ဇက်ကျီးပေါင်းတက်ရောဂါ
Posted_Date
Image
Body
စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် မကြာခဏမူးသဖြင့်သူ့ကိုယ်သူနှလုံး ရောဂါဖြစ်လာပြီဟုထင်ကာ နှလုံးအထူးကုဆရာဝန်ကြီးနှင့်ပြသည်။ပေးသမျှ ဆေးကို မှန်မှန်ဝယ်သည်။ နှလုံးနှင့်မသင့်သော အဆီအအိမ့်များကို ရှောင်သည်။ နောက်ဆုံး နွားနို့နှင့်အသားများကိုပါ ရှောင်သည်။ သို့သော်သူ၏အမူးရောဂါမှာသက်သာမလာ။ မသက်သာဟုဆိုသော် လည်း တစ်ခါတစ်ရံ သက်သာနေသည်။ တစ်ခါတစ်ရံ အခန့်မသင့်လျှင်မူးပြန်သည်။
သူ၏မူးပုံမှာဆန်းသည်။ နံနက်ပိုင်းတွင်အကောင်းပကတိရှိနေသည်။ နေ့လယ်ထမင်းစားပြီးချိန်အထိလည်း အကောင်း၊ ထမင်းစားပြီး ခေတ္တခဏမျှ တစ်ရေးတစ်မောအိပ်စက်ရန်ခေါင်းအုံး ပေါ်လှဲချလိုက်ချိန်တွင် ငြိမ့်ခနဲမူးသွားပြီး အိပ်၍လည်းမပျော်၊အိပ်ရာပေါ်တွင် ငြိမ်ငြိမ်အိပ်နေသော်လည်း ရထားစီးနေ သကဲ့သို့၊ လှိုင်းစီးနေသကဲ့သို့ ခံစားနေ ရသည်ဟုဆိုသည်။ သူပြောသောစကား အရစာရေးသူသည် အာယုဗ္ဗေဒကျမ်း တွင်ပါသောအက္ခေပကခေါ် ဆင်ဦးစီး လေနှင့်တူသည်ဟု စဉ်းစားမိသည်။ ဆင်၏ ဦးခေါင်းပိုင်းတွင်ထိုင်၍လိုက်သော ဆင်ဦးစီးမှာအငြိမ်နေရသည်မဟုတ် တငြိမ့်ငြိမ့်နှင့် ရှေ့သို့ထိုးသည်ဟုဆိုသည်။
အမှန်တော့ စာရေးသူ၏မိတ်ဆွေ ရောဂါမှာ ဇက်ကျီးပေါင်းတက်၍ မူးသော ရောဂါဖြစ်သည်။နှလုံးရောဂါနှင့်ရော ထွေးကာ အနာတလွဲ၊ ဆေးတလွဲဖြစ် နေခြင်းသာ။ တကယ်တော့သူသည် နှစ်ပေါင်းများစွာ ခေါင်းငုံ့ပြီး စာရေးရသည့် ရုံးအုပ်၊စာရေးကြီးအလုပ်ကိုလုပ်ခဲ့သူဖြစ်သည်။လည်ပင်းရိုးဆစ်များကို ခေါင်းငုံ့သည့်အနေအထားဖြင့်နှစ်ရှည် အလုပ်လုပ်ခဲ့သူများမှာ ကျီးပေါင်းတက် ရောဂါရစမြဲဖြစ်သည်။
ဦးခေါင်းကိုပင့်ထားသော လည်ပင်း ရိုးဆစ်သည်အဆစ်ပေါင်းခုနစ်ဆစ်ရှိ သည်။ ဦးခေါင်းငုံ့ခြင်း၊ မော့ခြင်း၊ ဘေးသို့ လှည့်၍ကြည့်ခြင်းအလုပ်တို့ကို ထိုအရိုး ဆစ်များဘေးမှထွက်သည့် အာရုံကြော များက လုပ်ဆောင်ပေးသည်။တစ်ခါ တစ်ရံ အခန့်မသင့်၍ ငုံ့လိုက်၊မော့လိုက်ရာမှအာရုံကြောနှင့်အရိုးအဆစ်နှစ်ခု ကြားတွင်ရှိသော ဝါရှာကဲ့သို့ ခံထားသော အရွတ်တုံး ပိမိ၊ ညပ်မိသောအခါ ထုံခြင်း၊ ကျဉ်ခြင်း၊ကိုက်ခဲခြင်း၊နာကျင်ခြင်း၊ မူးဝေခြင်း စသောအာရုံခံစားချက်အမျိုးမျိုး ကို သူ့နေရာ၊ သူ့အနေအထားအလိုက် ခံစားရပေသည်။ ဦးနှောက်သို့သွေးပို့သော သွေးကြောပိုက်လိုင်းကိုပိမိသောအခါ ချာချာလည်မူးဝေသောဝေဒနာခံစားရသည်။ ထိုခံစားချက်သည် တစ်ခဏတာ ဖြစ်သည်ရှိသလိုရက်ရှည်ဒုက္ခပေးနေ သည်မျိုးလည်းရှိသည်။
လူအများ မကြာခဏဖြစ်လေ့ရှိသော အာရုံကြောညပ်ဝေဒနာမှာ လည်ပင်းရိုး အဆစ် (၃)နှင့် (၄)ကြား အာရုံကြော ညပ်လျှင်လည်ကုပ်အထက်နားမှ ဘယ်ညာညှပ်ရိုး အထက်ဧရိယာအထိ နာကျင်ပြီး ဇက်လှည့်မကောင်းခြင်း၊ ဇက်ခိုင်ခြင်းဖြစ်လေ့ရှိသည်။ လည်ပင်းရိုး အဆစ်(၄)နှင့် (၅) ကြား အာရုံကြော ညပ်လျှင်လည်ကုပ်ဆက်မှဘယ်ညာ ပခုံးကြော၊ လက်ပြင်ကြောအထိ ကိုက်ခဲ နာကျင်နေတတ်သည်။
အုံးလွဲသည့်ဝေဒနာကို ပုံမှန်ပူနွေး စေသည့် အကြောလိမ်းဆေး၊ ပရုတ်ဆီ၊ မုန်ညင်းဆီ စသည်များလိမ်းပေး၍ အကြော ပျော့ပျောင်းစေသောအခါ ဝေဒနာသက်သာ သွားစေနိုင်သည်။ တချို့မှာ အနှိပ်သည်ဖြင့် ခပ်ကြမ်းကြမ်းနှိပ်မိပြီး အနှိပ်မှားကာ အကြောရောင်သောအဆင့်သို့ ရောက်၍ ပိုဆိုးသောဝေဒနာကို ရက်ရှည်ခံစားရနိုင် ကြောင်း သတိပြုစေလိုသည်။
ဇက်ကျီးပေါင်းတက် အမူးရောဂါ အကြောင်းပြန်ကောက်ရလျှင်လူ၏ လည်ပင်းရိုးဆစ် ခုနစ်ဆစ်အတွင်းမှ သွားသော သွေးကြောမကြီးနှစ်ခု ရှိသည်။ ထိုသွေးပိုက်လိုင်းနှစ်ခုသည်ဦးခေါင်းခွံအတွင်းရှိ ဦးနှောက်ဘယ် ဘက်အခြမ်းနှင့် ညာဘက်အခြမ်းသို့ သွေးပို့ပေးသည်။ လည်ပင်းရိုးဆစ်သည် ကျီးပေါင်းကြောင့် အပွေးတက်ပြီး ထူလာ ခြင်း၊ ရှေ့သို့ ချွန်ထွက်လာခြင်း၊ အတက် ကဲ့သို့ ရှည်ထွက်လာခြင်းဖြစ်နိုင်သည်။ ခေါင်းငုံ့စာရေးသည့်အလုပ်ကို နှစ်ပေါင်း ၂၀၊ ၃၀ ပြုလုပ်ခဲ့သူများတွင်သာဖြစ်လေ့ ရှိသည်။
ကျီးပေါင်းအချွန်အတက်သည် ခေါင်း ငုံ့လိုက်သောအခါ သို့မဟုတ် မော့လိုက် သောအခါ၊ အိပ်ရာထဲသို့ လှဲအိပ်လိုက် သောအခါ၊ အခန့်မသင့်သောအခါများ တွင် ဦးနှောက်သို့ပို့သော သွေးကြောမကြီး ကို သွား၍ဖိမိပြီး ဦးနှောက်တစ်ခြမ်း မှာ သွေးမရောက်ဘဲ မူးဝေသောခံစား ချက်ကို ရုတ်တရက်ခံစားလိုက်ရခြင်း ဖြစ်သည်။ ဖိမိသောအနေအထားမှ ပြောင်းလိုက်သောအခါ သွေးပြန်ရောက် သဖြင့် မူးဝေခြင်းပျောက်သွားပြန်သည်။ ဤသည်ကိုပင် ဆင်စီးသကဲ့သို့၊ လှိုင်းစီး သကဲ့သို့ မူးဝေသည်ဟု ခံစားရခြင်းဖြစ် သည်။
