အပင်တစ်ပင်တွင် မြေရှားသတ္ထုဒြပ်စင် (Rare Earth Element) ပုံဆောင်ခဲများ (Crystals) ဖြစ်ပေါ်နေသည်ကို ပထမဆုံးအကြိမ် အဖြစ် တွေ့ရှိ

Posted_Date

Image

အပင်တစ်ပင်တွင် မြေရှားသတ္ထုဒြပ်စင် (Rare Earth Element) ပုံဆောင်ခဲများ (Crystals) ဖြစ်ပေါ်နေသည်ကို ပထမဆုံးအကြိမ် အဖြစ် တွေ့ရှိ

Body

သိပ္ပံပညာရှင်များက Blechnum orientale ဟုခေါ်သည့် ဖန်းပင် (fern) တစ်မျိုးထဲ၌ အံ့ဖွယ်စွမ်းရည် တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါအပင်သည် မြေရှားသတ္ထုဒြပ်စင်များကို စုဝေးစုပ်ယူနိုင်ပြီး ၎င်း၏ပင်စည်အတွင်းတွင် ပုံဆောင်ခဲငယ်များအဖြစ် သိုလှောင်ထားနိုင်စွမ်းရှိသည်။

ထိုတွေ့ရှိချက်သည် မိမိတို့က ပိုမိုမှီခိုလာရသည့် သယံဇာတပစ္စည်းများကို စုဆောင်းရာတွင် ပိုမို ရေရှည်တည်တံ့သော နည်းလမ်းဆီသို့ ဦးတည်သွားစေနိုင်သည်။

မြေရှားသတ္ထုဒြပ်စင် (REEs) စုစုပေါင်း ၁၇ မျိုး ရှိပြီး ယင်းသတ္တုပစ္စည်းများသည် လေအားလျှပ်စစ် တာဘိုင်များ၊ ကွန်ပျူတာများမှအစ၊ Broadband ကေဘယ်များနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာ များအဆုံး၊ နည်းပညာမျိုးစုံတွင် နက်နက်ရှိုင်းရှိုင်း ထည့်သွင်းအသုံးပြုနေကြရသည်။ အမှန်တွင် အဆိုပါဒြပ်စင်များသည် လွန်စွာရှားပါးလွန်းခြင်းမဟုတ်သော်လည်း ကမ္ဘာ့မြေလွှာမှ အသုံးဝင်သည့် ပုံစံဖြင့် ထုတ်ယူရခြင်းသည်ခက်ခဲပြီး ကုန်ကျစရိတ် ကြီးမားသည်။

အဆိုပါပြဿနာကို ဖြေရှင်းရန် "အပင်များဖြင့် သတ္တုတူးဖော်ခြင်း" (Phytomining) နည်းပညာကို အသုံးပြုနိုင်သည်။ ယင်းနည်းပညာတွင် Hyperaccumulators ဟုခေါ်သည့် အပင်များကို အသုံးပြု သည်။ အဆိုပါအပင်များသည် သတ္တုဓာတ်ကြွယ်ဝသည့် မြေဆီလွှာတွင် ပေါက်ရောက်နိုင်စွမ်းရှိပြီး ၎င်းတို့၏ အမြစ်များမှတစ်ဆင့် သတ္တုဓာတ်များကို စုပ်ယူကာ ၎င်းတို့၏ ပင်စည်နှင့် အရွက်များတွင် သိုလှောင်ထားနိုင်ကြသည်။ ဤနည်းဖြင့် ကမ္ဘာ့မြေလွှာများကို ခက်ခက်ခဲခဲတူးဖော်ရန် မလိုအပ် တော့ဘဲ အပင်များကို စိုက်ပျိုးရုံဖြင့် သတ္တုရင်းမြစ်များကို ထုတ်ယူနိုင်မည့် သဘာဝနည်းလမ်း တစ်ခု ဖြစ်လာနိုင်ပါသည်။

