လက်သည်းခွံကို ကျန်းမာစေသော အစားအစာများ

Posted_Date

Image

လက်သည်းခွံကို ကျန်းမာစေသော အစားအစာများ

Body


လက်သည်းခွံအကြောင်း သိကောင်းစရာ

- ဆံပင်နဲ့  ခန္ဓာကိုယ်အရေပြားမှာလိုပဲ  လက်သည်းခွံတွေကိုလည်း Keratin အလွှာတွေနဲ့ တည်ဆောက်ထားပါတယ်။

- မာကျောပြီး  မျက်စိနဲ့တွေ့မြင်ရတဲ့လက်သည်းခွံကို  Nail Plate၊

- လက်သည်းခွံတစ်ဝိုက်အရေပြားကို Nail Folds၊

- လက်သည်းခွံအောက်အရေပြားအသားကို Nail Bed၊

- လက်သည်းခွံအောက်ပိုင်း အဖြူရောင်အဝိုက်လေးကို Lunula၊

- လက်သည်းခြေရင်းပိုင်းတစ်သျှူးတွေကို Cuticle နဲ့

- Nail Bed  အစပ်နားကနေ လက်သည်းတွေ  ရှည်ထွက်လေ့ရှိကြပြီး အဲဒီလက်သည်းထွက်လာတဲ့နေရာကို Matrix လို့ခေါ်ပါတယ်။

American Academy of Dermatology ရဲ့  မှတ်တမ်းတွေအရ လက်သည်းခွံတွေက   တစ်လကို ၂  မီလီမီတာကနေ   ၃ မီလီမီတာ ရှည်ထွက်လေ့ရှိပြီး  ခြေသည်းခွံတွေကတော့ လစဉ် ၁  မီလီမီတာရှည်ထွက်ကြပါတယ်။ အထူးသဖြင့်  လက်သည်းတွေကို များများအသုံးပြုရတဲ့သူတွေနဲ့    ပူအိုက်တဲ့နွေရာသီတို့မှာ    အရှည်မြန်တတ်ကြောင်း လေ့လာမှတ်သားရပါတယ်။

လက်သည်းခွံကို ကျန်းမာစေသော အစားအစာများ

ကျန်းမာကြံ့ခိုင်တဲ့ လက်သည်းရဖို့ သင့်တင့်လျောက်ပတ်တဲ့ အစားအစာတွေကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် လက်သည်းခြောက်သွေ့ အားနည်းလာပြီး  အလွယ်တကူကွဲအက် ပဲ့ထွက်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအစာတွေကို စားသုံးရင် သင့်လက်သည်းကို ကောင်းစွာစောင့်ရှောက် ထားနိုင်ပါလိမ့်မယ်။

ခရမ်းချဉ်သီး

     ဗီတာမင်- C ကို ခရမ်းချဉ်သီးကနေ အလုံအလောက်ရရှိနိုင်ပါတယ်။ ခရမ်းချဉ်သီးထဲမှာပါရှိတဲ့  Lycopene နဲ့ ဘိုင်အိုတင်တို့က လက်သည်းခွံ တွေအတွက်  ထူထဲမာကျောမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ပြင် လက်သည်း တွေ   ကွဲအက်ပဲ့ထွက်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။လက်သည်းခွံ မျက်နှာပြင်ကိုလည်း ပြောင်လက်ချောမွေ့စေပါတယ်။ ဒါပေမဲ့ အနီ ရောင်ရဲရဲခရမ်းချဉ်သီးကို တစ်ရက်ကိုနှစ်လုံး နေ့စဉ်အစိမ်းလိုက်ဝါးစား မှသာ ဖော်ပြပါအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါလိမ့်မယ်။

သောက်ရေသန့်

     ခန္ဓာကိုယ်ကို အမြဲတစေရေဓာတ် ပြည့်ဝနေဖို့လိုပါတယ်။ ရေဓာတ် ချို့တဲ့ခြင်းက ဘက်စုံကျန်းမာရေးကို ကြီးစွာသော ဒုက္ခပေးနိုင်သကဲ့သို့ လက်သည်းခွံတွေအတွက်ကိုလည်း ဆိုးကျိုးဖြစ်စေပါတယ်။ ရေဓာတ် က   လက်သည်းခွံတစ်ပြင်လုံးရဲ့ အောက်ခြေမှာရှိတဲ့ အသားလွှာမျက်နှာ ပြင်ကိုကျန်းမာစေပြီး  လက်သည်းတွေရှည်ထွက်လာစေဖို့ အထောက် အပံ့ကောင်းဖြစ်စေပါတယ်။

