မသန်သော်လည်း စွမ်းပါသည်
Posted_Date
Image
Body
မသန်စွမ်းသူဆိုသည်မှာ မွေးရာပါ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာ တစ်ခုသို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုသည်။ သို့သော် မသန်သော်လည်း စွမ်းရမည်ဟူသော ဆောင်ပုဒ်ကို လူတိုင်းသိရှိကြမည် ထင်သည်။ ကျန်းမာသန်စွမ်းမှု မရှိသော လူတစ်ဦးသည် လုပ်ကိုင်ဆောင်ရွက်နိုင်မှု စွမ်းရည်ရှိတတ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ မသန်စွမ်းသူများ၏ လုပ်ရည်ကိုင်ရည်များ တိုးတက်မြင့်မားလာစေရန် ၎င်းတို့၏ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးရပိုင်ခွင့်များ အပြည့်အဝရရှိရေးဆောင်ရွက်ပေးရန်မှာ လူသားအားလုံး၏ တာဝန်ဖြစ်သည်။
နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of persons with Disabilities)အဖြစ် ကုလသမဂ္ဂက ၁၉၉၂ ခုနှစ်မှစ၍ သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်းရှိ မသန်စွမ်းသူများ၏ ဘဝအရည်အသွေးပိုမိုဖွံ့ဖြိုးလာစေရန်၊ အများပြည်သူနည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိရန်နှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာနှင့် စွမ်းဆောင်ရည်တို့ကို အလေးထား ဂရုပြုတတ်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အခမ်းအနားကို ၁၉၉၄ ခုနှစ်မှစတင်ပြီး အစဉ်အလာမပျက် ကျင်းပခဲ့သည်မှာ ၂၀၂၄ ခုနှစ်အထိ (၃၁)ကြိမ် ကျင်းပပြီးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှတွင် အခမ်းနားဆုံးဖြစ်သော မသန်စွမ်းသူများညီလာခံကို ကျင်းပခဲ့ရာတွင်လည်း မသန်စွမ်း ကိုယ်စားလှယ်များ တက်ရောက်ကာ ယနေ့ထိတိုင်လည်း ကျင်းပဆဲဖြစ်သည်။
အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစီမံချက်
မသန်စွမ်းသူများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အလုပ်အကိုင် စသည့်အခွင့်အလမ်းများအား လက်လှမ်းမီ ရရှိနိုင်မှုနည်းပါးလျက်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုတွင် နောက်ကျကျန်လျက်ရှိသဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများအား ကဏ္ဍစုံတွင်ရရှိနိုင်မှု သေချာစေရေးအတွက် ကုလသမဂ္ဂက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံ အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစီမံချက်( ၂၀၂၂-၂၀၂၇)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ပိုမိုကောင်းမွန်သောရေရှည်ဖွံ့ဖြိုး တိုးတက်သည့် အကျိုးရလဒ်များဖြစ်ပေါ်စေရန်အတွက် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်တွင် လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ဥပဒေ၊ နည်းဥပဒေများကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် အမျိုးသားအဆင့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီး နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီများကိုလည်း ထပ်မံဖွဲ့စည်းနိုင်ခဲ့သည်။
ယနေ့ကမ္ဘာပေါ်တွင် လူဦးရေတစ်ဘီလီယံကျော် သို့မဟုတ် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းသည် မသန်စွမ်းမှု တစ်မျိုးမျိုးကို တွေ့ကြုံခံစားနေကြရသည်။ ယင်းမသန်စွမ်းသူများ၏ ၈၀ ရာခိုင်နှုန်း သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်လျက် ရှိကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။ လတ်တလောတွင် မသန်စွမ်းသူများသည် ပညာရေးအားနည်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနိမ့်ကျခြင်း၊ အလုပ်အကိုင်ရှားပါး
