သတိပြုရှောင်ရှား အဂတိတရား လေးပါး

Posted_Date

Image

သတိပြုရှောင်ရှား အဂတိတရား လေးပါး

Body

အဂတိလိုက်စားခြင်းအစ

       “အဂတိ” ဆိုသည်မှာ “ဘက်လိုက်ခြင်း” ၊ “အဂတိလိုက်စားခြင်း” ဆိုသည်မှာ “မတရားသဖြင့် ဘက်လိုက်ခြင်း” ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်ကို တွေ့ရသည်။ “ဘက်လိုက်သည်” ဆိုသည်မှာ တစ်ဖက်ဖက်ကို ဆန္ဒစွဲဖြင့် အလေးပေးခြင်းဖြစ်သည်။  အဂတိလိုက်စားခြင်းဆိုသည်မှာ မိမိဆန္ဒကြောင့်ဖြစ်ပေါ်လာသည့် မှားယွင်းသော ဆုံးဖြတ်ချက်ချမှတ်ခြင်းဟုဆိုနိုင်သည်။ လူတိုင်းသည် တရားမျှတမှုကို   လိုလားတောင့်တကြသဖြင့် အခြားတစ်ဖက်သို့ ဘက်လိုက်ဆုံးဖြတ်ခြင်းကို နှစ်သက်ကြမည်မဟုတ်ပေ။ မိမိ၏ကိုယ်ကျိုးစီးပွား ဆုံးရှုံးနစ်နာမှုကို ဖြစ်ပေါ်စေသည့်အရာများကို လူသားတိုင်းက လူမှုပတ်ဝန်းကျင်တွင်  မတွေ့မမြင်လိုကြသဖြင့် “အဂတိလိုက်စားမှု”ဆိုသည့်အရာသည် လူသားတိုင်းက ရွံရှာမုန်းတီးသည့် အရာတစ်ခုပင်ဖြစ်ပေသည်။

ဆုံးဖြတ်ချက်တစ်ခု   ချမှတ်ခွင့်ရလိုက်သည့် အခိုက်အတန့်တွင် သမာသမတ်ကျစွာ တွေးတောဆင်ခြင်၍ မှန်ကန်တည့်မတ်သည့် ဆုံးဖြတ်ချက်ကိုချရမည်ဖြစ်သည်။ ထိုအချိန်တွင် စိတ်ခံစားချက်အရဖြစ်ပေါ်သည့်   “ချစ်ခြင်း၊ မုန်းခြင်း” တို့ ဝင်ရောက်လာမှုကို ဦးနှောက်က တားမြစ်ထားဖို့လိုသည်။ ရင်တွင်းခံစားချက်များကို တွန်းလှန်တိုက်ဖျက်နိုင်သည့် စိတ်ဓာတ်အခံမရှိသည့်အခါ ဖြစ်ရပ်မှန်များကို မေ့လျော့သွားပြီး မိမိစိတ်အလိုကျ ဘက်လိုက်ဆုံးဖြတ်ဆောင်ရွက်မိကြသည်။ သမာသမတ်ကျစွာ  ဆုံးဖြတ်ဆောင်ရွက်လေ့ရှိသူများ ဖြစ်လင့်ကစား လောဘတရားတို့ကို   ထိန်းချုပ်နိုင်ဖို့ကလည်း အရေးကြီးပြန်သည်။  လောဘတရားကို  ထိန်းချုပ်နိုင်ခြင်းမရှိသည့်အခါ မိမိ၏ဆုံးဖြတ်ချက်များကလည်း ယိုင်နဲ့သွားရတတ်သည်။ “ဥစ္စာပစ္စည်း၊ ငွေကြေး၊ အခွင့်အရေး” စသည့် “တံစိုးလက်ဆောင်များ” ဖြင့် မြှူဆွယ်ဖြားယောင်းခြင်း ခံရသူများသည်လည်း မှန်ကန်တည့်မတ်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်မဖြစ်နိုင်ပေ။ တံစိုးလက်ဆောင်ပေးသူ အလိုကျ ဘက်လိုက်ဆုံးဖြတ်မိတတ်ကြသဖြင့် အဂတိလိုက်စားမှုဆိုသော အရာသည်ကလည်း ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ စိတ်အခံသည် အမှန်တရား အတွက်သာရပ်တည်တတ်ပြီး လောဘကင်းရှင်းသူမှသာ အဂတိလိုက်စားမှု၏ စက်ကွင်းမှ ရုန်းထွက်နိုင်မည်ဖြစ်သည်။

