စံနမူနာ ရှေ့ကပြပါ (အပြောနှင့်အလုပ်)

Posted_Date

Image

စံနမူနာ ရှေ့ကပြပါ (အပြောနှင့်အလုပ်)

Body

လူတို့သည် မိမိကိုယ်တိုင် ခေါင်းဆောင်ဟု မခံယူထားသော်လည်း ဦးဆောင်မှုပုံစံတစ်ခုခုကို ပြုလုပ်နေတတ် ရပါသည်။ ဦးဆောင်သည့် နေရာ၊ ပုံစံသာ ကွဲပြားပါမည်။ မည်သည့်နေရာတွင် ဦးဆောင်သည် ဖြစ်စေ နောက်လိုက်များအပေါ် မိမိလိုချင်သည့် ပုံစံမျိုး ဖြစ်လိုသည်မှာ သဘာဝပင် ဖြစ်ပါသည်။ ထိုအခါမျိုးတွင် ခေါင်းဆောင် ဖြစ်သူ မိမိကိုယ်တိုင်က အပြောနှင့်အလုပ် ညီညွတ်အောင် လုပ်ပြနိုင်ရမည်။ မိမိကိုယ်တိုင် စံနမူနာပြ လုပ်ပြမှသာ နောက်လိုက်က လိုက်ပါဆောင်ရွက်မည် မဟုတ်ပါလား။ 

စံနမူနာလမ်းပြမှုဆိုရာဝယ် မိမိလိုချင်သည့်ပုံစံ၊ စံနှုန်းများကို သူတစ်ပါး အတုယူလုပ်ဆောင်လာစေရန် ဦးဆောင် လုပ်ပြခြင်း ဖြစ်ပါသည်။ မိဘနှင့် သားသမီး၊ ဆရာနှင့်တပည့်၊ အကြီးအကဲနှင့် ဝန်ထမ်း စသည့် ခေါင်းဆောင်ရသည့် မည်သည့်နယ်ပယ်တွင်မဆို ခေါင်းဆောင်က ဦးဆောင်၍ စံနမူနာပြသရမည်ပင်။ 

လေ့လာချက်များအရ မျက်မှောက်ခေတ် ခေါင်းဆောင်တစ်ဦးသည် မိမိနောက်လိုက်များ အတုယူလာစေရန် အောက်ပါ နည်းလမ်းတို့ကို ရှေ့က စံနမူနာပြ လုပ်ဆောင်သင့်ပါသည်-

ရိုးသားတည်ကြည်ပါ (Integrity) ရိုးသားမှုက အကောင်းဆုံးမူဝါဒဖြစ်ပါသည်။ မည်သည့်ပုဂ္ဂိုလ်နှင့် ဆက်ဆံသည် ဖြစ်စေ မမှန်ကန်သည့်အပြုအမူ၊ အပြောအဆို မပြုမူသင့်ပါ။ ရိုးသားမှုကို အခြေခံသည့် ဆက်ဆံရေးကို မိမိဘက်က စတင်တည်ဆောက်ပါ။

ပြုစုပျိုးထောင်ပါ (Nurturing) ခေါင်းဆောင်ကောင်းသည် တပည့်မမွေးပါ။ နောက်ထပ်ခေါင်းဆောင်ဖြစ် အောင်သာ ပြုစုပျိုးထောင်ပါသည်။ နောက်လိုက်များ၏ ဝါသနာနှင့် ကျွမ်းကျင်မှုကို အခြေပြု၍ ပြုစုပျိုးထောင်ပါ။ 

နားထောင်ပေးပါ (Listening) ခေါင်းဆောင်ကောင်းက တစ်ပါးသူ စကားကို ဦးစွာ နားထောင်ပါသည်။ မိမိဘက်က စိတ်ဝင်စားမှုကို မေးမြန်းခြင်းဖြင့် ပြသပါ။ နားထောင်ပေးခြင်းက အရင်းအနှီး မလို။ တစ်ပါးသူအမြင်၊ ယူဆချက် များကို နားထောင်ပေးခြင်းဖြင့် ၎င်းတို့အပေါ် လွှမ်းမိုးမှု ရယူပါ။ 

