ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများ ပီသစွာ

Posted_Date

Image

ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများ ပီသစွာ

Body

“နိုင်ငံတော်ရဲ့လွတ်လပ်ရေးနဲ့   အချုပ်အခြာအာဏာကို    ထိန်းသိမ်းကာကွယ်ရေးဟာ ပြည်ထောင်စုသားအားလုံးရဲ့ မွေးရာပါတာဝန်ဖြစ်တာကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးက စည်းလုံးညီညွတ်စွာနဲ့ ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို   ဝိုင်းဝန်းကာကွယ် စောင့်ရှောက် ထိန်းသိမ်းသွားကြဖို့လိုတယ်။   တို့နိုင်ငံအတွက် အသက်တမျှအရေးကြီးတဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို မောင်တို့၊ မယ်တို့က  အမိဖွံ့ဖြိုးရေးတက္ကသိုလ်မှာ အတူတကွပညာသင်ကြားရင်းနဲ့ ရင်ထဲမှာစွဲမြဲခံယူကြပြီး ဖြစ်တယ်လို့လည်း ယုံကြည်တယ်။ ဒါကြောင့်  မောင်တို့၊  မယ်တို့အနေနဲ့ ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်းများပီသစွာနဲ့ မိမိတို့တာဝန်ကျရာ ဒေသတွေမှာ   တိုင်းရင်းသားပြည်သူများအကြား ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထွန်းကားလာပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံးချစ်ခင်ညီညွတ် လာအောင် စည်းရုံးဆောင်ရွက် သွားကြပါလို့ မှာကြားလိုတယ်။”

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၁ ရက်တွင်    ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)၊ ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၇)မှ သင်တန်းဆင်းကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာတွင် မြွက်ကြားသည့် ဩဝါဒအမှာစကားမှ ကောက်နုတ်ချက်ဖြစ်သည်။

မိမိတို့နိုင်ငံတော်သည်  တိုင်းရင်းသားလူမျိုးပေါင်းစုံ  အတူယှဉ်တွဲ နေထိုင်သောနိုင်ငံဖြစ်သည်။ “မြန်မာ”ဟူသော ဝေါဟာရသည် မျိုးနွယ်စုများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကျန်တိုင်းရင်းသားမျိုးနွယ်စု အားလုံးကိုခေါ်ဆိုခြင်းဖြစ်သည်။  တိုင်းရင်းသားအားလုံးတို့သည်    နိုင်ငံတော်အပေါ် ကျရောက်လာသည့် အခက်အခဲများကို စုပေါင်းအားဖြင့် လက်တွဲတွန်းလှန် ကာကွယ်ခဲ့ကြသကဲ့သို့  ပြည်ထောင်စုစိတ်ဓာတ်၊  စည်းလုံးညီညွတ်မှုစွမ်းအားတို့ဖြင့် သာယာဝပြောသည့် နိုင်ငံတော်ကြီးကို  ထူထောင်နိုင်ခဲ့ကြသည်။

တိုင်းရင်းသားမျိုးနွယ်စုအချင်းချင်း အပြန်အလှန်လေးစား ယုံကြည်မှု၊  ရင်းနှီးချစ်ကြည်မှု၊  နားလည်ခွင့်လွှတ်မှု၊ စည်းလုံးညီညွတ်မှုတို့သည် ပြည်ထောင်စု၏ အသက်သွေးကြောပင်ဖြစ်သည်နှင့်အညီ  အဆိုပါစိတ်ဓာတ်များ   မွေးဖွားသန့်စင်ခဲ့သော၊   ပေါက်ဖွားရှင်သန်ခဲ့သောမြေဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ သမိုင်းကြောင်းကို အကျဉ်းမျှတင်ပြလိုသည်။

ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ  ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် ၁၉၆၄  ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည်။ “တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနိုင်သော ပညာရေး ဝန်ထမ်းကောင်းများအဖြစ် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင်  တက္ကသိုလ်အဆင့်သို့  တိုးမြှင့်ခဲ့သည်။ တက္ကသိုလ်     တည်ထောင်ဖွင့်လှစ်ရခြင်းတွင် ရည်ရွယ်ချက် ၅ ရပ်ရှိပြီး အဆိုပါရည်ရွယ်ချက် ၅ ရပ်တွင် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲသည့်လူငယ်များဖြစ်လာစေရန်ဟူသော အချက်အပါအဝင်ဖြစ်သည်။

