နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းကြစို့

Posted_Date

Image

နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းကြစို့

Body

ဂျာမနီနိုင်ငံမှပညာရှင် တစ်ဦးက “နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြစ်ရေအရောင်အဆင်းကို ကြည့်၍ သိနိုင်သည်” ဟု ဆိုခဲ့သည်။ မြစ်ရေနောက်ကျိနေပါက နိုင်ငံ၏စီးပွားရေး စနစ်ကျမှုမရှိ၊ ပတ်ဝန်းကျင်သာယာရေး ထိန်းသိမ်းမှုအားနည်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းသည် သဘာဝအရင်းအမြစ်ကို မလွဲမသွေ သုံးစွဲလျက်ရှိကြသည်။ စက်မှုလုပ်ငန်း မည်မျှပင်ထွန်းကားသည်ဖြစ်စေ လယ်ယာကဏ္ဍကို ပစ်ပယ်ထားခြင်းမရှိသည်ကို တွေ့ရသည်။   စိုက်ပျိုးရေး စည်းစနစ်တကျရှိခြင်း၊ သစ်တောထိန်းသိမ်းပုံ နည်းစနစ်မှန်ကန်ခြင်းတို့၏ အကျိုးရလဒ်ကို မြစ်ရေက သက်သေပြလျက်ရှိနေသည်။

မြေဆီလွှာထိန်းသိမ်းအားကောင်းသော သစ်တောရှိပါက  ရေထုညစ်ညမ်းမှုသက်သာ၏။ သစ်တောရှိ၍ မိုးရွာသည့်အခါ မြေဆီလွှာကို မိုးရေနှင့်အတူ မျောမပါအောင်ထိန်းထားနိုင်သည်။ သစ်တောမရှိလျှင် မိုးရေတို့သည် ရှိသမျှမြေဆီလွှာများအား တိုက်စားပစ်ကြလေသည်။ မြေဆီလွှာအမှုန့်တို့ကို တိုက်စားစီးဆင်းရာမှ ချောင်းငယ်မြောင်းငယ်၊ ထိုမှတစ်ဆင့် မြစ်လက်တက်များ၊ မြစ်မများသို့ရောက်လာကြသည်။ ယင်းသို့စီးဆင်းလာရာ မြစ်မကြီး၏ပင်မစီးဆင်းရာ ရေအလျဉ်နှင့်ဆုံသည့်နောက်  ရေစီးနှုန်းနှေးသွားပြီး ပါလာသည့်မြေလွှာတို့  အနည်ထိုင်သွားကြသည်။ တစ်စတစ်စအနည်ထိုင်လာရာမှ မြစ်ကြောင်းအတွင်း သောင်ထွန်းလာပြီး မြစ်များကောလာကြတော့သည်။

မြစ်ကော၍ မြစ်ရေတိမ်သည်။ မြစ်ရေတိမ်၍ ရေလျှံရသည်။ နှစ်စဉ်တိုင်း မိုးသည်းလာသည်နှင့် ရေဘေးဒုက္ခများက မမြင်ချင် မကြားချင်မှအဆုံးဖြစ်၏။

မြစ်ရေလျှံခြင်းနှင့်အတူ ကာလဝမ်းရောဂါကလည်း ပါလာပြန်သည်။ ရေဘေးကြောင့် ကျွဲ၊ နွားတိရစ္ဆာန်တို့သေကျေပျက်စီးကြရသည်။ ထို့ပြင် စိုက်ပျိုးသီးနှံများလည်း ပျက်စီးရသည်။ မြစ်ကမ်းပါးအောက်ခြေပိုင်းကို ရေအလျဉ်မပြတ် တိုက်စားမှုကြောင့် ကမ်းပါးတို့ပြိုရသည်။ ခြုံငုံကြည့်သော် သစ်တောများပြုန်းတီးခြင်းကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ပေါ်ပေါက်ခဲ့ခြင်းပင်ဖြစ်ပေသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်မှစ၍   မရပ်မနားတိုးတက်လာသော စက်မှုထွန်းကားခြင်းသည် ယနေ့ထက်တိုင် နည်းလမ်းမျိုးစုံဖြင့် တိုးတက်နေသည်။

