ကျောင်းသား ကျောင်းသူများကို စာဖတ်ရှိန်မြှင့်တင် ပေးကြပါစို့

Posted_Date

Image

ကျောင်းသား ကျောင်းသူများကို စာဖတ်ရှိန်မြှင့်တင် ပေးကြပါစို့

Body

စာဖတ်သောလူမျိုးသည်   တိုးတက်သည်ဟု ယုံကြည်လက်ခံထားကြသည်။   လက်တွေ့တွင်လည်း စာဖတ်သောလူမျိုး၊  စာဖတ်သောနိုင်ငံသည် တိုးတက်ကြသည်မှာ   မျက်မြင်ဖြစ်သည်။  စာကြည့်တိုက်များသည်   ဘဝတက္ကသိုလ်ဟု ဆိုသည်နှင့်အညီ လေ့လာမှတ်သားစရာများကို မပြတ်လေ့လာ၍ အသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချလျှင် ဘဝအောင်မြင်မှုများ ရရှိမည်ဖြစ်သည်။ စာဖတ်သည့်အလေ့သည် လေ့ကျင့်ပျိုးထောင်ယူရ၏။ ငယ်ငယ်ကစ၍ စာဖတ်ကျင့်စွဲမြဲအောင် ကြိုးစားသူများသည်

ဘဝအတွက်အလွန်အဖိုးတန်သော ပညာများကို ရယူတတ်သူများဖြစ်လျက်ရှိကြကုန်၏။ သို့ဆိုလျှင် စာဖတ်ခြင်းအလေ့အထကို မည်သည့်နေရာက စတင်ပျိုးထောင်ပေးနိုင်ပါသနည်း။    ကလေးငယ်တိုင်း ကျောင်းများတွင် စတင်တက်ရောက်သင်ကြားရသည်ဖြစ်ရာ ကျောင်းစာကြည့်တိုက်နှင့် စာဖတ်ကျင့်လေ့ကျင့် ပျိုးထောင်မှုသည် ကျောင်းများတွင် အတန်းစာသင်ကြားမှုများနှင့် အတူ ကျွဲကူးရေပါ လေ့ကျင့်သင်ကြားပေးရမည့် ပျိုးထောင်မှုတစ်ခုဖြစ်သည်။

ဆိုရှယ်မီဒီယာများ အလွန်ခေတ်စားလာသည့် ယခုခေတ်တွင်     ကျောင်းစာကြည့်တိုက်များ အသက်မဝင်မှုကြောင့် စာမဖတ်သူများ တဖြည်းဖြည်း များပြားလာပေသည်။ ၎င်းသည် နိုင်ငံအတွက်ရော     တစ်မျိုးသားလုံး အတွက်ပါ ကောင်းသော လက္ခဏာမဟုတ်ပေ။

ကျောင်းများတွင် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားလာအောင် ကြိုးစားက  ရရှိနိုင်သကဲ့သို့ ဘက်စုံကဏ္ဍစုံ အောင်မြင် တိုးတက်လာနိုင်သည်။  စာရေးသူသည် လွန်ခဲ့သော ၁ဝ နှစ်ခန့်က တောမြို့ကလေးတစ်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းသို့ အထက်တန်းပြ တာဝန်ဖြင့် ရောက်ခဲ့ရသည်။

ကျောင်းတွင် စာကြည့်တိုက် (သတ်မှတ်အဆောက်အအုံ)တော့ရှိသည်။    ထို့ကြောင့်  စာရေးသူက ကျောင်းအုပ်ကြီးနှင့်   ညှိနှိုင်းတိုင်ပင်၍ စာကြည့်တိုက်လှုပ်ရှားမှု စတင်ရန် ပြင်ဆင်သည်။ 

ကျောင်းအုပ်ကြီးက စာရေးသူကို စာကြည့်တိုက်မှူး တာဝန်ပေးအပ်ပြီး စာကြည့်တိုက်၏ လိုအပ်ချက်များကို   ပြင်ဆင်ဖြည့်စွက်စေသည်။