နားလည်ပေးပါ (Understanding) ခေါင်းဆောင်သည် တစ်ဖက်သတ် မဆုံးဖြတ်သင့်ပါ။ လုပ်ဖော်ကိုင် ဖက်များ၏ အမြင်၊ ယူဆချက်၊ အကြံဉာဏ်များကို ၎င်းတို့ရှုထောင့်ဘက်က သုံးသပ်ပေးပါ။ နားလည်မှုက ရင်းနှီးမှု၊ ချစ်ခင်မှု တိုးပွားစေပါသည်။

ကြီးထွားလာပါစေ (Enlarging) နောက်လိုက်များ မူလအခြေအနေထက် ပိုမိုတိုးတက်လာသည်ကို မြင်ရလျှင် ကျေနပ်နေခြင်းမှာ ခေါင်းဆောင်ကောင်းစိတ်ဓာတ်ပင် ဖြစ်သည်။ ၎င်းတို့၏ တိုးတက်မှု အကြီး၊ အသေးမရွေး အသိအမှတ်ပြုပါ။ ချီးကျူးပါ။ ကိုယ်အားဖြင့် မကူညီချင်နေပါ။ နှုတ်ဖြင့် ချီးကျူးနိုင်ပါသည်။ နောက်လိုက်များ တိုးတက်ကြီးထွားလာမှုကို အသိအမှတ်ပြုချီးကျူးခြင်းဖြင့် မိမိဘက်ကို ဆွဲဆောင်တတ်ပါစေ။ 

ယုံကြည်မှုထားပါ (Believing) ခေါင်းဆောင်ကောင်းသည် နှလုံးသားဖြင့် ဆက်ဆံတတ်သူပါ။ လုပ်ဖော်ကိုင်ဖက် များနှင့် ဆက်ဆံရာဝယ် ရင်ထဲကလာသည့် ယုံကြည်မှုဖြင့် ဆက်ဆံပေးပါ။ မိမိက ယုံကြည်မှ တစ်ဖက်က ယုံကြည်ပါလိမ့်မည်။ 

လမ်းညွှန်ပြသပါ (Navigating) ခေါင်းဆောင်ဆိုသည်မှာ အကောင်း အဆိုး၊ အမှား၊ အမှန်ကို လမ်းညွှန် ပြသ ရသူပါ။ တစ်ဆင့်မြင့်တာဝန်ကို သင်ကြားပြသပြီး တာဝန်ပေးခြင်းက နောက်လိုက်များ၏ စွမ်းဆောင်ရည်ကို တဖြည်းဖြည်းတိုးတက်လာစေပါမည်။ မိမိတစ်ဦးတည်း တတ်မြောက်နေခြင်းထက် နောက်လိုက်များပါ တတ်မြောက် နေခြင်းက အဖွဲ့အစည်း လုပ်ငန်းခွင်ကို ပိုမိုလုံခြုံစေပါသည်။

ဆက်သွယ်မှု ပြုလုပ်ပါ (Connecting) ခေါင်းဆောင်သည် နောက်လိုက်များနှင့် အပြုသဘောဆောင်သည့် ဆက်သွယ်မှု တည်ဆောက်ရန် လိုအပ်သည်။ ထိုမှသာ အပြုသဘောဆောင်သည့် အတွေးအမြင်နှင့် မှန်ကန်သည့် လုပ်ရပ်များ ရရှိလာစေရန် အထောက်အကူဖြစ်စေပါမည်။ အပြုသဘောဆောင် ဆက်သွယ်မှုကို မိမိဘက်က စတင်ပါ။

လုပ်ပိုင်ခွင့်ပေးပါ (Empowering) ခေါင်းဆောင်ကောင်းက နောက်လိုက်များကို နောက်လိုက်အဖြစ် လက်ဆွဲ ခေါ်ရန်ထက် ခေါင်းဆောင်အဖြစ် လက်တွဲခေါ်လိုပါသည်။ အမှုကိစ္စအပေါ် မူတည်၍ နောက်လိုက်များကိုလိုအပ်သည့်အရည်အချင်းများ ဖြည့်ဆည်းပေး၍ ရှေ့က ဦးဆောင်ရန် တာဝန်ပေးပါ။ တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားသော ပတ်ဝန်းကျင် ဖြစ်လာပါလိမ့်မည်။                         

