သွေးပြန်ကြောထုံးရောဂါ အကြောင်း သိကောင်းစရာ
Posted_Date
Image
Body
သွေးပြန်ကြောထုံးရောဂါ ( Varicose Vein) သည် အလွန်အဖြစ်များပြီး ခြေထောက်များ၊ ခြေဖဝါးများနှင့် ခြေချင်းဝတ်များတွင် အရေပြား ၏မျက်နှာပြင်အောက်ရှိ သွေးပြန်ကြောများ ရောင်ရမ်းတွန့်လိမ်၍ အဖုအထစ်များ ထွက်နေသော အခြေအနေတစ်ခုဖြစ်သည်။ ရောင်နေသော သွေးပြန်ကြောများကို အရေပြားအရောင်ပေါ်မူတည်၍ ခရမ်းရောင်၊ အပြာရောင် သို့မဟုတ် အရေပြားကဲ့သို့ အရောင်တူသောအကွက်များကို အလွယ်တကူမြင်နိုင်သည်။ တစ်ခါတစ်ရံ ခြေသလုံးပေါ်ရှိကြိုးများကဲ့သို့ဖြစ်နေတတ်သည်။ ယင်းတို့သည် နာကျင်ခြင်းနှင့် ယားယံခြင်းဖြစ်နိုင်ပြီး သွေးပြန်ကြောများ ရောင်ရမ်းမှုပြင်းထန်သောအခါအရေပြားပေါ်တွင် အနာများဖြစ်စေနိုင်သည်။ တချို့လူများတွင် လှပမှုအတွက် စိုးရိမ်စရာဖြစ်သည်။ သွေးပြန်ကြောထုံးခြင်းသည် ခြေထောက် များတွင် အများဆုံးဖြစ်သော်လည်း ခန္ဓာကိုယ်၏တခြားအစိတ်အပိုင်းများတွင်လည်း တွေ့ရနိုင်သည်။
သွေးပြန်ကြောထုံးခြင်းဖြစ်ပေါ်လာသော အကြောင်းရင်း
သွေးပြန်ကြောထုံးခြင်းသည် အရေပြား၏ မျက်နှာပြင်အနီးရှိ သွေးပြန်ကြောများတွင်ဖြစ်ပေါ်တတ်ပြီး သွေးပြန်ကြောများတွင် သွေးဖိအားများခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူတို့၏ခန္ဓာကိုယ်တွင် သွေးများသည် သွေးပြန်ကြောအတွင်းရှိ တစ်လမ်းသွား အဆို့ရှင်များဖြင့် နှလုံးဆီသို့ရွေ့လျားသည်။ အဆို့ရှင်များအားနည်းလာသောအခါသို့မဟုတ် ပျက်စီးသွားသောအခါ သွေးပြန်ကြောများအတွင်း သွေးများ စုပုံလာနိုင်သည်။ ထိုအခါ သွေးပြန်ကြောများကျယ်လာစေသည်။ ကြာရှည်စွာထိုင်ခြင်းနှင့် မတ်တတ်ရပ်ခြင်းသည် ခြေထောက်သွေးပြန်ကြောများအတွင်း သွေးများစုပုံလာစေပြီး သွေးကြောအတွင်း ဖိအားကိုတိုးလာစေပါသည်။ သွေးပြန်ကြောများသည် တိုးလာသောဖိအားမှဆန့်ထွက်နိုင်သောကြောင့် သွေးပြန်ကြောများကျယ်ပြီး ဖောင်းလာသောအခါ သွေးကြောနံရံများကိုအားနည်းစေကာ အဆို့ရှင်များကိုပျက်စီးစေနိုင်သည်။ မတ်တတ်ရပ်ပြီး လမ်းလျှောက်ခြင်းသည် ခန္ဓာကိုယ်အောက်ပိုင်းရှိ သွေးပြန်ကြောများကို ဖိအားများစေသောကြောင့် သွေးပြန်ကြောထုံးခြင်းအများစုကို ခြေထောက်ရှိ သွေးပြန်ကြောများတွင် တွေ့ရတတ်သည်။
သွေးပြန်ကြောထုံးနိုင်သော အခြေအနေများ