ကန်စွန်းဥ

    ခန္ဓာကိုယ်အတွက်  မရှိမဖြစ်လိုအပ်တဲ့   ဘီတာကယ်ရိုတင်း(ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးကို    ကန်စွန်းဥထဲမှာ    ကြွယ်၀ စွာရရှိနိုင်ပါတယ်။    ဘီတာကယ်ရိုတင်းက    ခန္ဓာကိုယ်ထဲရောက်ရှိ သွားတဲ့အခါ ဗီတာမင် - A အဖြစ်ပြောင်းလဲ သွားပြီးနောက် ဆဲလ်တွေကို ကြီးထွားလာစေပြီး လက်သည်းတွေကိုလည်း ဖွံ့ဖြိုးလာအောင် အကူ အညီပေးပါတယ်။ လက်သည်းတွေ  ကွဲအက်ခြောက်သွေ့နေခြင်းက ခန္ဓာကိုယ်ထဲမှာ ဗီတာမင် - A ချို့တဲ့နေတဲ့လက္ခဏာပါ။

ရွှေဖရုံစေ့

     ဇင့်ဓာတ်က  လက်သည်းတွေ ကြီးထွားဖွံ့ဖြိုးဖို့ မရှိမဖြစ်တဲ့အရာပါ။  ဇင့်ဓာတ်အမြောက်အမြားကို  ရွှေဖရုံစေ့ကနေ  လုံလောက်စွာရရှိနိုင်ပါ တယ်။ ရွှေဖရုံစေ့က ကိုယ်ခံစွမ်းအားစနစ်ကို  ကောင်းစွာအလုပ်လုပ် စေပြီး    ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတင်းထုတ်လုပ်မှုကို အကူအညီပေးပါတယ်။ အဲဒီအခြေအနေကပဲ လက်သည်းတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။ ဒါ့ပြင် လက်သည်းပေါ်မှာရှိတဲ့ အဖြူရောင်အစက်အပြောက်တွေ ကိုလျှော့ချပေးနိုင်ပါတယ်။ နေ့စဉ် ရွှေဖရုံစေ့လှော် လက်တစ်ဆုပ်စာ ပမာဏကိုစားပေးခြင်းက    အခုလို  အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါလိမ့်မယ်။

ဗိုလ်စားပဲသီး

     အစိမ်းရောင်ဗိုလ်စားပဲသီးထဲမှာပါရှိတဲ့ ဆီလီကွန်ဓာတ်က လက် သည်းတွေ  မာကျောစေတာ၊  လက်သည်းခွံ သိပ်သည်းဆထူထဲတာ၊ လက်သည်းအရှည်မြန်တာတို့ကို ထောက်ပံ့ပေးနိုင်ပါတယ်။

ကြက်ဥ

     လက်သည်းတွေကို သဘာ၀အလျောက် Keratin ပရိုတင်းတစ်မျိုးနဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။  တောကြက်ဥ(ခေါ်)  အဖြူရောင် ကြက်ဥထဲမှာ    အဆင့်အတန်းမီ   ပရိုတင်းဓာတ်တွေပါရှိနေပါတယ်။ ကြက်ဥထဲမှာရှိတဲ့ ပရိုတင်းက ခန္ဓာကိုယ်ကိုကောင်းကျိုးပြုပြီး လက်သည်း ပရိုတင်းကိုလည်း အားဖြည့်ပေးပြီး လက်သည်းတွေ ကျန်းမာကြံ့ခိုင်မှုကို ပေးစွမ်းနိုင်ပါတယ်။

ငှက်ပျောသီး

     ငှက်ပျောသီး  တစ်နေ့နှစ်လုံးစားပါ။   ငှက်ပျောသီးမှည့်ထဲမှာရှိတဲ့ ဇင့်နဲ့စီလီကာသတ္တုဓာတ်တွေက  လက်သည်းတွေကို  ကြံ့ခိုင်စေပါတယ်။ ဒါ့ပြင်  ငှက်ပျောသီးထဲမှာရှိတဲ့ သဘာ၀ ဗီတာမင်-B6 ဓာတ်ကလည်း လက်သည်းခွံတွေကို ကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။

