အီရန်စစ်ပွဲသုံးပတ်အတွင်း ပြီးဆုံးမည်ဟု ထရမ့်ပြော
အီရန်စစ်ပွဲသည် သီတင်းပတ်နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်ခြေရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
စွမ်းအင်ထောက်ပံ့မှုများကို အနှောင့်အယှက်ဖြစ်စေပြီး ကမ္ဘာ့စီးပွားရေးကို တုန်လှုပ်စေခဲ့သည့် အီရန်စစ်ပွဲကို အဆုံးသတ်ရန်အတွက် သဘောတူညီချက်တစ်ရပ် ရရှိရန်မလိုကြောင်း ၎င်းက ပြောသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက် အာရက်ချီ (Abbas Araghchi)က အမေရိကန်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ သတင်းစကားများ အပြန်အလှန်ဖလှယ်မှုများရှိနေသော်လည်း မည်သည့်ညှိနှိုင်း ဆွေးနွေးမှု မျိုးမျှ ပြုလုပ်နေခြင်းမရှိကြောင်း ပြောဆိုခဲ့ပြီးနောက် ထရမ့်၏ မှတ်ချက်စကားထွက်ပေါ်လာ ခြင်းဖြစ်သည်။
ယခင်က အီရန်သည် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီချက်ရရန် တောင်းပန်နေသည်ဟု ထရမ့်က ပြောကြားခဲ့ဖူးသော်လည်း မတ်လ ၃၁ ရက်တွင်မူ ၎င်း၏ လေသံကို ပြောင်းလဲခဲ့သည်။
ပဋိပက္ခများကို ရပ်တန့်ရန်အတွက် အမေရိကန်အနေဖြင့် အောင်မြင်သော သံတမန်ရေးရာ ရလဒ်တစ်ခုရှိရန် လိုအပ် မလိုအပ် သတင်းထောက်များက အိမ်ဖြူတော်တွင် မေးမြန်းရာ ထရမ့်က “ အီရန်အနေနဲ့ သဘောတူညီချက်တစ်ခု လုပ်စရာမလိုပါဘူး၊ မလိုအပ်ပါဘူး။ မကြာခင် အချိန်မှာပဲ... ဖြစ်နိုင်ရင် နှစ်ပတ် ဒါမှမဟုတ် သုံးပတ်အတွင်းမှာပဲ အမေရိကန်က တိုက်ခိုက်မှုတွေ အဆုံးသတ်သွားမှာပါ”ဟု ပြောကြားခဲ့သည်။
“သူတို့ ကျောက်ခေတ်ကို ပြန်ရောက်သွားပြီလို့ ကျွန်တော်တို့ ယူဆနိုင်မယ့်အချိန်၊ သူတို့အနေနဲ့ နျူကလီးယား လက်နက် ထုတ်လုပ်နိုင်စွမ်း မရှိတော့မယ့် အချိန်မျိုးကျရင် ကျွန်တော်တို့ တိုက်ခိုက်မှုတွေကို အဆုံးသတ် သွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
အီရန်နိုင်ငံကမူ ၎င်းတို့၏ နျူကလီးယားဆိုင်ရာ လုပ်ဆောင်ချက်များသည် ငြိမ်းချမ်းသော ရည်ရွယ်ချက် အတွက်သာဖြစ်ပြီး နျူကလီးယားလက်နက် ထုတ်လုပ်ရန် မည်သည့်အခါကမျှ ကြိုးပမ်းခဲ့ခြင်းမရှိကြောင်း အစဉ်တစိုက် တုန့်ပြန်ပြောဆိုထားသည်။
လက်ရှိတွင် ဒေသတွင်း ကူးစက်ပျံ့နှံ့နေပြီး လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် အရှေ့အလယ်ပိုင်းပဋိပက္ခ အတွင်းမှ ထရမ့် အနေဖြင့် အလွယ်တကူ ခေါင်းရှောင်ပြီး ထွက်ခွာသွားရန် မလွယ်ကူကြောင်း ကွင်စီ အင်စတီကျု (Quincy Institute)မှ အီရန် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကျွမ်းကျင်သူ ထရီတာ ပါစီ (Trita Parsi) က ပြောကြားခဲ့သည်။
ထို့ပြင်ထရမ့်သည် ဟော်မုဇ်ရေလက်ကြား(Strait of Hormuz)အတွင်း ရေကြောင်းသွားလာမှု လွတ်လပ်ခွင့် ရရှိရေးအတွက် စစ်ရေးအရ ကူညီပေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ကြသည့် မဟာမိတ်နိုင်ငံများအား ပြစ်တင်ဝေဖန်ခဲ့သည်။
“ခင်ဗျားတို့ဟာ ကိုယ့်ဘာသာကိုယ် ဘယ်လိုတိုက်ပွဲ ဝင်ရမလဲဆိုတာကို စတင်သင်ယူရတော့မယ်။ ခင်ဗျားတို့က ကျွန်တော်တို့ဘက်မှာ မရှိခဲ့သလိုမျိုးပဲ၊ အမေရိကန်ကလည်း ခင်ဗျားတို့ကို ကူညီဖို့ နောက်ထပ် ရှိနေတော့မှာ မဟုတ်ဘူး။ အီရန်ကတော့ အခြေခံအားဖြင့် ပျက်စီးသွားပါပြီ။ ခက်ခဲတဲ့အပိုင်းက ပြီးသွားပြီ။ ကိုယ့်ဘာသာကိုယ်ပဲ ရေနံတွေကို ရှာကြပေတော့” ဟု ထရမ့်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
ကိုးကား - CNI International News
