ဆောင်းရာသီမှာ သတိပြုစရာ နှာစေးချောင်းဆိုးဝေဒနာ

Posted_Date

Image

ဆောင်းရာသီမှာ သတိပြုစရာ နှာစေးချောင်းဆိုးဝေဒနာ

Body

မိုးအကုန် ဆောင်းအကူးရာသီတွင် နှာစေး၊ ချောင်းဆိုးအဖြစ်များတတ်သည်။  နှာစေးခြင်းသည် ကိုယ်တွင်းအပူငုပ်သည့်လက္ခဏာဖြစ်သည်။ ရှေးတိုင်းရင်းဆေးဆရာကြီးများက အပြင်မှ အအေးတို့စုပြီး ပိတ်ဆို့ထားသဖြင့် ထွက်ပေါက်မရှိဘဲ အပူအကျဉ်းကျရောဂါဖြစ်ရသည်ဟုဆိုသည်။ မွေးညင်းပေါက်တို့မှ  အခိုးအကင်းတို့သည် ချွေးအဖြစ်ထွက်မကျရသောအခါ နှာရည်ယိုကျခြင်းဖြင့် ထွက်ပေါက်ရှာရသည်ဟုအဆိုရှိသည်။

နှာရည်ကျခြင်းသည် ကိုယ်တွင်းအပူများခြင်းကြောင့်ဖြစ်သည်။

ညနေစောင်းတွင်    ရေချိုးလေ့ရှိသူများသည်  ဆောင်းရာသီတွင် နှာစေးပြီး ခေါင်းကိုက်ရောဂါခံစားရလေ့ရှိသည်ကို တွေ့ရသည်။ နှာစေး၊ နှာရည်ယိုခြင်း ရုတ်တရက်ရပ်သွားပြီး နှာခေါင်းပိတ်သွားလျှင် ထိပ်ကပ်နာရောဂါဖြစ်တတ်သည်။ ထိပ်ကပ်နာရောဂါသည် နှာခေါင်းအတွင်း  နှာရိုးမှ   အရွတ်တုံးလေးရောင်ရမ်းခြင်းကြောင့်ဖြစ်သည်။  ထို့ကြောင့် အလွန်အေးသော အရပ်ဒေသများတွင် ရေနွေးဖြင့်စပ်၍ ရေချိုးရသည်။ ရေချိုးပြီး အအေးမိသည်ထင်လျှင်  ပရုတ်ဆီကို ကြွေပန်းကန်လုံးတွင်သုတ်လိမ်းပြီး ရေနွေးအဖြူလောင်းထည့်ကာ ထွက်လာသောရေနွေးငွေ့ကိုရှူပေးခြင်းဖြင့် ထိပ်ကပ်နာရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

ခန္ဓာကိုယ်အတွင်း အပူအကျဉ်းကျသောအခါ နှာခေါင်းမှ နှာရည်ယို သည့်အပြင် ငယ်ထိပ်ထွက်ပေါက်မှလည်း အပူငွေ့များထွက်တတ်သည်။ တချို့လူကြီးများတွင် ဆောင်းရာသီရောက်မှ ခေါင်းချွေးပြန်ပြီး ပဝါဖြင့် အမြဲသုတ်နေရသည်ကို တွေ့ရသည်။ ခေါင်းချွေးပြန်ပြီး ရပ်သွားလျှင် နှာစေး၊ နှာရည်ယိုဖြစ်ပြီး ခေါင်းကိုက်လာတတ်သည်။ ထိုရောဂါအတွက် ညအိပ်ရာဝင်ချိန်တိုင်းတွင် ငယ်ထိပ်ကို အုန်းဆီလိမ်းပြီး  အိပ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ အုန်းဆီသည် ငယ်ထိပ်မှထွက်လာသော  အခိုးကိုဖမ်းယူနိုင်ပြီး  ဆံပင်ကျွတ်ခြင်း၊  ထိပ်ပြောင်ခြင်းကို  ကာကွယ်ပေးနိုင်သည်။

အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ ကိုယ်ပူဖျား၊ တုပ်ကွေးဖျား၊ ညောင်း ညာကိုက်ခဲခြင်းများအတွက် ကြိုတင်ကာကွယ်ရန် ကန့်ချုပ်နီ၊ ခပေါင်း ကြီး၊ ဖွားဖက်တော်၊ ပေါက်နက်၊ ငဖုန်းဆေး၊ အော်လဲ၊ ပညာလင်္ကာ၊ ဆေး ပုလဲ၊ ငပြေရှင်၊ ငစိုင်ရှင်၊ လင်းလေ၊ စမုန်နက်၊ သိန္ဓော၊ ဇာတိပ္ဖိုလ်သီး၊ လေးညှင်းပွင့်တစ်ကျပ်သားစီနှင့် စမုန်မျိုးငါးပါး ငါးကျပ်သားစီပါဝင်သည့် ကန့်ချုပ်ပဒေသာဆေးကို   ရေချိုးပြီးတိုင်း  လူကြီး ‌ ဆေးနှစ်ပဲသား(မန်ကျည်းစေ့နှစ်စေ့ခန့်)၊   ကလေး  ဆေးတစ်ပဲသား (မန်ကျည်းစေ့တစ်စေ့ခန့်) တိုက်ကျွေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

MWD