အဆီများသောငါး

     အဆီများတဲ့ငါးတွေမှာ Omega - 3 Fatty Acid  ကြွယ်၀စွာပါရှိနေ ကြပြီး ယင်းအက်စစ်က ခန္ဓာကိုယ်တစ်ခုလုံးအတွက် သွေးလည်ပတ်စီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပါတယ်။   ဒါ့ပြင်   လက်သည်း တစ်ပြင်လုံးကို  အာဟာရဖြစ်စေပြီး  ကျန်းမာကြံ့ခိုင်စွာ  လက်သည်း အရှည်မြန်စေပါတယ်။ ငါးသေတ္တာ၊မက်ကရယ်ကဲ့သို့သော ပင်လယ် ငါးကြီးတွေ၊ တူနာငါး၊ ဆယ်လ်မွန်ငါးတို့က လက်သည်းကို အာဟာရ ဖြစ်စေပြီး ချောမွေ့စေတာ၊  အရောင်တောက်ပတာတို့ကို ကောင်းကျိုးပြု ပါတယ်။

မုန်လာဥနီ

     ဗီတာမင်-A ကြွယ်၀တဲ့  မုန်လာဥနီကို အစိမ်းလိုက် ဝါးစားပေးပါ ဒါမှမဟုတ် မုန်လာဥနီဖျော်ရည်သောက်ပါ။ မုန်လာဥနီက လက်သည်း တွေ  ပျော့တာ၊  ပဲ့ထွက်တာ၊ ကျိုးတာနဲ့  ခြောက်သွေ့တာတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။

နွားနို့

      ကယ်လ်စီယမ်အရင်းအမြစ်ဖြစ်တဲ့ နွားနို့က လက်သည်းတွေအတွက် ခွန်အားဖြစ်စေတာ၊  အရှည်မြန်စေတာ စတဲ့ကောင်းကျိုးပြုပါတယ်။ အကယ်၍ သင့်ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ဓာတ်အားနည်းနေရင် လက်သည်းတွေ   ကြွပ်ဆတ်ပဲ့ထွက်ပြီး ခြောက်သွေ့လာပါလိမ့်မယ်။  နွားနို့ကို နံနက်တစ်ကြိမ်၊  ညတစ်ကြိမ်တစ်ခွက်စီသောက်ပါ။  နွားနို့ သောက်စဉ်မှာ   ဗီတာမင်-D  ကြွယ်၀တဲ့မှိုနဲ့ကြက်ဥတို့ကို  တွဲဖက် စားသောက်ပေးခြင်းက  လက်သည်းတွေကို  ပိုမိုမာကျောပြီး   အရှည် မြန်စေပါတယ်။

ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း

     သံဓာတ်က သွေးနီဥဆဲလ်ကို  အာဟာရပြုပြီး  တစ်သျှူးထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို တိုးပွားစေနိုင်တာကြောင့်     ခန္ဓာကိုယ်နဲ့ လက်သည်းတွေ အတွက်   မရှိမဖြစ်အရာပါ။  ဒါ့ပြင် လက်သည်းတွေ အရောင်မွဲခြောက်ခြင်းနဲ့    ကွဲအက်ပဲ့ထွက်ခြင်းကနေ  ကာကွယ်ပေးနိုင်ပါတယ်။

ပရိုတင်းကြွယ်၀သောအစားအစာများ

      လက်သည်းကျန်းမာရေးအတွက် မိမိစားသုံးတဲ့ တစ်နေ့တာအာဟာရ ကနေ   ပရိုတင်းဓာတ်အလုံအလောက်ရနိုင်ဖို့   အရေးကြီးပါတယ်။   

ပရိုတင်းဓာတ်ကြွယ်၀တဲ့   အစားအစာတွေကတော့  အနီရောင် ခြေလေးချောင်းသားတွေ၊  ကြက်၊   အဆီနည်းတဲ့   နို့ထွက်ပစ္စည်း အမျိုးမျိုး၊  ငါး၊ ကြက်ဥ၊   ဘဲဥနဲ့ဥအမျိုးမျိုး၊   တိရစ္ဆာန်အသည်း၊ ကောက်နှံအမျိုးမျိုး၊   အခွံမာသီးအစေ့အဆန်တွေ၊  ပဲပိစပ်တို့ဖြစ်ကြပါတယ်။

ကိုက်လန်

     သဘာ၀ဟင်းသီးဟင်းရွက် အစိမ်းရောင်ကိုက်လန်ထဲမှာ ဗီတာမင်-C ကြွယ်၀စွာပါရှိနေတဲ့အပြင် လက်သည်းတွေ ကျန်းမာကြံ့ခိုင်စေဖို့  မရှိ မဖြစ်လိုအပ်တဲ့  ဗီတာမင်နှင့်သတ္တုဓာတ်တွေကိုလည်း ကိုက်လန်ကနေ ရရှိနိုင်ပါတယ်။   ကိုက်လန်လတ်လတ်ဆတ်ဆတ်ကို   အစိမ်းလိုက် ဝါးစားပါ။

