အမိန့်ကြော်ငြာစာများ

နေပြည်တော် ဇွန် ၃

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ပိုမိုချစ်ကြည်ရင်းနှီးစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများအကြား ထိတွေ့ဖလှယ်မှုမြှင့်တင်နိုင်ရေးတို့ကိုရည်ရွယ်၍ “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” ကို ဇွန် ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ဥတ္တရသီရိမြို့နယ် Ocean ဈေးဝယ်စင်တာရှိ JCGV ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

အဆိုပါ ရုပ်ရှင်ပြပွဲတွင် မြန်မာဘာသာစာတမ်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား ၇ ကား ပြသသွားမည်ဖြစ်ရာ ပြည်သူများ အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

moi

Thu, 4-Jun-2026

(၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်)

၁။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ် သွားရောက်ခဲ့သည်။

၂။ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌတို့ လိုက်ပါခဲ့ကြသည်။ ထို့ပြင် စိုက်ပျိုးရေး၊ ဆေးဝါး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် သယ်ယူထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းအပါအဝင် ကဏ္ဍစုံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းအဖွဲ့ဝင်များက မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါခဲ့ကြသည်။

၃။ နိုင်ငံတော်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် ၁-၆-၂၀၂၆ ရက်တွင်တွေ့ဆုံ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လမ်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ အား ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ယင်းနေ့တွင်ပင် နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါတီ မာမူနှင့် တွေ့ဆုံခဲ့သည်။ ယင်းမတိုင်မီ နိုင်ငံတော်သမ္မတအား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာနှင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှရီ အာဂျစ် ဒိုဗယ်တို့က သီးခြားစီ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြသည်။

၄။ နိုင်ငံတော်သမ္မတသည် ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်၊ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် သုဇာတာကျောင်းတော်သို့ ခရီးစဉ်အစဖြစ်သည့် ၃၀-၅-၂၀၂၆ ရက်တွင်သွားရောက်၍ ဖူးမြော်ကြည်ညိုခဲ့သည်။ နှစ်နိုင်ငံအကြား ကာလရှည်ကြာတည်ရှိလျက်ရှိသည့် ကိုးကွယ်ယုံကြည်မှုနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ဆက်နွှယ်မှုများအပြင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုကို ဘာသာရေးအရ အထွတ်အမြတ်ထားရာနေရာများသို့ သွားရောက်ခဲ့သည့်ခရီးစဉ်များက ပိုမိုပေါ်လွင်ထင်ရှားစေခဲ့ပါသည်။

၅။ နိုင်ငံတော်သမ္မတသည် ၃၁-၅-၂၀၂၆ ရက်တွင် နယူးဒေလီမြို့၌ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့် အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (CII)တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ-အိန္ဒိယ စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်ကြီးများသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုခိုင်မာစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နိုင်ငံတော်သမ္မတသည် နွိုင်ဒါဒေသရှိ စွမ်းအင်နည်းပညာ သုတေသနမဟာမိတ်အဖွဲ့ (NETRA) အဆောက် အအုံသို့သွားရောက်၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော စွမ်းအင်တီထွင်ထုတ်လုပ်မှု၊ စွမ်းအင်လေလွင့်မှုမရှိစေဘဲ ထိရောက်စွာ အသုံးချမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အား အချိုးကျပေါင်းစပ် အသုံးပြုမှုနှင့် လျှပ်စစ်ဓာတ်အားလိုင်းစနစ် ကြံ့ခိုင်မှုရှိစေရေးတို့အပါအဝင် အဆင့်မြင့်သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့သည်။

၆။ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတနှင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်းဦးစားပေးမူဝါဒ”၊ “အရှေ့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒ” နှင့် “ဒေသတွင်း ဘေးကင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အပြန်အလှန်အမှီသဟဲပြုလျက်ရှိသော ဘက်စုံလွှမ်းခြုံသည့် မူဝါဒ” များ ဆုံစည်းရာနေရာတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်ဖက်ဆွေးနွေးရာတွင် ကုန်သွယ်ရေးနှင့်စီးပွားရေးအရ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် အရေးကြီးကြောင်း အလေးအနက်ပြောကြားခဲ့ကြသည်။ နှစ်ဖက်လုံးက ဆွေးနွေးလျက်ရှိသည့် နားလည်မှုစာချွန်လွှာများ၏ အခြေအနေကို မှတ်သားထားရှိကြောင်းနှင့် အဆိုပါနားလည်မှုစာချွန်လွှာများ အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၇။ ဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်း၌ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း နှစ်ဖက်လုံးက တူညီသောသဘောထားရှိကြသည်။

၈။ ၂၀၂၆ ခုနှစ်မှစတင်၍ မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆုများကို လက်ရှိပေးအပ်လျက်ရှိသော ပညာသင်ဆု (၃၆) ခုမှ ပညာသင်ဆု (၁၀၀) အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က အသိပေးပြောကြားခဲ့သည်။