တရုတ်သိပ္ပံအကယ်ဒမီမှ ဘူမိသိပ္ပံပညာရှင် Liuqing He (လျူချင် ဟယ်) နှင့် လုပ်ဖော်ကိုင်ဖက် များက ၎င်းတို့ထုတ်ဝေထားသော စာတမ်းတွင် "မြေရှားသတ္ထုဒြပ်စင်များ (REEs) သည် သန့်စင်သော စွမ်းအင်နှင့် နည်းပညာမြင့် အသုံးချမှုများအတွက် အလွန်အရေးပါသော သတ္တုများဖြစ်ကြသော်လည်း ၎င်းတို့၏ ထောက်ပံ့ရေးကဏ္ဍသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်" ၊ "Phytomining (အပင်ဖြင့် သတ္တုတူးဖော်ခြင်း) သည်မြေဆီလွှာမှ သတ္တုများကို ထုတ်ယူရန် အတွက် hyperaccumulator (သတ္တုဓာတ် အမြောက်အမြား စုဆောင်းနိုင်သော) အပင်များကို အသုံးပြုသည့် စိမ်းလန်းသော မဟာဗျူဟာတစ်ရပ်ဖြစ်သည်။ ၎င်းသည် ရေရှည်တည်တံ့သော REE ထောက်ပံ့မှုအတွက် အလားအလာရှိသော်လည်း၊ လေ့လာ ဆန်းစစ်မှု နည်းပါးနေသေးသည်" ဟု ဖော်ပြထားသည်။

B. Orientale ဖန်းပင်သည် မြေရှားသတ္ထုဒြပ်စင် (REEs) များကို အမြောက်အမြား စုဆောင်းနိုင်သော အပင်ဖြစ်ကြောင်း လူအများသိရှိပြီးဖြစ်သည်။ သို့သော် သိပ္ပံပညာရှင်များသည် ပို၍ထူးခြားသည့် အရာ တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် ၎င်း၏တစ်ရှူးများအတွင်း၌ မြေရှားသတ္ထုဒြပ်စင် ပုံဆောင်ခဲများ (REE Crystals) ကို အမှန်တကယ် ဖြစ်ပေါ်နေစေခြင်းပင်ဖြစ်သည်။

စွမ်းအားမြင့် မှန်ပြောင်းဖြင့် ပုံရိပ်ဖော်ခြင်းနှင့် ဓာတုဗေဒဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုများမှတစ်ဆင့် သုတေသီများသည် နီယိုဒီမီယမ် (Neodymium)၊ လန်သနမ် (Lanthanum) နှင့် ဆီရီယမ် (Cerium) အပါအဝင် ဒြပ်စင်များမှနေ၍ အလိုအလျောက်စုဖွဲ့ကာ မြေရှားသတ္ထုဒြပ်စင်များ ကြွယ်ဝသော ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် မိုနာဇိုက် (Monazite) သည် အပင်၏ တစ်ရှူးများအတွင်း၌ "ဓာတုဗေဒ ဥယျာဉ်" တစ်ခုကဲ့သို့ စုပုံနေသည်ကို တွေ့ရှိခဲ့ကြသည်။ ဤသို့ပြုလုပ်နိုင်သည့် အပင်မျိုးကို သုတေသီများမြင်တွေ့ရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

 

အပင်တစ်ပင်တွင် မြေရှားသတ္ထုဒြပ်စင် (Rare Earth Element) ပုံဆောင်ခဲများ (Crystals) ဖြစ်ပေါ်နေသည်ကို ပထမဆုံးအကြိမ် အဖြစ် တွေ့ရှိ

 

သိပ္ပံပညာရှင်များသည် Phytomining (အပင်ဖြင့် သတ္တုတူးဖော်ခြင်း) ၏ အလားအလာများကို စတင်စူးစမ်းနေဆဲသာဖြစ်သည်။ သို့သော် ဤလေ့လာမှုက Phytomining သည် မူလက ထင်ထား သည်ထက် ပိုမို၍ အလားအလာရှိနိုင်ကြောင်း ဖော်ပြနေသည်။ အနည်းဆုံး အပင်တစ်ပင်သည် မြေအောက်တွင် ပုံမှန်လိုအပ်လေ့ရှိသော အပူချိန်နှင့်ဖိအားများ မြင့်မားခြင်းမရှိဘဲ သာမန်အခြေအနေ အောက်တွင်ပင် REE သတ္တုဓာတ်များကို ဖြစ်ပေါ်စေနိုင်သည်။

