နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သမားရိုးကျလုပ်ကိုင်နေသည့် အဆင့်မှ အဆင့်မြင့်နည်းပညာအသုံးပြုသည့် စက်မှုလယ်ယာလုပ်ငန်းဆီသို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ထိုသို့ ကူးပြောင်းနိုင်မှသာ ကျေးလက်ဒေသများသည်လည်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် နိုင်ငံအတွက် ပဓာနကျသည့် လုပ်ငန်းဖြစ်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ကို နိုင်ငံတော်အစိုးရအနေဖြင့် အားပေးမြှင့်တင်လျက်ရှိသည်။
စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန်အတွက် အဓိကကျသည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းမြှင့်တင်ပြီး သိပ္ပံနည်းကျ စိုက်ပျိုးရေးနှင့် စက်မှုလယ်ယာစိုက်ပျိုးရေးစနစ်သို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ မိရိုးဖလာ စိုက်ပျိုးရေးမှ စနစ်တကျ စိုက်ပျိုးရေးနှင့် စက်မှုလယ်ယာ စိုက်ပျိုးရေးသို့ ကူးပြောင်းမှသာ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ပြီး ပြည်ပသို့ ပိုမိုတင်ပို့နိုင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဧပြီလ ၁၀ ရက်တွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများအား တွေ့ဆုံမှာကြားရာတွင် “စားရေရိက္ခာအတွက် အဓိကကျသည့် ဆန်စပါးကို လယ်မြေအားလုံးတွင် ပန်းတိုင်အထွက်နှုန်းရရှိအောင် စိုက်ပျိုးကြရန် လိုအပ်ပါသည်။ ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက တစ်ချိန်က ဒေသတွင်းတွင် ပြည်ပသို့ ဆန်စပါးတင်ပို့မှု မြင့်မားခဲ့သည့် အခြေအနေကို ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုပါသည်။ ထို့အတူ မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းလာစေရန် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ ထို့ပြင် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲပုပ်၊ နေကြာတို့ကို တိုးချဲ့စိုက်ပျိုးရန်လည်း လိုအပ်ပါသည်” ဟု လမ်းညွှန်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများကို စိုက်ပျိုးခြင်းဖြင့် ပြည်တွင်းစားသုံးမှုလိုအပ်ချက်ကို ပြည့်မီစေနိုင်သော်လည်း လက်တွေ့တွင် ပြည်ပမှ စားအုန်းဆီများကို နှစ်စဉ်နိုင်ငံခြားငွေများစွာ အသုံးပြု၍ တင်သွင်းနေရသည်။ ထို့ကြောင့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း လမ်းညွှန်ပြောကြားထားသည်။ ထို့အပြင် နှမ်းနှင့် နေကြာစိုက်ပျိုးရေးတွင် အထွက်နှုန်းတိုးတက်စေရန် ဝတ်မှုန်ကူးပျားမွေးမြူရေးကို ယှဉ်တွဲလုပ်ဆောင်ပါက ဝတ်မှုန်ကူးမှုကောင်းမွန်လာပြီး အထွက်နှုန်းတိုးတက်လာမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် ပျားရည်ထုတ်လုပ်နိုင်ပြီး တောင်သူများအတွက်လည်း အကျိုးရှိစေမည်ဖြစ်သောကြောင့် ပျားမွေးမြူရေးကို ပူးတွဲလုပ်ဆောင်ရန် တိုက်တွန်းထားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ စီးပွားရေးကဏ္ဍများကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျသည့် လုပ်ငန်းဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ၊ ကျွမ်းကျင်သူများကို မွေးထုတ်၍ လက်တွေ့နယ်ပယ်တွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အနီးကပ်ကြီးကြပ်စီမံဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ နွေစပါးစိုက်ပျိုးသည့် တောင်သူများအတွက် သွင်းအားစုဖြစ်သော ဓာတ်မြေဩဇာများကို အရည်အသွေးမှန်ကန်စွာ အသုံးပြုနိုင်စေရန်နှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ဧပြီလ ၁၉ ရက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောနှုန်းဖြင့် ဓာတ်မြေဩဇာများကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ထို့ပြင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများထံသို့ အထူးသက်သာသောဈေးနှုန်းဖြင့် ပြည်တွင်းထုတ် ဒီဇယ်ဆီများကို လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့သည်။ ယင်းရောင်းချမှုမှာ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရန် ကျန်ရှိသည့် ကျေးရွာများသို့ လုပ်ငန်းခွင်အရောက် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်သည်။
ဓာတ်မြေဩဇာနှင့် ဒီဇယ်ဆီများကို သက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းခွင်အရောက် ရောင်းချပေးခြင်းအားဖြင့် တောင်သူများအနေဖြင့် မိမိတို့၏ လုပ်ငန်းများကို ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်သူများ၏ အခက်အခဲများကို နိုင်ငံတော်အစိုးရက ဖြေရှင်းပေးနေသကဲ့သို့ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် နိုင်ငံ့စီးပွားရေးတိုးတက်မြင့်မားလာစေရန် ကုန်ထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်းလိုက်ရပါသည်။
MWD