ခြင်းနှင့် ဆင်းရဲမှုနှုန်းမြင့်မားခြင်း စသည့်ဆိုးရွားသော လူမှုစီးပွားဘဝ အခြေအနေများကို ကြုံတွေ့ရနိုင်ခြေပို၍ များပြားနေကြောင်း ကုလသမဂ္ဂကဆိုသည်။ ဆင်းရဲမှုကြောင့် အာဟာရချို့တဲ့မှု၊ ပညာရေးနှင့်ကျန်းမာရေး စောင့်ရှောက်ရန် အနေအထားမပြည့်စုံမှု၊ ဘေးကင်းသောလုပ်ငန်းခွင် အခြေအနေ၊ ညစ်ညမ်းသောပတ်ဝန်းကျင် အခြေအနေတို့သည် မသန်စွမ်းဖြစ်နိုင်ခြေများ တိုးလာစေလျက်ရှိသည်။ မသန်စွမ်းမှုဖြစ်လာစေနိုင်သည့် အခြားအချက်များတွင် အလုပ်အကိုင်နှင့် ပညာရေးအခွင့်အလမ်းများ နည်းပါးခြင်း၊ လုပ်ခလစာနည်းပါးခြင်းနှင့် မသန်မစွမ်းနေထိုင်မှု စရိတ်စကများ မြင့်တက်လာခြင်းတို့လည်း ပါဝင်သည်။
မသန်စွမ်းသူများအနေဖြင့် လူမှုရေးနှင့် စီးပွားရေးတွင် အပြည့်အ၀ပါဝင်နိုင်ရေးအတွက် အခက်အခဲ များရှိနေဆဲဖြစ်ကြောင်း တွေ့နေရသည်။ ယင်းအခက်အခဲများတွင် လက်လှမ်းမမီနိုင်သည့် ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်နှင့် သယ်ယူပို့ဆောင်ရေး၊ အထောက်အကူပစ္စည်းများနှင့် နည်းပညာများမရရှိနိုင်မှု၊ လိုက်လျောညီထွေမဖြစ်သည့် ဆက်သွယ်မှုနည်းလမ်းများ၊ ဝန်ဆောင်မှုဆိုင်ရာ မညီမျှမှုများနှင့် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခံရသော မလိုမုန်းထားမှုနှင့် အရှက်ရစေမှုများကို တွေ့ရသည်။
မသန်စွမ်းသူများ၏အခြေခံ အကြောင်းရင်းများတွင် အလုပ်လုပ်ရန်ဆန္ဒရှိပြီး စွမ်းဆောင်ရည်များရှိသော်လည်း အလုပ်ရှင်အများစုက ငြင်းပယ်သဖြင့် အလုပ်လုပ်ရန် အလွန်ခက်ခဲသူများအဖြစ် လေ့လာသိရှိရသည်။ မသန်စွမ်းကလေးသူငယ်များ၏ အခြေအနေမှာလည်း သုံးဦးလျှင် နှစ်ဦးမှာ ကျောင်းမတက်နိုင်ကြဘဲ ၃၆ ရာခိုင်နှုန်းသာ စာရေးစာဖတ်တတ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများနှင့် မိသားစုဝင်များအတွက် ကုလသမဂ္ဂချမှတ်ထားသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်(၁၇)ရပ် (၂၀၁၆-၂၀၃၀) အောင်မြင်ရေးသည် အရေးကြီးသကဲ့သို့ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရန် လိုအပ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မသန်စွမ်းမှုတို့မှာ ဟန်ချက်ညီဖြေရှင်းကြရမည့် စိန်ခေါ်မှုတစ်ခုဖြစ်သည်။
နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိမှု
မသန်စွမ်းသူများသည် ဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာ ဘဝရပ်တည်နိုင်ရေး အတွက် အသက်မွေးဝမ်းကျောင်းပညာရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ကိုယ်ပိုင်ဝင်ငွေရရှိရေးတို့သည် အရေးကြီးသည်။ နိုင်ငံတော်အစိုးရနှင့် ပရဟိတအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ ကြိုးစားမှုစွမ်းအားများကြောင့် မသန်စွမ်းသူများ၏ လှုပ်ရှားမှုများသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုများ ရှိလာခဲ့ပြီးဖြစ်သည်။ ပန်းချီ၊ ဓာတ်ပုံပြပွဲပြိုင်ပွဲများ၊ ပိုးဇာပုံနှိပ်၊ ကြိမ်ထိုး၊ ဆံသ၊ ကွန်ပျူတာ၊ အနှိပ်ပညာ စသည်ဖြင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သည်။