သုတေသီများက "အဆိုပါတွေ့ရှိချက်သည် အလွန်နူးညံ့သောအခြေအနေများအောက်တွင် Monazite သတ္တုဓာတ်ဖြစ်ပေါ်ခြင်းအတွက် အခြားရွေးချယ်စရာ လမ်းကြောင်းတစ်ခုကို ဖော်ထုတ် ပြသနေပြီး၊ ထိုသို့သော ဖြစ်စဉ်များကို စတင်ရာတွင် အပင်များ၏ ထူးခြားသော အခန်းကဏ္ဍ ကိုလည်း မီးမောင်း ထိုးပြနေသည်" ဟု ရေးသားထားသည်။

အဆိုပါဖြစ်စဉ်သည် Blechnum orientale ဖန်းပင်တစ်မျိုးတည်းတွင်သာ သီးသန့်ဖြစ်ပေါ်နိုင်ခြင်း သို့မဟုတ် အခြားအပင်များတွင်လည်း တွေ့ရှိနိုင်မည်လားဆိုသည်ကို နောက်ထပ်သုတေသနများက အဖြေထုတ်ရန် လိုအပ်နေဆဲဖြစ်သည်။Dicranopteris linearis အမည်ရှိ အခြားဖန်းပင်တစ်မျိုး တွင် ထိုကဲ့သို့ ဖြစ်ပျက်နေသည့် လက္ခဏာရပ်အချို့ကို တွေ့ရသော်လည်း သေချာသော တိုက်ရိုက် အထောက်အထားမျိုးကိုမူ ယခုထိတွေ့ရှိရခြင်း မရှိသေးပေ။

သိပ္ပံပညာရှင်များသည် ယခုအခါ သယံဇာတပစ္စည်းများ အများအပြားဆုံးရှုံးမှုမရှိစေဘဲ မိုနာဇိုက် (Monazite) ကို ထုတ်ယူရန်နှင့် ၎င်း၏ပါဝင်သည့် REE ဒြပ်စင်များအဖြစ်သို့ ပြိုကွဲစေရန် နည်းလမ်း တစ်ခုကို တီထွင်ဖော်ထုတ်ရန် မျှော်လင့်နေကြသည်။ စိန်ခေါ်မှုများ ရှိနေသည်မှာ သေချာသော်လည်း အဆိုပါတွေ့ရှိချက်သည် REE စုဆောင်းခြင်းလုပ်ငန်းကို (ထိုနည်းတူစွာ ၎င်းအပေါ်မှီခိုနေရသော စွမ်းအင်သန့်စင်သည့် နည်းပညာများစွာကိုပါ) ပြောင်းလဲပစ်နိုင်ဖွယ်ရှိပါသည်။

သုတေသီများက "အဆိုပါတွေ့ရှိချက်သည် ဓာတုဗေဒနှင့် ဇီဝဗေဒဆိုင်ရာ ရာသီဥတုဒဏ်ခံယူခြင်း (Chemical and Biological weathering) ဖြစ်စဉ်များအတွင်း REE ဓာတ် ကြွယ်ဝလာခြင်းနှင့် ခွဲခြားသိမ်းဆည်းခြင်း (Sequestration) တို့ကို ထင်ရှားစေရုံသာမက အသုံးဝင်သော REE ပစ္စည်း များကို တိုက်ရိုက်ပြန်လည်ရယူရန်အတွက် နည်းလမ်းသစ်များကိုပါ ဖွင့်ပေးလိုက်သည်" ၊ "အဆိုပါ လုပ်ငန်းသည် Phytomining (အပင်ဖြင့် သတ္တုတူးဖော်ခြင်း) ၏ ဖြစ်နိုင်ခြေကို အားဖြည့်ပေးပြီး၊ ရေရှည်တည်တံ့သော REE သယံဇာတများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်းသစ်သော အပင်အခြေပြု ချဉ်းကပ်မှုတစ်ရပ်ကို မိတ်ဆက်ပေးလိုက်ခြင်းလည်း ဖြစ်သည်" ဟု ရေးသားဖော်ပြထားသည်။

Science Alert တွင် ဆောင်းပါးရှင် David Nield ရေးသားသည့် “Rare earth element erystals found forming in a plant for the first time” ဆောင်းပါးအား ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီးဌာန-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။