မိသားစုဝင်များတွင် သွေးပြန်ကြောထုံးရောဂါ ရာဇဝင်ရှိလျှင် ဖြစ်နိုင်ခြေပိုများပါသည်။ အဝလွန်ခြင်းသည် သွေးပြန်ကြောများပေါ်တွင် ဖိအားထပ်တိုးစေသည်။ အသက်ကြီးလာသည်နှင့်အမျှ သွေးပြန်ကြောများ စီးဆင်းမှုကိုထိန်းချုပ်ရန် ကူညီပေးသော သွေးပြန်ကြောရှိ အဆို့ရှင်များတွင် ပွန်းပဲ့ခြင်းနှင့်စုတ်ပြဲခြင်းတို့ကိုဖြစ်စေသည်။ အမျိုးသမီးများတွင် ဖြစ်နိုင်ခြေပိုများသည်။ ဟော်မုန်းများသည် သွေးကြောနံရံများကို ပြေလျော့စေသည်။ ထို့ကြောင့် ဓမ္မတာမပေါ်မီ၊ ကိုယ်ဝန်မဆောင် မီနှင့်သွေးဆုံးချိန်များတွင် ဟော်မုန်းအပြောင်းအလဲများကြောင့် သွေးပြန်ကြောများ ထုံးခြင်းဖြစ်နိုင်သည်။ ပဋိသန္ဓေ တားဆေးနှင့်ဟော်မုန်း ကုသမှုများသည်လည်း သွေးပြန်ကြော ထုံးခြင်းကိုဖြစ်စေနိုင်သည်။
ကိုယ်ဝန်ဆောင်ချိန်တွင် ခန္ဓာကိုယ်ထဲရှိသွေးပမာဏတိုးလာခြင်းသည် ကလေးကြီးထွားလာမှုကို ထောက်ပံ့ပေးသော်လည်း ခြေထောက်ရှိ သွေးပြန်ကြောများကို ပိုကြီးလာစေနိုင်သည်။ လှုပ်ရှားမှုသည် သွေးစီးဆင်းမှုကို အထောက်အကူပြုသဖြင့် အချိန်ကြာကြာမတ်တတ်ရပ်ခြင်းနှင့် ခြေထောက်ချိတ်ထိုင်ခြင်းသည်လည်း သွေးပြန်ကြောထုံးခြင်းဖြစ်နိုင်ပါသည်။
သွေးပြန်ကြောထုံးခြင်း၏ နောက်ဆက်တွဲပြဿနာများ
လူအများစုအတွက် သွေးပြန်ကြောထုံးရောဂါသည် များသောအားဖြင့် မပြင်းထန်ဘဲ နောက်ဆက်တွဲပြဿနာများမရှိပါ။ တချို့သော လူနာများတွင် ကုသမှုမခံယူပါက သွေးပြန်ကြောထုံးရောဂါသည် ခြေထောက်များ ဖောရောင်လာခြင်း၊ အရေပြားတွင် အနာများဖြစ်ခြင်း၊ အနာမကျက်ခြင်း၊ သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်းနှင့် အရေပြားအရောင်ပြောင်းခြင်းတို့ကိုဖြစ်စေနိုင်သည်။
သို့သော် ပိုမိုပြင်းထန်သော အခြေအနေရှိပါက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်လာနိုင်သည်။ ပြင်းထန်သော သွေးပြန်ကြောထုံးရောဂါသည် နာတာရှည်သွေး လည်ပတ်စီးဆင်းမှု မလုံလောက် ခြင်း၏လက္ခဏာများ ဖြစ်လာနိုင်သည်။ ဤအခြေအနေသည် သွေးပြန်ကြောများမှ နှလုံးဆီသို့ သွေးများညှစ်ထုတ်နိုင်စွမ်းကိုထိခိုက်စေပါသည်။ အပေါ်ယံသွေးပြန်ကြောများ အတွင်းတွင် ကာလကြာရှည် ရောင်ရမ်းခြင်း (Chronic Superficial Thrombophlebitis) အတွက် နာကျင်ခြင်းနှင့် သွေးခဲခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း များသောအားဖြင့် အန္တရာယ်မရှိပါ။ ကုသ၍လည်းရပါသည်။