ဖွံ့ဖြိုးရေးတက္ကသိုလ်သည်  ကချင်၊  ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော တိုင်းရင်းသားလူငယ်မောင်မယ်များအတွက် အဆင့်မြင့်ပညာများဆည်းပူးရာ ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သည်။   တိုင်းရင်းသားလူငယ် မောင်မယ်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လူမှုရေးကစ၍ နိုင်ငံတော်က လိုလေသေးမရှိ အခမဲ့တာဝန်ယူစောင့်ရှောက်ပေးထားသည်။  ကျောင်းအိပ်ကျောင်းစားဖြစ်ပြီး အိပ်ဆောင်တိုင်းတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြရသဖြင့် နေထိုင်ရာ အသိုက်အဝန်းသည်   ပြည်ထောင်စုလေးသဖွယ်ဖြစ်နေသည်။ အိပ်ဆောင်များအား  တိုင်းရင်းသားမျိုးနွယ်စုနာမည်များ၊ တိုင်းရင်းသားများ၏ အထင်ကရနေရာများဖြင့် မှည့်ခေါ်ထားသည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ထူးခြားချက်သည် Guardian စနစ်ဖြစ်သည်။ Senior အစ်မကြီးက မွန်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ Junior ညီမငယ်က ကရင်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ မတူညီသောဓလေ့၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများမှ မောင်နှမအရင်း၊ ညီရင်းအစ်ကို သံယောဇဉ်မျိုးဖြင့် တူညီသောတန်ဖိုးများကို မွေးဖွားပေးနိုင်ခဲ့သည်။

၎င်းတန်ဖိုးများသည် ပြည်ထောင်စုစိတ်ဓာတ်၏အခြေတည်ရာဖြစ်သည်။ Junior ညီငယ်ဖျားလျှင် Senior အစ်ကိုကြီး ညမအိပ်နိုင်တော့၊ Senior အစ်ကိုအလုပ်များလျှင် ဝိုင်းဝန်းကူညီပေးသူက Junior ညီငယ်ဖြစ်သည်။ အမုန်းတရားများမရှိ၊ နှိုင်းယှဉ်မှုများမရှိ၊ သံယောဇဉ်တရားများဖြင့် ခိုင်ကျည်ထားသော   ပြည်ထောင်စုလေးတွင်  သူတို့ရှင်သန်ပျော်ရွှင်စွာ ပညာဆည်းပူးကြသည်။ သူတို့တစ်တွေအား နည်းပေးလမ်းပြသွန်သင်ဆုံးမသူ ဆရာ၊ ဆရာမများသည်လည်း တိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံက သူတို့၏ Senior အစ်ကိုကြီး၊ အစ်မကြီးများပင်ဖြစ်သည်။

ဤကျောင်းတော်ကြီးတွင် တိုင်းရင်းသားအသီးသီး၏ ဘာသာစကား၊ ရိုးရာဓလေ့စရိုက်များအား သင်ကြားဖလှယ်ခွင့် ရရှိကြသည်။ မည်သည့်တိုင်းရင်းသား၊  တိုင်းရင်းသူဖြစ်စေ နှစ်သက်ရာတိုင်းရင်းသား ဘာသာစကားကို သင်ယူနိုင်သည်။ တိုင်းရင်းသား ရိုးရာဓလေ့စရိုက်များကို  လေ့လာနိုင်သည်။  ရိုးရာဝတ်စုံများ လဲလှယ်ကာ    ဓာတ်ပုံရိုက်ကြသည်။  

ရိုးရာမုန့်များတစ်လှည့်စီ ပြုလုပ်၍ မြိန်ရေရှက်ရေ စားကြသည်။ သူတို့တစ်တွေသည် ပြည်ထောင်စုသားများဖြစ်ကြ၍ ဂုဏ်ယူဝင့်ကြွားကြသည်။ မြန်မာနိုင်ငံသားဖြစ်၍ ဂုဏ်ယူဝင့်ကြွားကြသည်။ “စည်းလုံးခြင်းသည်အင်အား”ဟူသည် ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ဆောင်ပုဒ်ဖြစ်သည်။ သံယောဇဉ်တရားက စည်းလုံးညီညွတ်ရေးအားကို    အလိုအလျောက်ရရှိစေသည်။