တစ်နည်းအားဖြင့်ဆိုသော် စက်မှုထွန်းကားခြင်းသည် ကမ္ဘာကြီးကို လွှမ်းခြုံထားလျက်ရှိ၏။ လူသားတို့၏လိုအင်ဆန္ဒများအတွက် စက်မှုကဏ္ဍအား စဉ်ဆက်မပြတ်တီထွင် ကြံဆလျက်ရှိရာ အကျိုးဆက်အားဖြင့် တစ်နေ့ထက်တစ်နေ့ ဆန်းသစ်လာသောနည်းပညာများကို နယ်ပယ်အသီးသီးတွင် တွေ့မြင်လာခဲ့ရသည်။ လူသားတို့၏ လိုအင်များကို ဖြည့်ဆည်းနိုင်အောင် ကြိုးစားခဲ့ကြရာမှ တစ်ဖက်တွင်လည်း မျှော်လင့်မထားသော ဘေးထွက်ဆိုးကျိုးများက ပေါ်ပေါက်လာခဲ့ကြသည်။ အဆိုပါဘေးထွက် ဆိုးကျိုးသည်ကား သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့် ကမ္ဘာမြေပျက်စီးဆုံးရှုံးမှုပင်ဖြစ်သည်။

အသက်ရှည်စွာနေလိုသော လူသားတို့၏ဆန္ဒ၊ လူတန်းစေ့နေလိုသော လူသားတို့၏  လိုလားချက်များကြောင့် သိပ္ပံပညာ၊ ဆေးပညာနှင့် စက်မှုကဏ္ဍအသီးသီး တိုးတက်ထွန်းကားခဲ့ကြသည်။ ဆေးပညာတိုးတက်လာမှုကြောင့် လူအသေအပျောက်နှုန်း လျော့ကျလာသော်လည်း တိုးပွားလာသော လူဦးရေ အရေအတွက်ကြောင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ လိုက်ပါတိုးတက်ခဲ့ရသည်။ လူဦးရေနှင့်ညီမျှအောင် ကျွေးမွေးနိုင်ရန်အတွက် လိုအပ်သောမြေလွတ်မြေရိုင်းများကို ဖော်ထုတ်ရသည်။  ထိုသို့ဖော်ထုတ်ရင်းဖြင့် သဘာဝဟန်ချက်ကို ထိန်းညှိပေးနေသော သစ်တောကြီးများ  ပျောက်ကွယ်ကြရသည်။  သဘာဝကပေးစွမ်းထားသော အရင်းအမြစ်များမှာ စီးပွားရေးအရ အရေးတကြီး လိုအပ်မှုကြောင့် အလျင်အမြန်ကုန်ဆုံးပေးရပါတော့သည်။ ကုန်ထုတ်လုပ်မှုအတွက် နေ့ညမပြတ် လည်ပတ်ပေးနေရသည့် စက်ရုံအလုပ်ရုံကြီးများ ပေါ်ပေါက်လာခြင်းသည် တစ်ဖက်တွင် အကောင်းဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။

လူသားတို့အနေဖြင့်    စက်ရုံအလုပ်ရုံများမှ ထုတ်လွှတ်သည့် မီးခိုး၊ အခိုးအငွေ့၊ အက်စစ်ငွေ့ရောသည့် အဆိပ်သင့်လေထု အညစ်အထည်းများကို နေ့စဉ်ရှူရှိုက်လာကြရသည်။ မြစ်ချောင်းအင်းအိုင်များသည်လည်း ရှေးယခင်က သန့်စင်ကြည်လင်မှုရာနှုန်းပြည့် ရှိခဲ့သည့်တိုင် ဆယ်စုနှစ်ပေါင်းများစွာ စွန့်ပစ်လာကြသော ပလတ်စတစ်အပါအဝင် ပစ္စည်းမျိုးစုံ၊ ပုပ်သိုးမြေဆီလွှာ၊ ဓာတုဗေဒဆေးရည်နှင့် ရောနှောအဆိပ်ငွေ့ဓာတ်ပြုအရည်များဖြင့် ပြည့်နှက်လျက်ရှိသည်။