အကျိုးစီးပွား ဆုတ်ယုတ်စေ

       အဂတိလိုက်စားကာ ဘက်လိုက် ဆုံးဖြတ်လိုက်မည်ဆိုပါက တစ်စုံတစ်ဦးက နစ်နာရမည်မှာ မလွဲဧကန်အမှန်ပင်ဖြစ်သည်။   မိမိဆုံးဖြတ်ရမည့်ဆုံးဖြတ်ချက်သည် မိမိ၏လက်ရှိအနေအထားပေါ်တွင် မူတည်၍ လူတစ်ဦးမက မိသားတစ်စု၊ ထို့ထက် ပို၍ အဖွဲ့အစည်းတစ်ခုမှသည် လူမှုပတ်ဝန်းကျင်တစ်ခုလုံး၏ အကျိုးစီးပွား ဆုတ်ယုတ်စေသည်ကို သတိပြုမိကြဖို့လိုသည်။    လူတစ်ဦးနှင့်တစ်ဦး သာမန်ဖြစ်ပွားသည့် မသင့်မြတ်မှုတစ်ခုကို “အမှန်ကိုအမှား” “အမှားကိုအမှန်” ကပြောင်းကပြန် ဘက်လိုက် ဆုံးဖြတ်မိသည်ဆိုပါက   အမှန်လုပ်သူကနစ်နာသကဲ့သို့ အမှားလုပ်သူကလည်း ထိုအမှားများကို ထပ်တလဲလဲ ကျူးလွန်မိခြင်းဖြင့် လူမှုပတ်ဝန်းကျင်တွင် အမှားများနှင့်သာ ပြည့်နှက်နေမည်ဖြစ်သည်။

မိမိအပေါ်တွင်လည်း ပတ်ဝန်းကျင်က ယုံကြည်မှုကျဆင်း သွားမည်သာဖြစ်သည်။လူမှုပတ်ဝန်းကျင်တွင် အသေးအဖွဲမှသည် ကြီးမားလေးနက်ပြီး လူသားဘဝနှင့် လူမှုပတ်ဝန်းကျင် အကျိုးအတွက် ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်ရသူများ ရှိသည်။  ရင်တွင်းဆန္ဒနှင့် လောဘတို့ကို ထိန်းချုပ်နိုင်စွမ်းအားနည်း သွားသူတို့၏  လက်အတွင်းသို့ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်များ ရောက်ရှိသွားမည်ဆိုပါက လူမှုပတ်ဝန်းကျင် ငါးပါးမှောက်ဖို့သာရှိသည်။ လူမှုပတ်ဝန်းကျင်အကျိုးအတွက် အသုံးပြုရမည့် အရင်းအမြစ်များ ခွဲဝေချထားခြင်းက အစပြု၍ ဘဏ္ဍာရန်ပုံငွေများ ခွဲဝေသုံးစွဲခြင်းတို့အထိ အဂတိလိုက်စားမှုဆိုသည့် ဘက်လိုက်မှုများမရှိဖို့လိုသည်။ အရင်းအမြစ်များက လိုရာမရောက်သည့်အခါတွင် လူမှုစီးပွားဘဝများ နောက်ကောက်ကျ ကျန်ခဲ့ရမည်ဖြစ်သည်။ လိုအပ်သော ဘဏ္ဍာရန်ပုံငွေများ၊ အရင်းအမြစ်များမရရှိသည့်အခါ လူမှုပတ်ဝန်းကျင်တွင် သာယာလှပမှုနှင့် တိုးတက်မှုများ ပျောက်ကွယ်သွားမည်သာဖြစ်သည်။

