မျက်မှောက်ကာလ အီရန်နှင့်အရှေ့အလယ်ပိုင်းရေးရာ

အမေရိကန်နှင့်အစ္စရေးတပ်ဖွဲ့များ၏ ကျူးကျော်ဝင်ရောက်လာနိုင်မှုအတွက် အသင့်ပြင်ဆင်ထားဟုဆိုလာသည့်အီရန်

အီရန်အနေဖြင့် လက်ရှိတွင် နိုင်ငံ၏နယ်စပ်များကို ထိန်းချုပ်ထားပြီး အမေရိကန်နှင့် အစ္စရေးတပ်ဖွဲ့များ၏ ကျူးကျော် ဝင်ရောက်လာနိုင်မှုအတွက် အသင့်ပြင်ဆင်ထားကြောင်း     အီရန်အစိုးရ သတင်းပြန်ကြားရေးကောင်စီအကြီးအကဲ အီလီယက်ဟက်ရာတီက မတ်လ ၈ ရက်တွင် ပြောကြားလိုက်သည်။

အီရန်အစိုးရသည် နိုင်ငံ၏နယ်စပ်များကို  ထိန်းချုပ်ထားပြီး ဖြစ်သောကြောင့် အမေရိကန်နှင့် အစ္စရေးမြေပြင်တပ်ဖွဲ့များ၏ ဝင်ရောက်ကျူးကျော်မှုကိုရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု    ဟက်ရာတီ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားသတင်းဌာနတစ်ခုက ဖော်ပြထားသည်။

ထို့ပြင် အီရန်နိုင်ငံအနေဖြင့် ဆက်လက်ဖြစ်ပေါ်လာနိုင်သည့်စစ်ပွဲအတွက် ပြင်ဆင်လျက်ရှိပြီး ကာ့ဒ်လက်နက်ကိုင်အဖွဲ့များက စစ်ပွဲအတွင်းပါဝင်လာနိုင်သည့် အလားအလာကိုလည်း ကြိုတင်တွက်ဆလျက်ရှိသည်ကို တွေ့ရသည်။  အကြောင်းမှာ အဆိုပါ  ကာ့ဒ်တပ်ဖွဲ့များသည် စစ်သွေးကြွတိုက်ဖျက်ရေး စစ်ဆင်မှုများအတွင်း အမေရိကန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သောကြောင့်ဖြစ်သည်။

ပြီးခဲ့သည့်  ရက်ပိုင်းအတွင်းကလည်း အမေရိကန်တို့နှင့် ဆက်ဆံရေးကောင်းမွန်နေသည့်  အဆိုပါကာ့ဒ်တပ်များသည် အီရန်နိုင်ငံ အတွင်းသို့   ဝင်ရောက်လာပြီဖြစ်သည်ဟူသော  သတင်းများလည်း ထွက်ပေါ်လာချိန်မှစ၍  အီရန်နိုင်ငံက သတိထားလာခြင်းလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုသို့သော အခြေအနေများအတွင်းမှာပင် အီရန်နိုင်ငံအနေဖြင့် ဆက်လက်ထွက်ပေါ်လာနိုင်သည့် ပြင်းထန်သောစစ်ပွဲများအား အနည်းဆုံးခြောက်လကြာ ဆင်နွှဲနိုင်စွမ်းရှိကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အလီမိုဟာမက်နာအီနီက ပြောကြားထားသည်။

ထို့အတူ လက်ရှိတွင်  အီရန်နိုင်ငံ၏ လက်နက်သိုလှောင်ရုံများအတွင်း၌ ပဲ့ထိန်းဒုံးကျည်များ၊ ခရုစ်ဒုံးကျည်များနှင့် တာဝေးပစ်ဒုံးကျည်များအပါအဝင်    ဒုံးကျည်အမြောက်အမြားရှိနေသေးကြောင်း နာအီနီက ဆက်လက်ပြောကြားထားသည်။ 

လက်ရှိတွင် အမေရိကန်နှင့်အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံအပေါ် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်လျက်ရှိသော်လည်း     အီရန်တပ်မတော်အနေဖြင့် လက်နက်အဖြစ်ထုတ်လုပ်နိုင်သည့် ယူရေနီယံသတ္တုများကို သန့်စင်နိုင်ခြင်းမပြုမီ အီရန်နိုင်ငံအတွင်းသို့ မြေပြင်တပ်ဖွဲ့များ စေလွှတ်ရန် စီစဉ်နေသည်။ 

အမေရိကန်သတင်းဌာနကြီးတစ်ခု၏ ထုတ်ပြန်ချက်အရ အီရန်နိုင်ငံသည် ၆၀ ရာခိုင်နှုန်း   သန့်စင်ပြီးယူရေနီယံများကို ပိုင်ဆိုင်ထားပြီး ၎င်းတို့အားအသုံးပြုခြင်းအားဖြင့် သီတင်းပတ်အနည်းငယ်အတွင်းမှာပင် နျူကလီးယားဗုံး ၁၁ လုံးထုတ်လုပ်နိုင်သည်ဟုဆိုထားသည်။ 

ထို့ကြောင့်  လက်ရှိအခြေအနေကို ကြည့်မည်ဆိုပါက အမေရိကန်နှင့်အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေသော်လည်း စိုးရိမ်မကင်းမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိနေသည်ကို ရှင်းလင်းစွာတွေ့ရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အီရန်၏ အစွမ်းထက်ဒုံးကျည်များက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်၏မဟာမိတ်နိုင်ငံ များအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို အဓိကပစ်မှတ်ထားနေခြင်းကြောင့် အီရန်အနေဖြင့် တစ်စိတ်တစ်ပိုင်းသန့်စင်ပြီး ယူရေနီယံများကို   အသုံးမပြုနိုင်ရေးအတွက် အမေရိကန်နှင့် အစ္စရေးတို့က   မြေပြင်တပ်ဖွဲ့များကို အီရန်သို့ စေလွှတ်ရန် ဆန္ဒပြင်းပြနေခြင်းဖြစ်သည်။

သို့သော် အမေရိကန်နှင့် အစ္စရေးတို့အနေဖြင့် ထိုသို့လုပ်ဆောင်မည်ဆိုပါက သတိကြီးစွာထားရှိရန် စစ်ရေးကျွမ်းကျင်သူများက    သတိပေးထားသည့်အပြင် အမေရိကန်စီအိုင်အေမှ အရာရှိဟောင်းတစ်ဦးကလည်း အီရန်အပေါ်တိုက်ခိုက်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ အမေရိကန်နှင့်အပေါင်းအပါတို့အား သတိထားပြီးလုပ်ဆောင်ရန် အစောပိုင်းကတည်းက အကြံပြုထားသည်။ 

ထို့ကြောင့်   အီရန်နိုင်ငံအတွင်းသို့ မြေပြင်တပ်ဖွဲ့များ  စေလွှတ်မည်ဆိုပါက မည်သို့မည်ပုံ ဆက်လက်ဖြစ်ပွားမည်ကို အမေရိကန်၏  ဥရောပ မဟာမိတ်နိုင်ငံများအပြင် အရှေ့အလယ်ပိုင်းရှိ မဟာမိတ်အာရပ်နိုင်ငံများက စိတ်ဝင်တစားစောင့်ကြည့်နေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

Ref: Iv, Jp

MWD

Subject-Image

  • မျက်မှောက်ကာလ အီရန်နှင့်အရှေ့အလယ်ပိုင်းရေးရာ

Posted-Date