ဤသို့မဖြစ်စေရန် အနောက်တိုင်း ဆရာဝန်များက လည်ပင်းထောက် သားရေလည်ပတ်များ ပတ်ထားခိုင်းလေ့ ရှိသည်။ ရုတ်တရက် ငုံ့လိုက်ခြင်း၊ မော့ လိုက်ခြင်း မပြုလုပ်နိုင်စေရန် လည်ပင်း ထောက်ဖြင့် တားထားခြင်းဖြစ်သည်။ ရေရှည်ကုထုံးမှာ လည်ပင်းရိုးဆစ်များ ထပ်မနေစေရန်၊ ကျီးပေါင်းကြောင့် အရွတ် တုံးများ ပိမနေစေရန် Attraction ခေါ် ဇက်ဆွဲကုသခြင်း၊ ခဲဆွဲကုသခြင်းဖြင့် ကုသလျှင် သက်သာစေနိုင်သည်။ ထို ကုသခြင်းမျိုးမှာလည်း တစ်ခဏနှင့်မရ။ နှစ်ချီပြုလုပ်ရသော ရေရှည်ကုသနည်း ဖြစ်သည်။
စာရေးသူ၏မိတ်ဆွေ ခံစားရသော ဆင်စီးသကဲ့သို့ တငြိမ့်ငြိမ့်ခံစားရသည့် ခေါင်းမူးဝေဒနာမှာ ဝမ်းချုပ်သောနေ့များ တွင် ပို၍ဖြစ်လေ့ရှိသည်ဟုဆိုသည်။ သူ သည် ကောက်ညှင်းကိုအလွန်ကြိုက်သော် လည်း မစားရဲတော့ဟုဆိုသည်။ ကောက် ညှင်းစားပြီး နောက်တစ်ရက် ဝမ်းချုပ် သွားလျှင် ချာချာလည်မူးသောဝေဒနာ စတင်ခံစားရလေတော့သည်။ အခန့် မသင့်လျှင် ပစ္စည်းတစ်ခုလွတ်ကျ၍ ကုန်း ကောက်လိုက်ချိန်မှစ၍မူးသည်။ အိပ် ရာထဲလှဲချလိုက်ချိန်တွင် မူးသည်လည်း ရှိသည်။ ထိုသို့မူးသွားလျှင် စကားမပြော ဘဲ ငြိမ်ငြိမ်လေးနေမှ သက်သာသည်ဟု ဆိုသည်။ သူအိပ်သည့်ခုတင်နံဘေးသို့ လူတစ်ယောက်ရောက်လာပြီး ခုတင် ကိုကိုင်လိုက်လျှင် ပို၍မူးသည်ဟုဆို သည်။
ထိုကဲ့သို့ ထူးဆန်းစွာမူးသောအမူး ရောဂါသည် ဝမ်းမှန်သောနေ့၊ လေလည် သောနေ့များတွင် ထူးခြားစွာသက်သာ သည်ဟုဆိုသည်။ စိတ်ထင်၍လားဟု ဆန်းစစ်ကြည့်သောအခါတွင်လည်း အမှန် ပင် ဝမ်းချုပ်၊ လေချုပ်ခြင်းနှင့် ကျီးပေါင်း ကြောင့်မူးခြင်းမှာ ဆက်နွှယ်နေသလို ခံစားနေရသည်ဟုဆိုသည်။ သူသည် အရိုးအဆစ်အထူးကု ဆရာဝန်ကြီးများ နှင့်ပြသပြီး လည်ပင်းရိုးဆစ်ကို ဓာတ်မှန် ရိုက်စစ်ဆေးသောအခါ C3- C4၊ C4-C5၊ C5- C6 စသော လည်ပင်းရိုးဆစ်များ တွင် Spondylosis ခေါ် အရိုးကျီးပေါင်းတက် ရောဂါရှိနေသည်ဟုဆိုသည်။ အာရုံကြော ဆေးများစားရသည့်အပြင်လည်ပင်း ထောက်ကိုလည်း အပြင်ထွက်သည့် အခါတိုင်း တပ်ထားရသည်။ Attraction ခေါ် ဇက်ဆွဲသည့် ကိရိယာနှင့်ပြုလုပ်ရ သောလေ့ကျင့်ခန်းကို တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ် ဆေးရုံတွင်သွား၍ ပြုလုပ်ရသည်။ ပုံမှန်အားဖြင့် သက်သာ သလိုရှိသော်လည်း ဝမ်းချုပ်မခံဝံ့။ ဝမ်းချုပ်၊ လေချုပ်သောနေ့များတွင် မူးမြဲမူးလျက် ရှိသည်ဟု သူကပြောသည်။
ဒေသနာနယ ဆေးပညာအလိုအရ ဝမ်းချုပ်သောအခါ အဓေါဝါတခေါ် အောက်သို့စုန်သောလေသည် ပိတ်သွား သဖြင့် အထက်သို့ဆန်သောလေ ဥဒင်္ဂမ ဝါယောအားကောင်းလာပြီး အထက်သို့ ဆောင်သောကြောင့် ခေါင်းမူးခြင်းဖြစ်နိုင် သည်။ သာမန်ဆိုလျှင် ခေါင်းမကြည်ခြင်း၊ စိတ်မကြည်ခြင်းမျှသာ ဖြစ်နိုင်သော်လည်း ဇက်ကျီးပေါင်းအခံရှိသူများမှာ ဦးနှောက်သို့ပို့သောသွေးကို ဆောင့် တက်သော လေဖိအားကြောင့် မူးခြင်း နှင့် ကျီးပေါင်းမှပိတ်ဆို့ခြင်း ဆုံသွားသော အခါ လေမျိုး ၈ဝ တွင်ပါသော အက္ခေပက ဝါယော (ဆင်ဦးစီးလေ) တငြိမ့်ငြိမ့်နေသကဲ့ သို့ ရှေ့တိုးနောက်ဆုတ်မူးဝေခြင်း ဖြစ်ရလေသည်။
ထိုသို့ဖြစ်သော လေရောဂါကိုကုသရန် လက္ခဏုဇုကျမ်းမှ လေမျိုး ၈ဝ ဆေးနည်း ကို ဖော်ပြလိုပါသည်။ စာရေးသူ၏ မိတ်ဆွေသည် ဤလေမျိုး ၈ဝ ဆေးဖြင့် သူ၏အမူးဝေဒနာ သက်သာသည်ဟုဆို သဖြင့် ဆေးနည်းပေးဖော်ပြရခြင်းဖြစ် ပါသည်။
လေမျိုး ၈ဝ ဆေးနည်း
၁။ ဆားခါး - ၁ ပိဿာ
၂။ ရေ - ၂ ပိဿာ
၃။ ဇဝက်သာ - ၅ ကျပ်သား
၄။ ယမ်းစိမ်း - ၂ ကျပ် ၈ ပဲသား
၅။ ကျောက်ချဉ် - ၁ ကျပ်သား
မီးမှာတင်၍ချက်။ အမြှုပ်သေလျှင် ချ။ အအေးခံပြီး ပုလင်းနှင့်ထားလေ။
ဆေးတိုက်ရန် အချိန်အဆ- လူကြီး ကြွေဇွန်းနှင့် နှစ်ဇွန်းမှ သုံးဇွန်းအထိ၊
-လူငယ် ကြွေဇွန်းနှင့် တစ်ဇွန်းမှ နှစ်ဇွန်း အထိ၊ချင့်ချိန်၍တိုက်။ ပြီးလျှင် ရေနွေးသောက်။ ဝမ်းရပ်စေလိုလျှင်ရေအေးသောက်။
-ဝမ်းသွားများ၍ မရပ်လျှင် မီးမကင် ဆေးသောက်။
-ကက္ခလအနာ။ ဝိတ္ထံဘီတနာများ ပေး လေ။
လက္ခဏုဇုကျမ်း မူရင်းအတိုင်း ဖော်ပြ ထားပါသည်။
MWD
Photo Credit to Myanmar Health Directory
