ကျန်းမာသက်ရှည်ဖို့ ပုံမှန်လမ်းလျှောက်ကြပါစို့
Posted_Date
Image
Body
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ် တတိယအချက်တွင် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ဟူသောဦးတည်ချက်နှင့်အညီ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်သော ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းတစ်ဦးချင်းမှ အစပြု၍ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်စေရေးနှင့် မြန်မာ့အားကစားလောက အဆင့်အတန်းမြင့်မားတိုးတက်စေရေးအတွက် ရည်ရွယ်၍ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်းတွင် လူထုအားကစားလှုပ်ရှားမှုအသွင်ဖြင့် နိုင်ငံတစ်ဝန်းလုံးတွင်ကျင်းပလျက်ရှိသည်။
လူတိုင်းအချိန် ၂၄ နာရီစီအညီအမျှ ရရှိထားကြသည်။ ထို ၂၄ နာရီထဲမှ နေ့စဉ် မိနစ် ၃ဝ ခန့်လမ်းလျှောက်ဖြစ်အောင် ကြိုးစားကြည့်စေချင်သည်။ တချို့သောသူများသည် လမ်းလျှောက်ခြင်းကို ဆောင်းရာသီရောက်ရှိမှသာ ပြုလုပ်ရသည်ဟု ယူဆထား
ကြသည်။ အမှန်စင်စစ်မှာမူ လူတစ်ဦးသည် ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ရေးအတွက် နွေ၊ မိုး၊ ဆောင်းသုံးရာသီပတ်လုံး
ပုံမှန်လမ်းလျှောက်သင့်သည်။ စင်စစ်အားဖြင့် လူတစ်ဦးသည် ကိုယ်၊ စိတ်နှစ်ဖြာကျန်းမာချမ်းသာနေမှသာလျှင် ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းသော မြို့ပြနေရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အသက် ၃ဝ ကျော်လာသူများသည် နေ့စဉ်လမ်းလျှောက်သည့် လေ့ကျင့်ခန်းပုံမှန်လုပ်သင့်ပေသည်။
နေ့စဉ်လုပ်ငန်းတာဝန်များကို စိတ်ဓာတ်တက်ကြွစွာ စွမ်းအားပြည့်ထမ်းဆောင်နိုင်ရန်၊ စိတ်နှလုံးရွှင်လန်းချမ်းမြေ့မှုရှိနေရန် လိုအပ်ပေသည်။ စိတ်ရွှင်လန်းတက်ကြွနေစေရန်အတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုပြုလုပ်ရန်လိုအပ်သည်။ ထိုသို့ကိုယ်လက် လှုပ်ရှားမှုအတွက် ငွေကြေးကုန်ကျမှုမရှိသည့် ရိုးရှင်းသော အားကစားနည်းသည် လမ်းလျှောက်ခြင်းပင်ဖြစ်သည်။
လမ်းလျှောက်ခြင်းသည် လွတ်လပ်ပေါ့ပါးပြီး လုပ်ဆောင်ရလွယ်ကူသည့်အပြင် ဘေးထွက်ဆိုးကျိုးလည်းမရှိသည့် ကျန်းမာရေးကို အထောက်အကူပြုသော လေ့ကျင့်ခန်းပုံစံပင်ဖြစ်သည်။ ထို့ပြင် လမ်းလျှောက်ခြင်းသည် လွတ်လပ်လွယ်ကူစွာဆောင်ရွက်နိုင်သဖြင့် အသက်အရွယ်မရွေးလုပ်ဆောင်နိုင်သည့်လေ့ကျင့်ခန်းလည်းဖြစ်သည်။ ထို့ကြောင့် ပုံမှန်လမ်းလျှောက်ခြင်းသည် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိနိုင်သည်။
လမ်းလျှောက်ခြင်းအကျိုးကျေးဇူးများ