ထိုသို့သော ရေများကိုပဲ လူသားတို့အနေဖြင့် အဆင့်ဆင့်ပြုပြင်ကာ သောက်သုံးကြရသည်။ မြစ်ကမ်းနံဘေး ကျေးလက်တောရွာများမှ ဒေသခံများမှာ ကျိုချက်သောက်သုံးကြသည်။ မည်သို့သောက်သုံးသည်ဖြစ်စေကာမူ  နဂိုသဘာဝသန့်စင်မှု မရှိသည်မှာ အသေအချာပင်ဖြစ်သည်။ 

စဉ်ဆက်မပြတ်တည်ငြိမ်မှုမရှိသော   ရေနံဈေးကြောင့် လောင်စာကိုအားကိုးရသည့်အခါ သစ်တောကြီးများကို ခုတ်ကြရပြန်သည်။ သစ်တောများပြုန်းတီးလာခြင်းကြောင့် ကမ္ဘာ့အပူချိန် လျင်မြန်စွာတိုးလာခဲ့ပြီး မြေဆီလွှာများလည်း မူလအတိုင်းမကောင်းမွန်နိုင်တော့ဘဲ ယိုယွင်းခဲ့ရသည်။ ကမ္ဘာ့မြေထုသည် စွန့်ပစ်ပစ္စည်းအစိုင်အခဲ၊ ဓာတုဆေးရည်များနှင့်အခြား သော လက်နက်ဆန်းများ၏ ဒဏ်ကြောင့် ပျက်စီးယိုယွင်းလျက်ရှိရာ နောက်ဆုံးတွင် စိုက်ပျိုးရေးလုပ်ငန်းကျဆင်းရသည့် အခြေအနေကို ရောက်ရှိစေခဲ့သည်။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊  မြေထုညစ်ညမ်းမှုတို့အပြင် အသံညစ်ညမ်းမှုကိုလည်း သတိပြုရန် လိုအပ်သည်။ စက်ရုံ၊ အလုပ်ရုံများမှ  ယာဉ်ယန္တရားများ၏တဝုန်းဝုန်း လည်ပတ်မောင်းနှင်သံများ၊   အသံထက်မြန်သည့် လေယာဉ်များ၏ တုန်လှုပ်ဖွယ်အသံများသည် ပတ်ဝန်းကျင် ဆိတ်ငြိမ်သာယာမှုကို ထိခိုက်စေသည်ကို တွေ့ရှိရသည်။ သက်ရှိသက်မဲ့များနှင့် သဘာဝပတ်ဝန်းကျင်တို့မှာ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုလျက်ရှိသည်ကို သတိပြုတတ်ကြဖို့ လိုအပ်သည်။

လူသားတို့အတွက် လေသည် အရေးပါသကဲ့သို့ ရေသည်လည်း ထိုအတိုင်းပင်ဖြစ်သည်။ လေကောင်းလေသန့်ရမှ အသက်ရှူနိုင်မည်ဖြစ်ပြီး ရေသန့်သန့်ရမှလည်း သောက်ရေအတွက် အဆင်ပြေမည်ဖြစ်သည်။ ကောင်းမွန်သော မြေဆီမြေဩဇာရှိမှ သီးနှံများ ရှင်သန်ဖြစ်ထွန်းမည်ဖြစ်ပေသည်။ သို့မှသာ စားရေရိက္ခာအတွက် စိတ်အေးရမည်ဖြစ်၏။  ပတ်ဝန်းကျင်နှင့် ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် အာဟာရဓာတ်ပြည့်ဝရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေသောကြောင့် ပတ်ဝန်းကျင်မပျက်စီးရေးကို ဂရုပြုဆောင်ရွက်ကြရမည်။  လေထုညစ်ညမ်းမှုကြောင့် မိုးရွာသွန်းမှုများ ရှိခဲ့သည့်ဥပမာများရှိသည်။

မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံများတွင်လည်း ကျေးလက်ထက် မြို့ပြများတွင် လေထုညစ်ညမ်းမှုကို ပိုမိုခံစားရလျက်ရှိ၏။ ထို့ကြောင့်လည်း ကျေးလက်နေပြည်သူများသည် မြို့ပြရောက်လျှင် အနေရခက်ပြီး အသက်ရှူကျပ်သလို ခံစားရခြင်းပင်ဖြစ်ပေသည်။ တစ်နေ့တခြားတိုးပွားလာလျက်ရှိသည့် ယာဉ်အမျိုးအစားပေါင်းစုံမှ အဆိပ်သင့်ဓာတ်ငွေ့ပေါင်းစုံ၏ ဆိုးကျိုးကို လက်ငင်းမခံစားရသော်ငြား နှစ်ကာလတစ်ခုရောက်ချိန်တွင် လူသားတို့သာမက တိရစ္ဆာန်များ၊ သစ်ပင်ပန်းမန်များပါ ခံစားကြရသည်။

စက်မှုထွန်းကား လာသည်နှင့်အမျှ လိုအပ်သောစွမ်းအင် ထုတ်လုပ်ရန်အတွက် သဘာဝအရင်းအမြစ်များ ကုန်ခန်းလာရသည်။ စက်မှုထွန်းကားခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များထဲတွင်   ပတ်ဝန်းကျင်ပြောင်းလဲမှုများ ရှိလာသည်။ ထိုသို့ ပြောင်းလဲမှုကြောင့် ယခင်က မရှိခဲ့ဖူးသည့် ရောဂါဆန်းများ၊ သဘာဝဘေးအန္တရာယ်ဆန်းများ ကြုံလာရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးပြီးသားနိုင်ငံများကို အားကျ တတ်ရာ ထိုနိုင်ငံများအား အမီလိုက်နိုင်ရန် ကဏ္ဍစုံတွင် တက်ကုန်လွှင့်၍ ကြိုးစားလာကြသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လူနေမှုစနစ်များကို အားကျအတုယူလျက် သူတို့၏နည်းစနစ်များအတိုင်း တောင်ယာများတိုးချဲ့စိုက်ပျိုးခြင်း၊ စက်မှုအတတ်ပညာတိုးချဲ့ခြင်း၊ မြစ်ဝှမ်းများအသွင်ပြောင်းခြင်း၊ သဘာဝသစ်တောရိုင်းများကို ခုတ်ထွင်ခြင်းတို့ကို ဆောင်ရွက်လာကြသည်။

ကမ္ဘာမြေကြီးအတွင်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေသည့် အရာများထဲတွင် ပိုးသတ်ဆေးသည်  သီးနှံဖျက်ပိုးများနှင့်  ရောဂါပြန့်ပွားစေသည့်  အင်းဆက်ပိုးတို့ကိုသာ သေကျေပျက်စီးစေသည်ဟု မှတ်ယူထားကြခြင်းမှာ မှန်သင့်သလောက် မှန်သည့်တိုင် တစ်ဖက်တွင်လည်း   ဘေးထွက်ဆိုးကျိုးကို သိနားလည်ကြဖို့အရေးကြီးသည်။  ပိုးသတ်ဆေးကြောင့် အနာဂတ်တွင် တိရစ္ဆာန်များသာမက လူသားများပါ အန္တရာယ်နှင့် ရင်ဆိုင်ကြရမည်ဖြစ်ပေသည်။