ကမ္ဘာကျော် စံနမူနာလမ်းပြပေးသည့် ခေါင်းဆောင်များ သမိုင်းတလျှောက် ပေါ်ထွန်းခဲ့ကြပါသည်။ ၎င်းတို့ အနက် ဗုဒ္ဓမှာ အထင်ရှားဆုံး ဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာဘုရားသည် သံဃာဂိုဏ်း အကြီးအမှူးဖြစ်ပါသည်။ ဝေးလံခေါင်သီ ဒေသများရှိ တပည့် ရဟန်း၊ သာဝကများ ဖျားနာ၊ နေမကောင်းဖြစ်ပါက ငါဘုရားရှင်ဟု မမှတ်ယူဘဲ ကိုယ်တိုင် သွားရောက်ကာ အနီးကပ်ပြုစုပါသည်။ မိမိအဖွဲ့အစည်းနှင့် မိမိတပည့်များအတွက် သာမက သတ္တဝါအပေါင်းကို ဘေးအန္တရာယ်မျိုးစုံမှ ကာကွယ်စောင့်ရှောက်တော်မူခဲ့ပါသည်။ လမ်းစဉ် မတူသော ဟိန္ဒူ၊ ဂျိမ်း စသည့် အခြား ဘာသာဂိုဏ်းများကို လေးစားစွာ ဆက်ဆံပါသည်။ ဘုရားရှင်၏ အတုယူဖွယ် လမ်းစဉ်များကြောင့် အခြား ဘာသာဝင်များ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာကြပါသည်။ ထိုကာလက ဗုဒ္ဓဘာသာမှာ အိန္ဒိယတစ်ဝိုက် အထွန်းကားဆုံး ဘာသာဖြစ်လာပါသည်။

ဗုဒ္ဓသည် အပြောနှင့်အလုပ် လုပ်ဆောင်ပြသော စံနမူနာလမ်းပြခေါင်းဆောင်ပင်။ နောက်လိုက်သံဃာ သာဝကများ အပြစ်တစ်ရပ် ကျူးလွန်တိုင်း စည်းကမ်း(ဝိနည်း) တစ်ခုစီ ချမှတ်၍ အုပ်ချုပ်ပါသည်။ ကိုယ်တိုင် ချမှတ်သည့် စည်းကမ်းကို ကိုယ်တိုင် လိုက်နာပါသည်။ ထို့ကြောင့် ဗုဒ္ဓ၏ ဝိနည်းများကို သံဃာအဖွဲ့အစည်းတွင် ယနေ့တိုင် ကြည်ညိုစွာ လိုက်နာနေဆဲပင် ဖြစ်ပါသည်။ ထို့ကြောင့် ဗုဒ္ဓ၏ သံဃာဂိုဏ်းသည်လည်း နှစ်ပေါင်း ၂၅၀၀ ကျော်ကြာ မားမားမတ်မတ် ရပ်တည်နေသော ကမ္ဘာ့သက်တမ်းအရှည်ဆုံး အဖွဲ့အစည်းဖြစ်နေပါသည်။

အချုပ်ဆိုရသော် ကမ္ဘာကျော်ခေါင်းဆောင်များသည် မိမိရောက်ရှိလိုသော ပန်းတိုင်သို့ နောက်လိုက်များနှင့်အတူ ကိုယ်တိုင် စံနမူနာပြ ဦးဆောင်ကြသူများ ဖြစ်ကြပါသည်။ အပြောနှင့်အလုပ် ညီညွတ်သူများ ဖြစ်ကြသည်ကို ဗုဒ္ဓ ဘုရား၏ “ငါဟောသကဲ့သို့ ငါကျင့်၏။ ငါကျင့်သကဲ့သို့ ငါဟော၏” မိန့်ကြားချက်က သက်သေပြနေပါသည်။

ဆောင်းပါးရှင် - ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန (၃)