၉။ ရူပီး-ကျပ် ငွေပေးချေမှုစနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြပြီး အဆိုပါစနစ်အား ၂၀၂၄ ခုနှစ် မေလတွင် စတင်အသုံးပြုချိန်မှစ၍ ငွေလွှဲပြောင်းမှုပမာဏ တစိုက်မတ်မတ် တိုးတက်လာခဲ့ခြင်းအပေါ် ကျေနပ်အားရကြောင်း ဖော်ပြခဲ့ကြသည်။ မိမိတို့နိုင်ငံ ၏ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရေး အခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်၊ သတ္တုတွင်းကဏ္ဍများကဲ့သို့ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် နယ်ပယ်များတွင် ပိုမိုနီးကပ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံကြောင်း နှစ်ဖက်လုံးက ဖော်ပြခဲ့ကြသည်။

၁၀။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် ထောက်ခံကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။ မိမိတို့၏ အချုပ်အခြာအာဏာပိုင်နယ်မြေကို တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေမည့် မလျော်ကန်သော ဆောင်ရွက်မှုများကို တားဆီးကာကွယ်သွားရန် အရေးကြီးကြောင်း နှစ်ဖက်လုံးက အလေးထားပြောကြားခဲ့ကြသည်။ မြန်မာနိုင်ငံ၏နယ်မြေအား အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကိုထိခိုက်စေရန် အသုံးပြုခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွက် ခိုင်မာပြီးယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်သွားရန် ကတိကဝတ်ဆက်လက်ထားရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြုပြောကြားခဲ့သည်။

၁၁။ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာ ဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုအခြေခံ၍ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်။ အိန္ဒိယနိုင်ငံ၏ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

၁၂။ နိုင်ငံတော်သမ္မတက ၂-၆-၂၀၂၆ ရက်နှင့် ၃-၆-၂၀၂၆ ရက်တို့တွင် မဟာရက်ရှ်ထရာ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ မွမ်ဘိုင်းမြို့ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်မည့်အစီအစဉ်သည် ရှိရင်းစွဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် စီးပွားရေးအရ ချိတ်ဆက်ဆောင်ရွက်မှု တို့ကို ပိုမိုခိုင်မာစေမည်ဟုယုံကြည်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

၁၃။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲ၍ ချစ်ကြည်ရေးနှင့်နီးကပ်သော မိတ်ဖက်အဖြစ် ရပ်တည်မှုကိုလည်းကောင်း၊ နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဘုံတူညီသော ကတိကဝတ်များထားရှိမှုကိုလည်းကောင်း ထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်သည်။ အဆင့်တိုင်းတွင် နီးကပ်စွာ ဆက်လက်ထိတွေ့ဆောင်ရွက်သွားရန် နှစ်ဖက်လုံးက သဘောတူညီခဲ့ကြသည်။

၁၄။ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်သည့်အပေါ် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီအား အထူးပင်ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အား နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံ သို့လာရောက်ရန် ဖိတ်ကြားခဲ့သည်။

နယူးဒေလီ

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်

Tue, 2-Jun-2026

နေပြည်တော် မေ ၃၁

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါဗိုလ်လုပွဲစဉ်အား MRTV HD၊ MRTV Sports၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ဆုချီးမြှင့်ပွဲအခမ်းအနား ပြီးဆုံးသည်အထိ MRTV Sports နှင့် MRTV Entertainment Channel တို့တွင် ဆက်လက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

moi

Mon, 1-Jun-2026

မြန်မာနိုင်ငံသည် နေရောင်ခြည်ကို ပေါကြွယ်ဝစွာရရှိနေသော်လည်း နေရောင်ခြည်စွမ်းအင်အရင်းအမြစ်မှ လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်မှုပမာဏသည် နည်းပါးလျက်ရှိနေပါသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်ယူနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ မဟာဓာတ်အားလိုင်းများအတွင်းသို့ သင့်တင့်သည့် အချိုးအစားဖြင့် ဆိုလာစနစ်အား ထည့်သွင်းနိုင်ရေးနှင့် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆိုလာစနစ်အား တပ်ဆင်အသုံးပြုနိုင်ရေးဟူ၍ နည်းလမ်း ၂ ခုဖြင့် အားပေးဆောင်ရွက်လျက်ရှိနေပါသည်။

ယင်းသို့ဆောင်ရွက်ရာ၌ တွေ့ကြုံနေရသည့် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များ၊ စီမံခန့်ခွဲမှုဆိုင်ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်းဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးရှိထိရောက်သည့် အစီအမံများ၊ စီမံကိန်းများသည် လျင်မြန်စွာ အကောင်အထည်ပေါ်လာမည်ဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လပထမအပတ်အတွင်း ကျယ်ပြန့်စွာကျင်းပနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးအကြံပြုကြပါရန်နှင့် ဆွေးနွေးလိုသည့် ခေါင်းစဉ်များကို အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးပို့ကြပါရန် အသိပေးဖိတ်ခေါ်အပ်ပါသည်-

ဆက်သွယ်ရန် - ဦးမျိုးသန့်ထွန်း၊ ညွှန်ကြားရေးမှူး

လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်

ကွပ်ကဲရေးဦးစီးဌာန

၀၉ ၄၃၀၁၆၆၉၀၊ ၀၆၇ ၃၄၁၀၄၇၁

dgdptsc2021@gmail.com

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

Mon, 1-Jun-2026