စာကြည့်တိုက်သို့ ဝင်လိုက်သည်နှင့် ဗီရိုနှင့်စားပွဲများတွင် ရှုပ်ပွနေသော စာအုပ်များကို တွေ့ရသည်။ထို့ကြောင့် ပထမဦးစွာ စာအုပ်များကို အမျိုးအစားအလိုက်ခွဲခြား၍    သပ်သပ်ရပ်ရပ်ပြန်စီရသည်။စာအုပ်များပြန်စီခြင်း၊ ပြန်လည်နေရာချထားခြင်းကို ဆရာ၊ ဆရာမနှင့် ကျောင်းသားအင်အားကို အသုံးပြုဆောင်ရွက်၍  နေ့ချင်းပြီးစီးသွားသည်။ ဒုတိယအဆင့်အနေဖြင့် စာကြည့်တိုက်တွင် မရှိသေးသော၊လိုအပ်သော  စာအုပ်စာပေများကို ကျောင်းဖွံ့ဖြိုး တိုးတက်မှုရန်ပုံငွေကို အသုံးပြု၍ ဝယ်ယူဖြည့်ဆည်းရသည်။   စာကြည့်တိုက်တွင်   စာအုပ်စာပေများ ဖြည့်ဆည်း၍ စနစ်တကျစီစဉ် ထားပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စာဖတ်စေရန် ဆောင်ရွက်ရပါတော့မည်။  စာကြည့်တိုက်ကို ကျောင်းဖွင့်ရက်တိုင်း  နေ့စဉ်ဖွင့်လှစ်ထားသည်။  ကျောင်းအားလပ်ချိန်နှင့် အခြားလိုအပ်ချိန်များတွင် စာကြည့်တိုက်သို့ ဝင်ရောက်ဖတ်ရှုရန် နှိုးဆော်လိုက်သည်။  သို့သော် အချိန်နှစ်ပတ်၊ သုံးပတ်ကြာသည်အထိ ဆရာ၊ ဆရာမများလည်း စာကြည့်တိုက်ဘက်မလှည့်။  ကျောင်းသားများလည်း စာကြည့်တိုက်ထဲသို့ ယောင်၍ပင်မလာကြပါ။ စာရေးသူစိတ်မကောင်းဖြစ်ရသည်။  စာကြည့်တိုက်တွင် ဖတ်စရာ၊ မှတ်စရာ စာအုပ်များရှိပါလျက်နှင့် မည်သူမျှလာမဖတ်၍ စာကြည့်တိုက်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မပျက်လိုသော စာရေးသူ  ခေါင်းကုတ်စဉ်းစားရသည်။ စာရေးသူက မိမိတစ်ယောက်တည်း စဉ်းစားလုပ်ကိုင်ခြင်းထက် အတွေ့အကြုံရှိသူ အကြီးအကဲနှင့် ပူးပေါင်းစဉ်းစားလုပ်ကိုင်ရန် လိုအပ်သည်ဟု သုံးသပ်မိသည်။

သို့နှင့် ကျောင်းအုပ်ကြီးနှင့် ရပ်မိရပ်ဖများအား အစည်းအဝေးဖိတ်ကြား၍ တွေ့ဆုံညှိနှိုင်းလိုက်သောအခါ အဖြေတစ်ခုရသည်။  စာဖတ်ခြင်းကို အပတ်စဉ် ၊နေ့စဉ် အလှည့်ကျ (တာဝန်ကျ) လုပ်ကိုင်ရန် အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်အရ တာဝန်ကျသောအတန်းက စာကြည့်တိုက်တွင် စာလာဖတ်ရမည်။

ထိုအချိန်တွင် ထိုအတန်း၌ တာဝန်ကျသော ဆရာကလည်း ကျောင်းသားများကို စာကြည့်တိုက်တွင် လိုက်လံကြီးကြပ်ရင်း စာဖတ်ခွင့်ပေးသည်။  စာကြည့်ချိန်ကို နံနက်ကျောင်းမတက်မီနှင့် နေ့လယ်ကျောင်းအားချိန်များတွင် သတ်မှတ်ထားသည်။

စာရေးသူက  အလှည့်ကျစာဖတ်ရမည့် အတန်းစာရင်းစာရွက်ကို ကြော်ငြာသင်ပုန်းတွင် ကပ်ထားသည်။

နေ့လယ်ထမင်းစားပြီးချိန်တွင် စာဖတ်ရန် အချိန်ခွဲဝေသတ်မှတ်ပေးထားသဖြင့် စာရေးသူက အလှည့်ကျအတန်းများ၏ စာဖတ်ရှုမှု အခြေအနေကိုလှည့်လည် ကြည့်ရှုသည်။စာကြည့်တိုက်တွင် တာဝန်ကျဆရာ ရောက်နေသော်လည်း ကျောင်းသား၊ ကျောင်းသူများကို မတွေ့ရချေ။  သို့နှင့် အကြောင်းစုံမေးကြည့်သောအခါ စာမဖတ်ချင်ဘူးဟု ပြောကြကြောင်း သိရသည်။  

ထိုနည်းအတိုင်းဆိုလျှင် စာဖတ်ကြမည်မဟုတ်သဖြင့် စဉ်းစားရပြန်သည်။  စာရေးသူက နောက်တစ်မျိုးစဉ်းစား၍ စမ်းသပ်ကြည့်လိုက်သည်။  ထိုနည်းမှာစာဖတ်လျှင် ဖတ်၊ မဖတ်သူကို အပြစ်ခံယူရမည်ဟု သတ်မှတ်သည့်နည်းဖြစ်သည်။  ထိုနည်းကြောင့် အလုပ်စဖြစ်လာသည်။ အပြစ်ခံယူရမည်ကိုကြောက်၍ စာလာဖတ်ကြသည်။ တဖြည်းဖြည်းစာဖတ်ခြင်းကို အရသာတွေ့လာသည့်အခါ ပုံမှန်စာဖတ်လာကြတော့သည်။ ထိုနည်းကို ဓာတ်ဆီဓာတ်ဆန်နည်းဟု စာရေးသူက   အမည်ပေးထားသည်။  ဓာတ်ဆီဓာတ်ဆန်တို့၏ ကျန်စစ်သားပြက်လုံးတွင်     လှံကိုင်လာသူ ကျန်စစ်သားက သူပေးသည့် ရှောက်သီးမစားလျှင် လှံနှင့်ထိုးမည်ဆိုသဖြင့် ရှောက်သီးကို ကြောက်ကြောက်နှင့်စားကြသည်။     ရှောက်သီးအရသာ ထူးကဲနေမှန်းသိကြသောအခါ ထပ်တလဲလဲ တောင်း၍စားသည့်ပုံမျိုးဖြစ်သည်။