အချို့ပိုးသတ်ဆေးများသည် အနည်းငယ်မျှစားမိရုံဖြင့် အသက်ဆုံးသည် အထိဖြစ်စေသည်။ အသက်မဆုံးသည့်တိုင် ရောဂါခံစားပြီး မျိုးရိုးဗီဇချို့ယွင်းကြရ၏။ ပိုးသတ်ဆေး ထုတ်လုပ်ရာတွင် အာဆင်းနစ်၊ ကြေးနီ၊ ခဲ၊ မဂ္ဂနိ၊ သွပ်နှင့် အခြားပစ္စည်းတို့ပါဝင်ပြီး အာဆင်းနစ်သည် အဆိပ်သင့်ဓာတ်တစ်မျိုးဖြစ်သည်။ ခေတ်မီစိုက်ပျိုးရေးစနစ်များဆောင်ရွက်ရာတွင် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဆည်မြောင်း၊ ရေကာတာတို့ဖြင့်ပံ့ပိုးအားဖြည့်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လေထု၊ မြေထု၊ ရေထု အစရှိသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို အတတ်နိုင်ဆုံးရှောင်ကြဉ်နိုင်ဖို့လိုအပ်သည်။            

ကမ္ဘာမြေပေါ်တွင် မှီတင်းနေထိုင်သည့် လူသားတို့အတွက် တောတွင်းတိရစ္ဆာန်များနှင့် အခြားသတ္တဝါများ၏ အခန်းကဏ္ဍကလည်း အရေးပါလျက်ရှိနေသည်။ ကမ္ဘာဦးအစကရှိနှင့်ခဲ့သည့် တောတွင်းသတ္တဝါများမှာ ယနေ့အချိန်တွင်  အချိုးအစားလွန်ကဲစွာ လျော့နည်းခဲ့ပြီဖြစ်၏။ အချို့သတ္တဝါများမှာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ကြသည်။  သစ်တောသစ်ပင်များ ရှားပါးမှုကြောင့် တောကိုအမှီပြုနေထိုင်ကြသည့် သတ္တဝါများ ပျောက်ကွယ်ခဲ့ရခြင်းဖြစ်ပေသည်။