ဂီဟိဝိနယ လိုက်နာကြဖို့လို

     မြတ်စွာဘုရားရှင်  ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးစဉ်အခါက ရာဇဂြိုဟ်ပြည်မှ သိင်္ဂါလ သတို့သားအား လူသားဘဝကျင်လည်ရာ၌ လိုက်နာရမည့် ဂီဟိဝိနယဆိုသည့် လူ့ဝတ်နည်းကျင့်ဝတ်များကို ဟောကြားဆုံးမခဲ့သည်။ လူသားတစ်ဦးအနေဖြင့် ကောင်းမှု၊ မကောင်းမှုများကို ခွဲခြားတတ်ပြီး  ကောင်းမှုကုသိုလ်များဖြင့်သာ  ဘဝကို ဆက်လက်အသက် ရှင်သန်နိုင်ကြဖို့လိုသည်။ ကောင်းမှုတို့ကို  အစဉ်တစိုက်ပြုလုပ်ကြရမည်ဖြစ်သကဲ့သို့ မကောင်းမှုတို့ကို ဖြစ်ပေါ်စေသည့် အကြောင်းတရားများကိုလည်း သိရှိရှောင်ရှားတတ်ရမည်ဖြစ်သည်။

လူတို့၏စိတ်အစဉ်ကို ညစ်ညူးစေပြီး ပြုမူပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုများကို အမှားမှားအယွင်းယွင်း ဖြစ်စေသည့်  အကြောင်းတရားများစွာရှိသည်။ ထိုအကြောင်းတရားများအနက် လူတို့၏ဆုံးဖြတ်ချက်၊ လုပ်ကိုင်ဆောင်ရွက်ချက်များကို ကမောက်ကမ ဖြစ်စေကြပြီး ဘဝပျက်စေသည်အထိ ဖြစ်တတ်သည့် အဓိကအကြောင်း တရားလေးပါးရှိသည်။ “ချစ်ခြင်း၊ မုန်းခြင်း၊ အမျက်ဒေါသထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အမှားအမှန်မသ ိတွေဝေမိခြင်း” ဆိုသည့်အရာတို့သည် လူသားဘဝ မကင်းနိုင်ကြသည့် အရာများဖြစ်သော်လည်း ထိုအရာများကို အသိစိတ်ဖြင့် ထိန်းချုပ်နိုင်ဖို့လိုသည်။ ထိုသို့မဟုတ်သည့်အခါ “ဆန္ဒာဂတိ- ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ ဒေါသာဂတိ - စိတ်ဆိုးသဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ဘယာဂတိ - ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့်ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ မောဟာဂတိ - ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း”ဆိုသည့် အဂတိတရားလေးပါးကို လိုက်စားမိတတ်သည်။ အဂတိတရားလေးပါးသည် လူသားတို့ပြုလုပ်မိသမျှသော အရာများကို အမှန်တရားမှ ဝေးကွာသွားစေတတ်သဖြင့် သတိပြုဆင်ခြင်ကြမည်ဆိုပါက ဘဝတွင် အစစအရာရာ တိုးတက်လာမည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။

ထာဝရရှောင်ကြပါစို့

     လူသားတိုင်း ဘဝတွင် ပျော်ရွှင်ချမ်းမြေ့စွာနေလိုကြပြီး ဘက်လိုက်မှုကင်းသည့် လူမှုပတ်ဝန်းကျင်တွင်သာ ရှင်သန်လိုကြသည်။  အမှန်တရားကို လူသားတိုင်းက ချစ်မြတ်နိုးကြသဖြင့် အဂတိလိုက်စားခြင်းဆိုသည့် ဘက်လိုက်ခြင်း အကြောင်းတရားများကို လူသားတို့က မည်သည့်နည်းနှင့်မျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။ အရာရာတွင် “ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ မှန်ကန်မျှတမှု၊ ဘက်လိုက်ခြင်းကင်းမှု” စသည့် စံနှုန်းများဖြင့် ဆုံးဖြတ်ဆောင်ရွက်သည်ကိုသာ မြင်လိုကြသည်။ “ဘက်လိုက်ခြင်း” ဆိုသည့်အရာကိုမူ မစင်ကဲ့သို့ ရွံရှာတတ်ကြသဖြင့် အဂတိလိုက်စားကာ ဘက်လိုက်ဆုံးဖြတ် ဆောင်ရွက်တတ်သူများအဖို့ လူမှုပတ်ဝန်းကျင်တွင် ကျင်လည်စရာနေရာရှိနိုင်မည် မဟုတ်ပေ။