ကျောင်းတွင် စာဖတ်သူ ဆွေးနွေးပွဲများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆက်သွယ်ပူးပေါင်း၍ အကောင်အထည်ဖော်ခဲ့သည်။ ဆရာ၊ ဆရာမများကိုလည်း ကျောင်းစုဝေးကွင်းတွင် အလှည့်ကျ စကားပြောရန်စီစဉ်ခဲ့သည်။  စုဝေးကွင်းတွင်   တပည့်များကို သွန်သင်ဆုံးမ စကားပြောရာ၌ အကြောင်းအရာမထပ်အောင် အလှည့်ကျပြောစေသည်။ ဆရာ၊  ဆရာမတို့လည်း အသစ်အသစ်သော အကြောင်းအရာများ ပြောနိုင်ရန် စာပိုဖတ်လာကြသည်။ တပည့်များကိုလည်း မိမိဖတ်မှတ်ခဲ့သော အကြောင်းအရာများကို စုဝေးကွင်းတွင် ရှေ့ထွက်၍  အလှည့်ကျပြောစေသည်။

ထိုသို့ပုံမှန်ပြုလုပ်ခဲ့ရာ   အကျိုးထူးများခံစားကြရသည်။ယခုအခါ နိုင်ငံတော်တွင် ပညာနှင့်ပတ်သက်၍ လိုအပ်ချက်များရှိနေခြင်းကို ပညာဗဟုသုတ ပြည့်စုံကြွယ်ဝစေရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ဆောင်ရွက်နေသည်။  စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်ပြီး စာကြည့်တိုက်၏ လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် စာအုပ်စာပေများ    လှူဒါန်းဆောင်ရွက်လျက်ရှိသည်။ စာဖတ်ရှိန်မြှင့်တင်ကြရာတွင် အွန်လိုင်းမီဒီယာများမှ စာပေဖတ်ရှုနိုင်သော်လည်း အဆိပ်အတောက် သတင်းအချက်အလက်များ လွှမ်းမိုးနေသဖြင့် မိမိဘဝအတွက် အမှန်တကယ် အကျိုးရှိစေမည့်စာပေများကို ရွေးချယ်

ဖတ်ရှုတတ်ရန် လိုပေသည်။   စာအုပ်စာပေဖတ်ရှုမှုသည်ကား မိမိ၏လူမှုဘဝကို ဖွံ့ဖြိုးတိုးတက်စေသဖြင့် အထောက်အကူဖြစ်စေမည့် စာအုပ်များကို ရွေးချယ်ဖတ်ရှုရမည်ဖြစ်သည်။   စာသင်ကျောင်းများတွင် စာကြည့်တိုက်များ တိုးချဲ့ဖွင့်လှစ်၍ အမှန်တကယ်အကျိုးဖြစ်စေနိုင်သည့် စာအုပ်စာပေများ ထားရှိနိုင်ရေး  ဆောင်ရွက်ကြရမည်ဖြစ်သည်။ စာပေဖတ်ရှုရန်အတွက် အပျော်ဖတ်စာပေမှ စတင်၍ ဗဟုသုတရရှိသည့် စာပေများအထိဖတ်ရှုနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတို့မှ သုတ ၊ ရသ စာအုပ်စာစောင်များကို အပတ်စဉ်၊ လစဉ်၊ နှစ်စဉ်ပုံနှိပ်ထုတ်ဝေလျက်ရှိသကဲ့သို့ သတင်းစာများတွင်လည်း  ထည့်သွင်းဖော်ပြပေးလျက်ရှိသည်။   စာကြည့်တိုက်များဖွံ့ဖြိုး

တိုးတက်ရေးအတွက် အလှူငွေများနှင့်   စာအုပ်စာစောင်များ လှူဒါန်းခဲ့ကြသည့်   အလှူရှင်များ၏ လှူဒါန်းမှုသည်  မွန်မြတ်သည့်အသိပညာဒါန အလှူဖြစ်ပေသည်။ ပြည်သူအားလုံးအနေဖြင့်  “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု”များကို  ရည်ရွယ်ချက်အောင်မြင်စေရန်  ဝိုင်းဝန်းအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။

သို့ဖြစ်၍  ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကျောင်းသား၊ ကျောင်းသူများ   အမှန်တကယ် ပညာတတ်စေရေး၊ ယဉ်ကျေးလိမ္မာ၍ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ရှိသူများဖြစ်စေရေးအတွက် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ကြိုးစားပြုစု ပျိုးထောင်ပေးကြပါစို့ဟု တိုက်တွန်း လိုက်ရပေသည်။   ။

MWD