ပြောင်းလဲလာသော သဘာဝပတ်ဝန်းကျင်၏ ဒဏ်ကိုမခံနိုင်သည့်အတွက် ဒိုင်နိုဆောများ မျိုးသုဉ်းခဲ့ကြသည်။ သားကောင်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရေးအတွက် နိုင်ငံတိုင်းတွင် ဘေးမဲ့တောများထားရှိကာ ကာကွယ်မှုများပေးနေကြသည်။ တောတွင်းတိရစ္ဆာန်တို့မှာ လူသားတို့အကျိုးစီးပွားကို များစွာအထောက်အကူပြုလျက်ရှိနေသည်။ လူ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းကိုခြေရာခံနိုင်ရန် သားကောင်များ၏အရိုးစုများမှတစ်ဆင့်  ဖော်ထုတ်ကြရသည်။ သိပ္ပံနှင့်  ဆေးပညာသုတေသန လုပ်ငန်းများအတွက်လည်း သားကောင်များက  အထောက်အကူပြုနေသည်။ ထိုသို့ လူသားအကျိုးပြု လုပ်ငန်းများတွင် သားငှက်တိရစ္ဆာန်များ ရှိနေစေရန်အတွက် ရေရှည်ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ပေးကြဖို့အရေးကြီးသည်။ ကျွန်ုပ်တို့နေထိုင်ရာကမ္ဘာကြီးကို အကျည်းတန်အောင်ပြုလုပ်သည့်အထဲတွင်  ပလတ်စတစ်အန္တရာယ်လည်း တစ်ခုအပါအဝင်ဖြစ်၏။ နည်းလမ်းမျိုးစုံဖြင့် စွန့်ပစ်လိုက်ကြသော   ပလတ်စတစ်များ၏ နောက်ဆုံးထွက်ပေါက်မှာ မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာတို့သာဖြစ်ကြသည်။  ပလတ်စတစ်ဆိုးကျိုးကြောင့်  သေဆုံးကြရသော ရေနေသတ္တဝါများမှာ နှစ်စဉ်မနည်းလှပေ။ ထိုင်းနိုင်ငံရှိ ကုန်တိုက်တစ်ခုတွင် ပလတ်စတစ်သုံးစွဲမှု လျော့နည်းစေရေးအတွက် ပလတ်စတစ်အစား ဖက်ရွက်များဖြင့် စားသောက်ကုန်များကို ထုပ်ပိုးဝန်ဆောင်မှုပေးသည့် သတင်းတစ်ခုကို မှတ်သားခဲ့ဖူးသည်။ ပလတ်စတစ်သုံးစွဲမှုနှင့် ပတ်သက်၍   ကျန်းမာရေးအသိပညာ ပေးမှုများ ဆောင်ရွက်နေသည့်တိုင် ထိရောက်မှုအားနည်းလျက်ရှိနေပါသေးသည်။ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော လူသားတစ်ဦးအနေဖြင့်လည်း ကမ္ဘာမြေကြီးနှင့်ပမာတူလျက်ရှိသည်။  လူ့ခန္ဓာကိုယ်တွင်း လည်ပတ်လျက်ရှိသော သွေးကြောများသည် မြစ်ချောင်းအင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများပမာ အထောက်အပံ့ပေးလျက်ရှိရာ ထိုသွေးကြောများ သန့်ရှင်းမှုရှိပြီး လှုပ်ရှားမှုကောင်းစေရန် ကျန်းမာရေးအမြင်ရှိစွာ နေထိုင်စားသောက်ရမည်။ အရွယ်မတိုင်မီ ခန္ဓာကိုယ်ပျက်စီး ယိုယွင်းမှုမရှိစေရေးအတွက် သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီစွာ  ဂရုတစိုက်နေထိုင်ရမည်။ သို့မှသာ  သက်ရှည်ကျန်းမာသော လူမှုဘဝတစ်ခုကို ထူထောင်နိုင်မည်ဖြစ်သည်။ ကွမ်းဆေး၊ အရက်နှင့် ဟင်းချိုမှုန့်၊ ဆီသုံးများခြင်းတို့သည် လူ့ခန္ဓာကိုယ်ညစ်ညမ်းမှုကို ပံ့ပိုးနေသောအရာများပင်ဖြစ်၏။  လူသားတိုင်းသည် မိမိတို့ခန္ဓာကိုယ်ကြီးကို အလေးထားမြတ်နိုးသကဲ့သို့ မိမိတို့ မှီတင်းနေထိုင်လျက်ရှိသည့် နိုင်ငံတော်ကိုလည်း ဂရုတစိုက်ချစ်ခင်မြတ်နိုးကြဖို့လိုအပ်သည်။

နိုင်ငံတော်တစ်ခုအတွက် နိုင်ငံ့သားကောင်းပီသစွာ စဉ်းစားတွေးခေါ်ပေးခြင်းသည် ကမ္ဘာကြီးအတွက် ပထမခြေလှမ်းကို စတင်လှမ်းပေးခြင်းပင်ဖြစ်ပေသည်။ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလျက်ရှိသည့် ပြဿနာအား ရင်ဆိုင်ရလျက်ရှိသောကြောင့် တိုးလာသည့် လူဦးရေနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများကို ဖြေရှင်းနေကြရသည်။  သက်ရှိသက်မဲ့နှင့်ပတ်ဝန်းကျင်တို့မှာ အပြန်အလှန် အမှီသဟဲပြုနေကြသောကြောင့်  လူသားမျိုးနွယ် ဆက်လက် တည်တံ့စေနိုင်ရေး၊ တိရစ္ဆာန်များမျိုးမပြုန်းရေး၊ သီးနှံရိက္ခာများ တိုးပွားရေးတို့အတွက် သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဘဲ စက်မှုသိပ္ပံပညာတို့ဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