လဆုတ်သောအခါ လမင်း၏ အရောင်အဝါသည် တစ်နေ့တခြား  လျော့ပါးဆုတ်ယုတ်လာသည်မှာ သဘာဝပင်ဖြစ်သည်။ ထို့အတူပင် အဂတိတရားလေးပါးကို လိုက်စား၍ ဘက်လိုက်ဆုံးဖြတ်ခြင်းဆိုသည့် ဘဝအမှားများကို ကျူးလွန်မိကြသူတို့သည် ရှာဖွေစုဆောင်းထားသော စည်းစိမ်ဥစ္စာ၊ ရရှိထားသော အခြံအရံကျော်စောခြင်း၊ ရာထူးဂုဏ်ထူးနှင့် လုပ်ပိုင်ခွင့်တို့သည်လည်း တစ်နေ့တခြား လျော့ပါးဆုတ်ယုတ်လာမည်ဟု မြတ်စွာဘုရားရှင်က ဟောကြားခဲ့သည်။ ရှိရင်းစွဲဘဝ၏ တိုးတက်မှုများသည်ပင် ပျောက်ကွယ်သွားအောင် စွမ်းဆောင်သွားနိုင်သည့် အဂတိတရားလေးပါးကို ထာဝရရှောင်ရှားကြဖို့လိုသည်။ အဂတိလိုက်စားမှုဆိုသည့် အရာကို  မည်သည့်ဘာသာ၊  မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံကမျှလက်သင့်မခံကြပေ။ အဂတိလိုက်စား၍ ဘဝအမှားများကို ထပ်တလဲလဲကျူးလွန်နေကြသူများအဖို့ လူမှုပတ်ဝန်းကျင်တွင် လူဝင်ဆံ့၍ လူတောတိုးရန် မဖြစ်နိုင်တော့ပေ။

ဘယ်လိုရှောင်ကြမလဲ

      ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့် သေးငယ်သည့် အဂတိလိုက်စားမှုများက အစပြု၍  နိုင်ငံအဆင့် အဂတိလိုက်စားမှုများကိုရှောင်ရှားနိုင်ရေး ကြိုးစား ကြရမည်မှာ လူသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။ ကိုယ်တိုင်က ဆုံးဖြတ်ချက်ကိုချမှတ်ရသည့်ဘဝတွင် ရောက်ရှိနေသည်ဆိုပါက မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်များကို ဘက်လိုက်မှုကင်းကင်းဖြင့် ဆောင်ရွက်ရဲဖို့လိုမည်ဖြစ်သည်။ ပညာရည်ပြည့်ဝ၍ အသိဉာဏ်နှင့် ဆင်ခြင်တုံတရား အားကောင်းသူများအဖို့ မည်သည့်အကြောင်းပြချက်နှင့်မျှ ဘက်လိုက်ဆုံးဖြတ်လိမ့်မည် မဟုတ်ပေ။ ကိုယ်တိုင်က သက်ဆိုင်ရာနယ်ပယ်တွင် ပညာပြည့်ဝ၍ နှလုံးလှသူများဖြစ်အောင် ကြိုးစားသင့်သည်။  ရင်တွင်းဆန္ဒတို့က   အဂတိလိုက်စားမှုကိုဖြစ်စေပါသည် ဆိုပါလျှင် ထိုဆန္ဒတို့ကို မိမိ၏ဂုဏ်သိက္ခာဖြင့် ကြိုးစားထိန်းချုပ်ကြဖို့လိုသည်။  လူတိုင်းချမ်းသာလိုကြသဖြင့် “တံစိုးလက်ဆောင်” ကဲ့သို့သောအရာများကို လက်ခံဆောင်ရွက်လိုသည့် လောဘတို့ကိုလည်း တင်းတိမ်ရောင့်ရဲခြင်းဖြင့် ထိန်းချုပ်ထားဖို့လိုမည်သာဖြစ်သည်။