တစ်ခါတစ်ရံတွင် ပြင်းထန်သောအပေါ်ယံ သွေးပြန်ကြောထုံးရောဂါကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းရှိ သွေးပြန်ကြောများ ပိုကြီးလာပြီးခြေထောက် အတွင်းပိုင်းတွင်ရှိသော သွေးပြန်ကြောများတွင်ပါ သွေးခဲခြင်း (Deep Vein Thrombosis)ဖြစ်နိုင်ခြေရှိသည်။ ထိုအခါ ခန္ဓာကိုယ်ရှိ သွေးခဲများသည် အဆုတ်ထဲသို့ ဝင်ရောက်နိုင်ပြီး (Pulmonary embolism)ဖြစ်ပါက ချက်ချင်းကုသရန်လိုအပ်သော အသက်အန္တရာယ်ရှိသည့် အခြေအနေတစ်ခုဖြစ်သည်။ ထို့ကြောင့် ပြင်းထန်သောသွေးပြန်ကြောထုံး ရောဂါအခြေအနေရှိပါက ဆရာဝန်နှင့်စောစီးစွာပြသ၍ သွေးခဲခြင်းဆိုင်ရာရောဂါများအတွက် အကဲဖြတ်စောင့်ကြည့်ရန် အရေးကြီးပါသည်။
ရောဂါရှာဖွေမှုနှင့်စမ်းသပ်စစ်ဆေးမှုများ
ကျန်းမာရေးရာဇဝင်နှင့် ရောဂါလက္ခဏာများ အကြောင်းမေးခွန်းများမေးပြီး သွေးပြန်ကြောများကို ရှာဖွေစစ်ဆေးရန် လိုအပ်ပါသည်။
သွေးပြန်ကြောများသည် အရေပြားမျက်နှာပြင်နှင့် နီးကပ်နေပြီးမြင်ရန်လွယ်ကူသည်။ သွေးပြန်ကြောများ၏ သွေးစီးဆင်းမှုနှင့် ခြေထောက် သွေးပြန်ကြောများ တည်ဆောက်ပုံကို စစ်ဆေးရန်၊ သွေးခဲများနှင့်အဆို့ရှင်များ အလုပ်လုပ်ပုံကိုကြည့်ရန် အသံလှိုင်းများကို အသုံးပြုသောသွေး ကြောဆိုင်ရာ အာထရာဆောင်း ရိုက်ရမည်ဖြစ်သည်။
ကုသမှုနည်းလမ်းများ
ရောဂါကုသမှုမခံယူပါက တစ်ခါတစ်ရံတွင် သွေးပြန်ကြောထုံးရောဂါ လက္ခဏာများပိုဆိုးလာနိုင်သည်။ ပြင်းထန်သောသွေးပြန်ကြောထုံးရောဂါများတွင် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်ခွဲစိတ် ကုသခြင်း သို့မဟုတ် လေဆာဖြင့်ကုသခြင်းဖြင့် ကုသရန်လိုအပ်နိုင် သည်။
သွေးပြန်ကြောထုံးခြင်းအနည်းငယ်ရှိပါက ပိုဆိုးမလာစေရန် ခြေထောက်များကိုမြှင့်ထားခြင်းဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ခြေထောက်ရောင်ရမ်းခြင်းကို သက်သာစေနိုင်သည်။ လဲလျောင်းနေစဉ် ခြေထောက်များကို တစ်နေ့သုံးကြိမ် သို့မဟုတ် လေးကြိမ် တစ်ကြိမ်လျှင် ၁၅ မိနစ်ခန့် မြှင့်တင်ရန်ကြိုးစားပါ။ အချိန်ကြာကြာထိုင်ရန် သို့မဟုတ် မတ်တတ်ရပ်ရန်လိုအပ်ပါက ခြေထောက်များကို ရံဖန်ရံခါ ကွေးညွတ်ပေးခြင်းသည် သွေးလည်ပတ်မှုကောင်းစေရန်ကူညီပေးနိုင် သည်။ ဖိအားပေးသောခြေအိတ်များသည် သွေးပြန်ကြောများကို ညှစ်ပေးပြီး သွေးများစုပုံခြင်းမှ ကာကွယ်ပေးသဖြင့် နေ့တိုင်းဝတ်ဆင်ခြင်း ဖြင့် သက်သာစေနိုင်ပါသည်။
ကာကွယ်မှုနည်းလမ်းများ