အနာဂတ်ကမ္ဘာကြီးကို တည်ဆောက်သည့်အခါတွင် ပတ်ဝန်းကျင်ညစ်ညမ်းမည် စိုးသောကြောင့် စက်မှုသိပ္ပံကိုရှောင်ကွင်းရမည် မဟုတ်ပါချေ။ ကမ္ဘာကြီးနှင့်အတူ  လူသားတို့သက်တမ်းရှည်နိုင်ရေးအတွက် စက်မှုသိပ္ပံများကိုလည်း တီထွင်ကြံဆပြီး အခြားတစ်ဖက်မှလည်း ပတ်ဝန်းကျင် မညစ်ညမ်းစေရန်ကြိုးပမ်းကြရမည်။ စာရေးသူတို့နိုင်ငံအနေဖြင့်လည်း လူမှုစီးပွားဖွံ့ဖြိုးရေး စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်အောင် တွက်ချက် ဆောင်ရွက်လျက်ရှိသည်ကို လေ့လာသိရှိရပေသည်။ လက်ရှိကမ္ဘာ့အပူချိန်သည်  ၁၈၀၀ ပြည့်နှစ်များနှင့်စာလျှင် ပျမ်းမျှ သုည ဒသမ ၈၄ ဒီဂရီစင်တီဂရိတ် တိုးလာပြီး ၂၁၀၀ ပြည့်နှစ်တွင် ၃ ဒီဂရီစင်တီဂရိတ်အထိ တိုးလာနိုင်ကြောင်း သိပ္ပံပညာရှင်များက ခန့်မှန်းထားကြသည်။

ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းနိုင်ရန်မှာ   ပတ်ဝန်းကျင်သာယာရေးကို  အလေးပေး လုပ်ဆောင်ရန်သာဖြစ်သည်။ ဆုံးရှုံးမျိုးသုဉ်းလုဆဲဆဲ သတ္တဝါများနှင့် ပျက်စီးကုန်သော သစ်တောများကို အချိန်မီပြန်လည်အစားထိုးရမည်။ မလိုလားအပ်သော ကာဗွန်ထုတ်လုပ်မှုများ၊ ပလတ်စတစ်သုံးစွဲမှုများ၊ မီသိန်းထုတ်လွှတ်မှုများကို လျှော့ချခြင်းဖြင့် ကမ္ဘာမြေကြီးကိုကာကွယ်ရမည်။ နိုင်ငံတိုင်း နိုင်ငံတိုင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ  လိုက်နာဖွယ်ရာများကို လက်တွေ့ကျကျလိုက်နာမှသာ နိုင်ငံတစ်နိုင်ငံမှသည် တစ်ကမ္ဘာလုံး သဘာဝကပ် ဘေးဆိုးများနှင့် ကင်းဝေးမည်ဖြစ်သည်။ ဘိုးဘေးဘီဘင်တို့စိုက်ပျိုးခဲ့သော သစ်တောသယံဇာတများသည် ပစ္စုပ္ပန်လူသားများ အကျိုးစီးပွားအတွက် လက်တွေ့ဆောင်ကြဉ်းပေးလျက်ရှိသည်။  သို့ဖြစ်ပါ၍   သားစဉ်မြေးဆက် အနာဂတ်လူသားများအတွက်   လက်ဆင့်ကမ်းပေးရမည်မှာ နိုင်ငံသားအားလုံး၏ တာဝန်ပင်ဖြစ်ပေသည်။ တစ်နည်းဆိုရလျှင် နိုင်ငံတော်သာယာစေရေးအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည်မှာ ကျွန်ုပ်တို့အားလုံး၏ သမိုင်းပေးတာဝန် တစ်ရပ်ဟု ဆိုရမည်ဖြစ်ပေသည်။     ။

MWD

Photo Crd to Alterno