မိမိကိုယ်တိုင်က မှန်ကန်မျှတစွာ ဆောင်ရွက်လိုပြီး အမှန်တရားမြတ်နိုးသူ ဖြစ်နေသော်လည်း လူမှုပတ်ဝန်းကျင်တွင် အမှန်တရား၏ ဆန့်ကျင်ဘက်ဖြစ်သည့် ဘက်လိုက်မှုဆိုသည့် အဂတိလိုက်စားမှုများ ကင်းစင်၍နေမည်မဟုတ်ပေ။  မကောင်းမှုကို ရှောင်ရှားနိုင်စွမ်း ကင်းမဲ့ကြပြီး  မကောင်းမှု အဆိုးသံသရာတွင် မှားယွင်းစွာ ကျင်လည်ကြသူများလည်း လူမှုပတ်ဝန်းကျင်တွင် ရှိနေတတ်သည်။ ထိုသူများကိုလည်း လမ်းမှန်ပြ၍ ကောင်းမှုမြတ်နိုးသူများဖြစ်အောင် ကြိုးစားကြဖို့လိုသည်။ အဂတိလိုက်စား၍ ဘက်လိုက်ဆုံးဖြတ်ခြင်းကို ထပ်တလဲလဲကျူးလွန်၍ လူမှုပတ်ဝန်းကျင်အတွက် အသုံးမဝင်တော့သည့်သူများ ဖြစ်မှန်းမသိ ဖြစ်နေသူများကိုတွေ့သည့်အခါ အမှန်တရား ဘက်တော်သားများအဖြစ်  ရပ်တည်ဖော်ထုတ် သွားဖို့လည်းလိုသည်။  အမှန်တရားကို ကျောသားရင်သားမခွဲခြားဘဲ   ဥပဒေနှင့်အညီ အရေးယူတတ်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အမှားသံသရာအတွင်းမှ အဂတိလိုက်စားမှု ကျေးကျွန်များကို ရှာဖွေဖော်ထုတ် သွားကြရန်လိုသည်။

ကိုယ်ကျင့်သီလ စင်ကြယ်ကြပါစေ

     ကိုယ်ကျင့်သီလအရာတွင် လူတကာက စံနမူနာပြုရသည့် ဘဝတွင်ရပ်တည်ကြပြီး လူသားအားလုံးက ထာဝရဂုဏ်ပြုရသူများသည် ဘဝတစ်လျှောက်လုံးတွင် အမှန်တရားကို လေးစားတန်ဖိုး ထားတတ်သူများဖြစ်နေသည်ကို တွေ့ရသည်။ မည်သည့်အကြောင်းနှင့်မျှ သူတစ်ပါးကို ထိခိုက်နစ်နာစေသည့်အရာများကို မပြုလုပ်ကြပေ။ လူမှုပတ်ဝန်းကျင် တစ်ခုလုံးကို အရုပ်ဆိုး အကျည်းတန်စေသည့် အဂတိလိုက်စားမှုများကိုလည်း စိတ်ကူးနှင့်မျှ ကျူးလွန်ကြသူများမဟုတ်ပေ။ မှန်ကန်မျှတစွာ ဆောင်ရွက်လိုစိတ်ရှိသူများ၏ စိတ်အစဉ်သည် ထာဝရကြည်လင်လန်းဆန်းနေပြီး ထိုစိတ်တို့ကို ညစ်ညူးစေသည့် အကြောင်းတရားများကို ထာဝရရှောင်ရှားကြသည်။

မိမိ သူတစ်ပါး နှစ်ဦးစလုံးအတွက် အကျိုးကျေးဇူးဖြစ်နိုင်စွမ်းမရှိသည့်  အဂတိတရားလေးပါးသည် ယနေ့အချိန်ထိ လူသားများနှင့် လူမှုပတ်ဝန်းကျင်ကို အတိဒုက္ခများ ဖြစ်ပေါ်စေလျက်ရှိသည်။  အဂတိတရားလေးပါး မလိုက်စားသူသည် လဆန်းသောအခါ လမင်း၏ အရောင်အဝါသည် တစ်နေ့တခြား ထွန်းလင်းတောက်ပလာသကဲ့သို့   စည်းစိမ်ဥစ္စာ၊ အခြံအရံနှင့်ကျော်စောမှု အပေါင်းတို့သည် တစ်နေ့တခြား တိုးပွားလာနိုင်မည်ဖြစ်သဖြင့် အဂတိတရားလေးပါးကို  အစဉ်ထာဝရ ရှောင်ရှားကြခြင်းဖြင့် ဘဝအမှားဘက်လိုက်မှုများမှ   ကင်းဝေးကြပါစေကြောင်း ရည်ရွယ် တင်ပြလိုက်ရသည်။     ။

mwd

photo credit to Transparency International