နှလုံးအားကောင်းစေခြင်း။ ပုံမှန်လမ်းလျှောက်ခြင်းသည် နှလုံးရောဂါနှင့် လေသင်တုန်းဖြတ် ရောဂါဖြစ်ပွားနိုင်မှု အလားအလာကို လျှော့ချနိုင်ခြင်း၊ သွေးကြောများ ကြွပ်ဆတ်မာကျောမှုဖြစ်ပေါ်စေနိုင်သည့် သွေးထဲရှိကို လက်စထရောများကို လျှော့ချစေနိုင်ခြင်း၊ ထို့ပြင် နှလုံးခုန်နှုန်းပုံမှန်ဖြစ်လာစေခြင်း၊ သွေးလည်ပတ်မှုစနစ်များအား ပုံမှန်အလုပ်လုပ်စေသည့် သွေးများထုတ်လွှတ်ပေးခြင်း၊ မိနစ် ၃ဝ ခန့် ခပ်သွက်သွက်လမ်းလျှောက်ခြင်းဖြင့် သွေးတိုးရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ခြင်းနှင့် လေဖြတ်နိုင်မှုအလားအလာကို ၂၇ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်ဟု ဆေးပညာရှင်များက ဆိုထားသည်။
အထွေထွေရောဂါဖြစ်ပွားမှု လျှော့ချနိုင်ခြင်း။ လမ်းလျှောက်ခြင်းသည်နှလုံးရောဂါကိုကာကွယ်နိုင်သည့်အပြင် ဆီးချိုရောဂါ၊ ပန်းနာရင်ကျပ်ရောဂါနှင့် တချို့သောကင်ဆာရောဂါများဖြစ်ပွားလာနိုင်မှုကိုပင် လျှော့ချနိုင်ခြင်း၊ ဆီးချိုရောဂါကုသရာတွင် အထောက်အကူဖြစ်ခြင်း၊ ပုံမှန်လမ်းလျှောက်လျှင် ရောဂါဖြစ်ပွားမှု ၆ဝ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည့်အပြင် အူမကြီး၊ ရင်သားနှင့်ဝမ်းဗိုက်တို့တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်မှု အလားအလာကိုပင် ၂ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သည်။
ကိုယ်ခန္ဓာအလေးချိန်ထိန်းထားနိုင်ခြင်း။ ကိုယ်ခန္ဓာအလေးချိန်လျှော့ချနိုင်ရန်အတွက် နေ့စဉ်စားသုံးထားသည့်ကယ်လိုရီများ လောင်ကျွမ်းကုန်ဆုံးသွားရန် လိုအပ်သည်။ ကယ်လိုရီများလောင်ကျွမ်းကုန်ဆုံးရန် ရိုးရှင်းလွယ်ကူသည့် နည်းလမ်းသည် နေ့စဉ်ခပ်မြန်မြန်လမ်းလျှောက်ခြင်းဖြစ်သည်။ လမ်းလျှောက်ခြင်းသည် ကြွက်သားများကို တောင့်တင်းသန်မာလာစေပြီး အစာချေဖျက်မှု၊ စွန့်ထုတ်မှု စသည့်ဇီဝဖြစ်စဉ်များ ပိုမိုလျင်မြန်လာစေသဖြင့် အနားယူနေသည့်တိုင်အောင် ကယ်လိုရီများကို လောင်ကျွမ်းစေနိုင်သည်။ ထို့ကြောင့် ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းထားနိုင်ပေသည်။ အရိုးပွရောဂါကာကွယ်နိုင်ခြင်း။ လမ်းလျှောက်ခြင်းသည် အရိုးများကကိုယ်ခန္ဓာအလေးချိန်အား သယ်ဆောင်သည့် လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်ရပ်လည်း ဖြစ်နေသောကြောင့် ကျောရိုးများကို သန်မာတောင့်တင်းစေခြင်း၊ အထူးသဖြင့် အမျိုးသမီးများအား ပိုမိုအကျိုးပြုနေခြင်းနှင့် ကိုယ်ခန္ဓာ အရိုး၊ အဆစ်များ သန်မာစေနိုင်သောကြောင့် အဆစ်ရောင်နာရောဂါမျိုးကို ကာကွယ်ပေးနိုင်သည်။
ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးနိုင်ခြင်း။ ခပ်သွက်သွက်လမ်းလျှောက်ခြင်းသည် သဘာဝမှ စွမ်းအင်ထုတ်လုပ်နိုင်သည့် နည်းလမ်းများအနက် အကောင်းဆုံးသော နည်းလမ်းပင်ဖြစ်သည်။ ထိုသို့ခပ်သွက်သွက် လမ်းလျှောက်ခြင်းသည် သွေးလည်ပတ်မှုမြန်ဆန်လာပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အသီးသီးကို အောက်ဆီဂျင်အပြည့်အဝထောက်ပံ့ပေးနိုင်သဖြင့် ပိုမိုတက်ကြွလန်းဆန်းလာစေသည်။ ထို့ပြင် တောင့်တင်းနေသောအရိုး၊ အဆစ်များနှင့်ကြွက်သားများ ပြေလျော့လာသောကြောင့် နှေးကွေးထိုင်းမှိုင်းမှုခံစားချက်များကို လျော့ကျစေနိုင်သည်။
ခြေထောက်များ၏လှုပ်ရှားမှုဟန်ချက်ထိန်းနိုင်ခြင်း။ နည်းစနစ်မှန်ကန်စွာလမ်းလျှောက်ခြင်းသည် ခြေထောက်များ ကြံ့ခိုင်သန်မာလာပြီး ခြေသလုံးကြွက်သားများ၊ တံကောက်ကြောများကို သန်မာစေနိုင်ခြင်း၊ အထူးသဖြင့်တောင်တက်သည့်အခါ တင်ပါးဆုံကြွက်သားများကို မြှင့်တင်ပေးနိုင်ခြင်းနှင့် လမ်းလျှောက်သည့်အနေအထားကို စနစ်တကျ အာရုံစိုက်ပြီးလေ့ကျင့်သွားမည် ဆိုလျှင် ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျစေနိုင်သည်။
ဗီတာမင်ဒီသိုလှောင်နိုင်မှုမြှင့်တင်ပေးနိုင်ခြင်း။ နေရောင်ခြည်အောက်တွင် လမ်းလျှောက်ပါက ကိုယ်ခန္ဓာအတွင်း ဗီတာမင်ဒီ သိုလှောင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည်။ ဗီတာမင်ဒီကိုအစားအသောက်မှရရှိရန်ခက်ခဲသော်လည်း နေရောင်ခြည်နှင့်ထိတွေ့ပါက ပေါင်းစပ်ထုတ်ယူနိုင်သည်။ ဗီတာမင်ဒီသည် ကျောရိုးမကြီးကိုကြံ့ခိုင်သန်မာစေသည့်အပြင် ကိုယ်ခန္ဓာခုခံအားအတွက် အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည့် အာဟာရဓာတ်တစ်မျိုးလည်းဖြစ်သည်။ အနည်းငယ်နေပူဆာလှုံပေးခြင်းသည် လုံလောက်သောဗီတာမင်ဒီထုတ်လုပ်နိုင်ရေးအတွက်အထောက်အကူဖြစ်စေနိုင်သည်ဟု ဘက်ပညာရှင်များကအကြံပြုထားသည်။
ကျန်းမာသက်ရှည်ဖို့ပုံမှန်လမ်းလျှောက်ကြပါစို့
ကိုယ်လက်လှုပ်ရှားခြင်းသည် တွေးခေါ်မြော်မြင်နိုင်စွမ်းကို တိုးတက်အောင်ဆောင်ရွက်နိုင်သည်ဆိုသောအချက်မှာ မငြင်းပယ်နိုင်သော အမှန်တရားပင်ဖြစ်သည်။ ခပ်သွက်သွက်လမ်းလျှောက်သည့် လေ့ကျင့်ခန်းအား ပုံမှန်ပြုလုပ်ခြင်းသည် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းကဲ့သို့သော ညှိုးနွမ်းထိုင်းမှိုင်းနေမှုများအား ကာကွယ်ရာတွင် ထိရောက်သည့် နည်းလမ်းတစ်ခုပင် ဖြစ်သည်။ တက်ကြွသည့် ကိုယ်လက်လှုပ်ရှားမှုသည် သွေးကြောများအတွင်းသို့ ကောင်းမွန်သော စိတ်ခံစားချက်များ ထုတ်လွှတ်ပေးသဖြင့် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုတို့ကို လျှော့ချပေးနိုင်သည်။
လူမှုရေးလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို မကြာခဏလုပ်ဆောင်သင့်ပြီး စုပေါင်းလမ်းလျှောက်ခြင်း သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများနှင့် တွေ့ဆုံပြီး ရှေးဟောင်းနှောင်းဖြစ်များ ပြောဆိုခြင်းသည် အထီးကျန်ဆန်မှုနှင့် အဖော်မဲ့မှုခံစားချက်များကို ဖယ်ရှားပစ်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းပင်ဖြစ်သည်။ စိတ်ရောဂါခံစားနေရသူများကိုပင်လျှင် ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းဖြင့် စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည်။ နေအိမ်ပြင်ပတွင် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်ပြီး အစိမ်းရောင်ရှုခင်းများကိုကြည့်ရှုခံစားခြင်းသည်လည်း သက်ရှည်ကျန်းမာမှုအတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးများရရှိစေနိုင်သည်။
မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိသည့်ပြည်သူများအတွက် ကံကောင်းသည့်အချက်သည် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများကို နေရာမရွေး၊ အချိန်မရွေးဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများ လက်တစ်ကမ်းတွင်ရှိနေခြင်းပင်ဖြစ်သည်။ ရုံးချိန်ပြင်ပတွင် လမ်းလျှောက်ခြင်း အပါအဝင် တခြားသော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းများကို ငွေကြေးကုန်ကျမှုမရှိဘဲ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည်။ နေ့စဉ် မိနစ် ၃ဝ ခန့်လမ်းလျှောက်ခြင်းသည် အကျိုးများစွာ ရရှိနိုင်သဖြင့် ပျော်ရွှင်သောမိသားစု ဘဝကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ဆိုရလျှင် လူသားတို့သည် နေ့စဉ်စားဝတ်နေရေးအတွက်ရုန်းကန်လှုပ်ရှားနေကြရသည်။ ထိုသို့ ရုန်းကန်နေကြရသဖြင့် တစ်ကိုယ်ရေ ကျန်းမာရေးကို မေ့လျော့လာတတ်ကြသည်။ အကျိုးဆက်အနေဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာ၊ အသည်းအဆီဖုံး စသည့်ရောဂါတစ်မျိုးမျိုး ဖြစ်လာတတ်သည်။ ထို့ကြောင့် ကျန်းမာကြံ့ခိုင်ပြီး သက်တမ်းစေ့နေနိုင်ရန်အတွက် နေ့စဉ်အနည်းဆုံးမိနစ် ၃၀ ခန့်လမ်းလျှောက်သင့်သည်။ ကျန်းမာခြင်းသည်လူတိုင်းအတွက်လာဘ်ကြီးတစ်ပါးပင်ဖြစ်သည်။ ကျန်းမာနေသူတစ်ဦးသည် စိတ်သွားတိုင်းကိုယ်ပါကြသည်။ လူတစ်ဦးသည် ကိုယ်လက်လှုပ်ရှားအားကစားလုပ်ဆောင်မှုနည်းပါးပြီး အထိုင်များခြင်းကြောင့် နှလုံး၊ ဆီးချို၊ သွေးတိုး၊ ကင်ဆာနှင့်စိတ်ကျရောဂါများဖြစ်ပွားလာနိုင်ပေသည်။ ရောဂါတစ်မျိုးမျိုးခံစားနေရသူတစ်ဦးသည် လူဖြစ်ရှုံးပြီး လူ့လောကကြီးမှ အချိန်မတိုင်မီ ထွက်ခွာသွားရမည်ဖြစ်သည်။ ထို့ပြင် သူချစ်သောမိသားစုများကိုလည်း စောစီးစွာ ခွဲခွာသွားရမည် ဖြစ်သည်။ ထို့ကြောင့် ကျန်းမာသက်ရှည်ပြီး မိသားစုများနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ သက်တမ်းစေ့နေ ထိုင်နိုင်ရေးအတွက် နေ့စဉ်ပုံမှန်လမ်းလျှောက်သွားကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
MWD