ဘိုင်အိုတင် (Biotin) ကြွယ်၀သောအစားအစာများ

      ဘိုင်အိုတင်လို့ခေါ်တဲ့    ဗီတာမင်-B ဓာတ်က     ကျိုးပဲ့လွယ်တဲ့ လက်သည်းတွေကို ကောင်းစွာကုသပေးနိုင်ပါတယ်။ လက်သည်းတွေ မာကျောစေပါတယ်။  ဒါ့ပြင်  လက်သည်းခြောက်သွေ့တာ၊   လက်သည်းအရောင်မည်းတာကိုလည်း ကာကွယ်ပေးပါတယ်။ ဘိုင်အိုတင် ကြွယ်၀တဲ့အစားအစာတွေကတော့ ဗာဒံစေ့၊ မြေပဲ၊ ဆိတ်နို့ရည်၊ ဒိန်ချဉ်၊ ခရမ်းချဉ်သီး၊ ကြက်ဥ၊ ဘဲဥတို့ဖြစ်ပါတယ်။

ဆာလ်ဖာ (Sulpha) ဓာတ်ကြွယ်၀သော အစားအစာများ

      ဆာလ်ဖာဓာတ်က   ခန္ဓာကိုယ်ထဲမှာရှိတဲ့  အယ်လ်ကာလီအက်စစ်ကို မျှတစေရုံသာမက လက်သည်းတွေ   ကျန်းမာသန်စွမ်းစေဖို့ မရှိမဖြစ် အရာပါ။ ဒါကြောင့် ဆာလ်ဖာဓာတ်ကြွယ်၀တဲ့ အစားအစာတွေဖြစ်ကြ တဲ့ ငါး၊ အသား၊  ချိစ်၊ အခွံမာသီးအစေ့အဆန်တွေနဲ့  ကြက်ဥ၊ ဘဲဥ  စတဲ့ဥအမျိုးမျိုးတို့ကို နေ့စဉ်အစားအစာအဖြစ်မှီဝဲပါ။

သတိပြုရန်

      အကယ်၍ သင့်လက်သည်းက  အရောင်ဖျော့ဖျော့  ဒါမှမဟုတ် ပြာလဲ့လဲ့အရောင်ဖြစ်နေရင် သွေးအားနည်းရောဂါဖြစ်နေလို့   သတိပြုပါ။   ထိခိုက်အနာတရဖြစ်ခြင်းကြောင့်   လက်သည်းပေါ်မှာ   အဖြူရောင်အစက်အပြောက်တွ ေပေါ်လာရခြင်းဖြစ်ပါတယ်။   လက် သည်းပေါ်မှာ အနက်ရောင်အစက်အပြောက် ပေါ်ခြင်းက Melanoma (ခေါ်)ကုသမရနိုင်တဲ့  အရေပြားအဖုအကျိတ်ရောဂါ တစ်မျိုးဖြစ်နေတဲ့  လက္ခဏာပဲဖြစ်ပါတယ်။

လက်သည်းကို   ခွန်အားဖြစ်စေတဲ့   အစားအစာတွေစားရုံနဲ့တော့ ခန္ဓာကိုယ်တွင်းက ရောဂါတွေပျောက်ကင်းအောင်  မစွမ်းဆောင်နိုင် ပါဘူး။  အထက်ဖော်ပြပါ အစားအစာတွေက လက်သည်းကိုကျန်းမာပြီး  အရှည်မြန်စေရုံသာဖြစ်ပါတယ်။ လက်သည်းမှာ ရေဓာတ်(အစိုဓာတ်) ထိန်းသိမ်းပေးဖို့ရေများများသောက်ပါ။  လက်သည်းကို သန့်သန့်ရှင်းရှင်း ထားခြင်းက မှိုမစွဲစေနိုင်တော့ပါဘူး။

သင့်လက်သည်းအရောင်က ဝါကြင်ကြင်ဖြစ်နေပါသလား၊ ကွဲထွက် နေပါသလား၊ လက်သည်းအရှည်နှေးကွေးနေပါသလား။ အထက်ဖော်ပြပါ အစားအစာတွေက  သိသိသာသာကောင်းကျိုးပြုတာကို ခံစားရပါမယ်။  ယင်းအစားအစာထဲမှာပါရှိတဲ့  Keratin  ပရိုတင်းက လက်သည်းအရှည် မြန်စေရုံသာမက  ဆံပင်တွေကိုပါ  မြန်မြန်ရှည်လာအောင်  ကူညီပေး ပါမယ်။

MWD