ဤကျောင်းတော်ကြီးတွင် သင်ကြားရေး ဘာသာရပ်ဌာန ၂၁ ဌာနဖြင့် သင်ကြားပို့ချမှုဆိုင်ရာ သင်ရိုးညွှန်းတမ်း ဘာသာရပ်များ၊ အခြေခံဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပံဘာသာရပ်များ၊ တွဲဖက်သင်ရိုးညွှန်းတမ်း ဘာသာရပ်များနှင့် အထူးတွဲဖက်သင်ရိုးညွှန်းတမ်း ဘာသာရပ်များ သင်ကြားကြရသည်။ အထူးတွဲဖက်သင်ရိုးညွှန်းတမ်း ဘာသာရပ်များတွင် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် စာရိတ္တပညာ၊   တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုဘာသာရပ်များ ပါဝင်သည်။ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုဘာသာရပ်များ    ပါဝင်သည်။

သို့သော် စည်းလုံးညီညွတ်ရေးဟု အတင်းတိုက်တွန်းနေစရာမလို၊  နှစ်ကာလများစွာ  အတူတူနေထိုင်ရှင်သန်ခဲ့ကြသော ဤကျောင်းတော်သူ၊ ကျောင်းတော်သားများ၏ သံယောဇဉ်သည် ရေကိုသား၍ ကြားမထင်ကဲ့သို့ရှိကြသည်။

ဖွံ့ဖြိုးရေးတက္ကသိုလ်၏ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က စားဝတ်နေရေး၊ ကျန်းမာရေးကစ၍ အစစအရာရာ လိုလေသေးမရှိ ထောက်ပံ့ပေးထားသည်။ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ရိက္ခာစိုငွေများအပြင် ဝတ်စုံများအနေဖြင့် တိုက်ပုံ၊ ဆာဖာရီ၊ လည်ကတုံး၊ လုံချည်၊ ဘောင်းဘီ၊ ရင်ဖုံး၊ တီရှပ်၊ ဘောင်းဘီရှည်၊ လက်ဆွဲအိတ်၊ ညှပ်ဖိနပ်၊ ကင်းဘတ်၊(လက်ရှည်)ဖိနပ်၊ ခြေအိတ်၊ အိပ်ရာပစ္စည်းများ၊ စာရေးကိရိယာများ၊ လစဉ်မုန့်ဖိုးစသည်ဖြင့် ကျောင်းသား၊ ကျောင်းသူများ  လိုအပ်ချက်ကို ပြည့်မီစွာထောက်ပံ့ပေးထားသည်။

ထို့ပြင်သာမက   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ခန္ဓာဖွံ့ဖြိုးကြံ့ခိုင်ရေးအတွက်  နေ့စဉ် ကြက်ဥ ၂ လုံး၊ နွားနို့ ၂၀ ကျပ်သားအပြင် ဂျုံဖြင့်ပြုလုပ်ထားသော အစားအစာကို တစ်ပတ်လျှင် ၅ ရက်နှုန်းဖြင့်ကျွေးမွေးရန် စီမံဆောင်ရွက်ပေးခဲ့သည်။ နိုင်ငံတော်အကြီးအကဲ၏ စေတနာသည် ကြီးမားသကဲ့သို့ ဤကျောင်းသား၊ ကျောင်းသူများအပေါ်  နိုင်ငံတော်မှမည်မျှအထိမျှော်လင့်ချက်ကြီးမားကြောင်း ပေါ်လွင်စေသည်။ အဘယ်ကြောင့်နည်း။

အဘယ်ကြောင့်ဆိုသော် ပြည်ထောင်စု တိုင်းရင်းသားများအတွက် ပြည်ထောင်စုကျောင်းတော် ဖြစ်သောကြောင့်ဖြစ်သည်။  ပြည်ထောင်စုကျောင်းတော်တွင် ပြည်ထောင်စုကြီးအတွက်  အသက်ဝိညာဉ်သဖွယ်အရေးကြီးသော    ပြည်ထောင်စုစိတ်ဓာတ်ကို လေ့ကျင့်ပျိုးထောင် ပေးသောကြောင့်ဖြစ်သည်။ စာကိုသာမက စိတ်ကိုပါ သင်ကြားပေးသောကြောင့်ဖြစ်သည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သည် စတင်ဖွင့်လှစ်ခဲ့သော ၁၉၆၄ ခုနှစ်မှစ၍ မဟာပညာရေးဘွဲ့ ၁၇၅ ဦး၊  မဟာဒဿနပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၃၅၀ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်ပညာဒီပလိုမာ ၉၅၆ ဦး၊  မူလတန်းဆရာအတတ်သင် ၇၁၆၂ ဦး၊ အထူးမူလတန်းဆရာအတတ်သင်တန်း ၄၆၁ ဦး၊  ပညာရေးဘွဲ့ ပေါင်းကူးသင်တန်း ၄၄၃ ဦး  စုစုပေါင်း ၁၄၅၁၄ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ဆရာ၊ ဆရာမများအဖြစ်သာမက ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ၊ သူနာပြု ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာ အကြီးအကဲများလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။    ပြည်ထောင်စုကြီး၏ အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်သည်။

