုချင်ရင် ပြဋ္ဌာန်းစာအုပ်ပါ အခန်း (၆) ခန်း လုံးကို စေ့စပ်သေချာစွာ သိထားရမှာဖြစ်ပါတယ်။

ယခုတင်ပြခဲ့တဲ့ အကြံပြုချက်များကို လိုက်နာပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့်  ကျောင်းသား ကျောင်းသူများ  ဇီဝဗေဒ ဘာသာရပ်ကို ဂုဏ်ထူးမှတ်များနဲ့ ထူးထူးချွန်ချွန် အောင်မြင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသူ ကျောင်းသားများအားလုံး ထူးချွန် စွာ အောင်မြင်ကြပါစေ။

ဒေါက်တာသက်သက်မာဝင်း၊  ပါမောက္ခ(ဌာနမှူး)၊ ရုက္ခဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်

Subject-Image

  • ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အထောက်အကူပြု ဇီဝဗေဒဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ

Posted-Date