နိုင်ငံတော်မှလည်း မသန်စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း (၂၀၂၂-၂၀၂၇)ကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဆပ်ကော်မတီများ ပြင်ဆင်ဖွဲ့စည်းရေးလုပ်ငန်းများ၊ မသန်စွမ်းအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အရင်းမပျောက်မတည်ကို တိုးပွားအောင် ဆောင်ရွက်ပြီး မသန်စွမ်းသူများ၊ မသန်စွမ်းအဖွဲ့အစည်းများကို ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေး ဂေဟာ(ရန်ကုန်)၊ မသန်စွမ်းသက်ငယ် သင်တန်းကျောင်း(ရန်ကုန်၊ မန္တလေး)၊ ကြည့်မြင်တိုင်မျက်မမြင်ကျောင်း(ရန်ကုန်)၊ စစ်ကိုင်းမျက်မမြင်ကျောင်း(စစ်ကိုင်း)၊ နားမကြားကလေးများကျောင်း(ရန်ကုန်၊ မန္တလေး)၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း(ရန်ကုန်)ဟူ၍ သင်တန်းကျောင်း(၈) ကျောင်းကို ဖွင့်လှစ်ပေးထားပြီးဖြစ်သည်။
မသန်စွမ်းကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်းများ၊ မသန်စွမ်းမှုအမျိုးမျိုးနှင့် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာ စစ်ဆေးပံ့ပိုးခြင်း ဝန်ဆောင်မှု(Early Childhood Intervention Services- ECI)ဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။
မသန်သော်လည်း စွမ်းပါသည်
မသန်စွမ်းသူများအား မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့်အညီ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပြည်သူ့ရေးရာနှင့် အခြားနယ်ပယ်အသီးသီးရှိ လူမှုအဖွဲ့အစည်းများတွင် ချန်လှပ်ထားခြင်းမျိုးမပြုဘဲ ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်စေရေး အားလုံးကြိုးစား ဆောင်ရွက်သွားကြမည်ဖြစ်သည်။ မသန်စွမ်းသူများအနေဖြင့်လည်း စိတ်ဆင်းရဲအားငယ်မှုများမဖြစ်ကြဘဲ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်၍နိုင်ငံတော်တည်ဆောက်ရေးတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်သည်။
မသန်စွမ်းသူများသည် မျက်စိမမြင်၊ နားမကြားသော်လည်း မိမိတို့စွမ်းရည်ကို ပြသနိုင်သူများဖြစ်သည်။ ကိုယ်လက်အင်္ဂါချို့တဲ့သော်လည်း လူသာမန်များကဲ့သို့ စွမ်းဆောင်နိုင်သူများဖြစ်သည်။ ဥပမာဆိုရလျှင် မသန်စွမ်းတစ်ဦးဖြစ်သော Stephen William Hawking သည် Cambridge တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိထားသော ကမ္ဘာကျော်ရူပဗေဒပညာရှင်တစ်ဦးဖြစ်သည်။ ထို့အတူ ပါရှားနိုင်ငံမှ မသန်စွမ်းမိန်းမငယ်လေး တစ်ဦးဖြစ်သော Fatemeh Hamami Nasrabadi သည် ပန်းချီကားများကိုခြေထောက်ဖြင့် ရေးဆွဲပြီး ကမ္ဘာပေါ်ရှိခြေထောက်ဖြင့် ဆွဲထားကြသည့်ပန်းချီများအနက် လူသိများသော နာမည်ကြီးပန်းချီဆရာမ တစ်ဦးဖြစ်သည်။ မြန်မာ့သမိုင်းကို လေ့လာကြည့်လျှင်လည်း ထိပ်တန်းစာဆိုကြီး စလေဦးပုညသည် လက်တစ်ဖက်မသန်စွမ်းသူဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ မသန်စွမ်းများကို လူအများက လျစ်လျူရှု၍မနေသင့်ဘဲ မိမိတို့စွမ်းသမျှ ကူညီရမည်ဖြစ်သည်။ လက်တွဲခေါ်ယူ ဖေးမကြရမည်ဖြစ်သည်။ နောင်လာမည့်အနာဂတ်တွင် မသန်စွမ်းသူများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ကျန်းမာကြံ့ခိုင်လာနိုင်စေမည့် နည်းလမ်းများကို ရှာဖွေကြံဆပေးကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် ဘဝကံအကျိုးပေးအရ မသန်စွမ်းဖြစ်ကြရကာ လူ့အသိုင်းအဝိုင်း၏ လျစ်လျူရှုမှုကိုခံကြရသည့် မသန်စွမ်းသူများမှာ လောကအကျိုး၊ နိုင်ငံ့အကျိုးကိုမသန်သော်လည်း စွမ်းဆောင်နိုင်သူများဖြစ်ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International pay of Persons with Disabilities)ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
MWD