မိသားစုရာဇဝင် သို့မဟုတ် အသက်အရွယ်ကြီးလာခြင်းကြောင့် ဖြစ်သော သွေးပြန်ကြောထုံးခြင်းကို ရှောင်ရှားရန်ခက်ခဲပါသည်။ သို့သော် ကျန်းမာသော လူနေမှုပုံစံကို ပြောင်းလဲခြင်းဖြင့် အန္တရာယ်ကိုလျှော့ချ နိုင်သည်။ သွေးပြန်ကြောပြဿနာများကို တတ်နိုင်သမျှနှောင့်နှေးစေရန်နှင့် ရှိပြီးသားသွေးပြန်ကြောထုံးများ ပိုဆိုးမလာစေရန် တားဆီးနိုင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း၊ လမ်းလျှောက်ခြင်းနှင့် တခြားသောကိုယ်လက် လှုပ်ရှားမှုများက သွေးပြန်ကြောများမှတစ်ဆင့် သွေးများကိုရွေ့လျားစေပြီး နှလုံးဆီသို့ ပြန်လည်ရောက်ရှိစေရန် ကူညီပေးနိုင်ပါသည်။သွေးစီးဆင်းမှုနှင့် ကြွက်သားများ အားကောင်းလာခြင်းသည် သွေးပြန်ကြောထုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။ သို့သော် ပြင်းထန်သောလေ့ကျင့်ခန်းများသည် သွေးပြန်ကြောထုံးခြင်းကို ပိုဆိုးစေနိုင်သည်။ သွေးပြန်ကြောထုံး ခြင်းကိုကာကွယ်ရန် အကျိုးကျေးဇူး အများဆုံးလေ့ကျင့်ခန်းမှာ သွေး
လည်ပတ်မှုအားကောင်းစေသည့် လမ်းလျှောက်ခြင်းနှင့် ယောဂကျင့်ခြင်းဖြစ်သည်။ ယောဂကျင့်ခြင်းသည် ခြေသလုံးကြွက်သားများနှင့် တံကောက်ကြောရှိ အတွင်းကြွက်သားများကို ဆန့်ထုတ်နိုင်စေရန် ကူညီပေးသည်။ နှလုံးထက် ခြေထောက်ကိုပိုမြင့်စေမည့် ကိုယ်ဟန် အနေအထားများစွာကို လေ့ကျင့်နိုင်ပါသည်။ တခြားအကျိုးရှိသော လေ့ကျင့်ခန်းများမှာ စက်ဘီးစီးခြင်းနှင့် ရေကူးခြင်းတို့ဖြစ်သည်။
အမျိုးသမီးများတွင် ဟော်မုန်းဓာတ်များသော သန္ဓေတားဆေးများ သောက်သုံးခြင်းသည် သွေးပြန်ကြောရှိအဆို့ရှင်များကို အားနည်းသွား စေသဖြင့် ကြာရှည်အသုံးပြုခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်းသည် ခြေထောက်များတွင် သွေးလည်ပတ်မှုကိုလျော့ကျစေပြီး သွေးပြန်ကြောထုံးခြင်းဖြစ်စေနိုင်သဖြင့် အနည်းဆုံး မိနစ် ၃၀ ကြာတိုင်း ဆန့်ထုတ်ခြင်း သို့မဟုတ် လမ်းလျှောက်သည့်လှုပ်ရှားမှု မကြာခဏပြုလုပ်ပါ။ ထိုင်ခြင်း သို့မဟုတ် လဲလျောင်းသည့်အခါ ခြေထောက်များကို မြှောက်ထားပါ။ဆေးလိပ်သောက်ခြင်းသည် သွေးပြန်ကြောများကို ပျက်စီးစေပြီး နှလုံး ဆီသို့ သွေးပြန်ဝင်ရန်ခက်ခဲစေသဖြင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။ ဒေါက်မြင့်ဖိနပ်များသည် ခြေထောက်များတွင် သွေးစီးဆင်းမှု ကိုထိခိုက်စေနိုင်၍ ဒေါက်မြင့်ဖိနပ်ကို အချိန်ကြာကြာ ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်သင့်သည်။ တင်းကျပ်သော အဝတ်အစားများသည် သွေးစီးဆင်းရန်ခက်ခဲစေသဖြင့် ရှောင်ကြဉ်ပါ။ အမျှင်ဓာတ်များသော၊ ဆားနည်းသော အစားအစာများသည် သွေးစီးဆင်းမှုကို ကောင်းမွန်အောင် ကူညီပေးနိုင်ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
MWD
Photo Credit to NHS