ဤဖွံ့ဖြိုးရေးတက္ကသိုလ်ကျောင်းဆင်းများသည် ကျောင်းသားဟောင်းများ အသင်းဟူ၍ ဖွဲ့စည်းထားရှိသည်။ ကျောင်းသားဟောင်းများသည် သူတို့အား မွေးဖွားရှင်သန်စေခဲ့သော ကျောင်းတော်ကြီးကို နှစ်စဉ်နှစ်တိုင်း အလွမ်းပြေလာကြည့်သည်။ သူတို့စိုက်ပျိုးခဲ့သော သစ်ပင်ကြီးများအောက် အရိပ်ခိုကြသည်။  ရောက်ရှိလာကြသော  တိုင်းရင်းသား၊ တိုင်းရင်းသူ ကျောင်းသားဟောင်းကြီးများ အချင်းချင်းလက်တွဲ၍ ဓာတ်ပုံရိုက်ကြသည်မှာ အလွန်လှပကြည်နူးဖွယ်ရာမြင်ကွင်းဖြစ်သည်။ သူတို့တစ်တွေသည် သူတို့ချစ်သော  ပြည်ထောင်စုကျောင်းတော်ကြီးကို ပြန်လည်စောင့်ရှောက်ကြသည်။ တစ်နည်းအားဖြင့် သူတို့ချစ်သော ပြည်ထောင်စုကြီးကို လက်ချင်းချိတ်ကာကွယ်စောင့်ရှောက်ရင်း မျိုးဆက်သစ်များကို လက်ဆင့်ကမ်းအမွေပေးကြသည်။ သူတို့တစ်တွေ၏ လက်ဆင့်ကမ်းအမွေများကို သယ်ဆောင်ရင်း ပညာရေးဘွဲ့ ၅ နှစ်သင်တန်းအမှတ်စဉ်(၇)မှ ကျောင်းသား၊   ကျောင်းသူ ၁၈၄ ဦးသည်လည်း   သူတို့ကဲ့တို့ပင်  နိုင်ငံတော်၏တာဝန်ကို   ကျရာကဏ္ဍအသီးသီးတွင်ထမ်းဆောင်ရင်း ပြည်ထောင်စုကြီးကို ကာကွယ်စောင့်ရှောက်ကြပါတော့မည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ယာယီသမ္မတ  နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်(စစ်ကိုင်း)၊ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၏ ဩဝါဒခံယူပွဲတွင် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကရင်တိုင်းရင်းသားကျောင်းသား တစ်ဦးမှ ဂါရဝပြုတင်ပြခဲ့ပါသည်-

-     သားတို့အနေနဲ့ ပြည်ထောင်စုကြီးမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေး ကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားပါမယ်၊

-     သားတို့အနေနဲ့ နိုင်ငံ့သားကောင်းများပီသစွာဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ တတ်စွမ်းသလောက်  ပါဝင်ဆောင်ရွက်သွားပါမယ်၊

-     တာဝန်ကျရာဒေသတွေမှာ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်   ကျောင်းဆင်းများပီသစွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားပါမယ်၊

-      မကြာခင်ကာလမှာ   ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်   ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေမှာ သားတို့အနေနဲ့ ကိုယ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုပါတယ်ခင်ဗျာ။

အမိနိုင်ငံတော်ကြီးအတွက် မျိုးဆက်သစ်တိုင်းရင်းသား လူငယ်များ၏ အားရကျေနပ်စရာ ကတိကဝတ်များဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပြည်ထောင်စုကြီး၏ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သော ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)မှ မွေးဖွားသန့်စင်ပေးလိုက်သော ကျောင်းဆင်း တိုင်းရင်းသားလူငယ်မောင်မယ်များသည် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားအတွက် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရင်း၊ လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ရင်း၊ ပြည်ထောင်စုကြီးကို ပြည်ထောင်စုဖွားတိုင်းရင်းသားတို့၏ လက်များဖြင့် ကာကွယ်စောင့်ရှောက်ကြမည့် ပုံရိပ်များကိုမြင်ယောင်လျက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ  ဖွံ့ဖြိုးရေးတက္ကသိုလ် ကျောင်းဆင်း ကျောင်းသား၊ ကျောင်းသူများအား  ဂုဏ်ပြုရေးသားလိုက်ပါသည်။  ။