မီတာနှင့်မီးကြိုးများကြောင့် ဖြစ်ပေါ်စေနိုင်သော လျှပ်စစ်အန္တရာယ်
Posted_Date
Image
Body
လျှပ်စစ်မီတာများတွင် အကြမ်းဖျင်း စင်တီမီတာ၊ ပါဝါမီတာ၊ အိမ်သုံးမီတာဟူ၍ သုံးမျိုးရှိသည်။
မည်သည့်မီတာအမျိုးအစားဖြစ်ပါစေ သတ်မှတ်ဝန်အားရှိသည်။ သတ်မှတ်ဝန်အားထက် ကျော်လွန်သုံးစွဲလျှင် လောင်ကျွမ်းတတ်သည်။ Internal Short ရှိပြီး Breaker က Trip မဖြစ်သဖြင့် လောင်ကျွမ်းသည့်အခါလည်းရှိသည်။ မီးလောင်သည့်အခါပါသွားပြီး လောင်ကျွမ်းသွားတာမျိုးလည်းရှိသည်။ မျက်မြင်အားဖြင့် အညိုအမဲစွဲပြီး မီးလောင်ထားသည့် လက္ခဏာမျိုးရှိတတ်သလို မျက်စိဖြင့်မမြင်ရသော လောင်ကျွမ်းမှုမျိုးလည်းရှိနိုင်သည်။ နောက်တစ်ချက်မှာ သတ်မှတ်ဝန်အားထက် ကျော်လွန်ပြီး အဝင်ကြိုးလောင်ကျွမ်းပြီး မီတာအဝင်၊ အထွက် Connection Point များ၏ Bar များ အရည်ပျော်ပြီး ကြိုးပြန်ထည့်လို့မရတာ၊ ပြန်သုံးမရတာမျိုးလည်းရှိသည်။ တစ်ခါတစ်ရံမှာ မီတာအတွင်းထဲက Coil များမှာ အညိုအမဲစွဲပြီး လောင်သွားသည့်ပုံစံမျိုးလည်း တွေ့ရတတ်သည်။ ဖော်ပြပါအချက်များသည် အတွေ့ရများသော မီတာလောင်ကျွမ်းမှုပုံစံများဖြစ်သည်။
မီတာလောင်ကျွမ်းသည့်အခါ မည်သို့ဆက်လုပ်သင့်ပါသလဲဆိုလျှင် အိမ်တွင်းအဝင် Main Breaker ကိုပိတ်ထားပြီး မြို့နယ်လျှပ်စစ်ရုံးကို မဖြစ်မနေအကြောင်းကြားရမည်။ မိမိသဘောနှင့် မိမိခတ်ထားသော Seal များ ဖြတ်ခြင်း၊ ပြုပြင်ခြင်းများကိုလုံးဝမပြုလုပ်ရပါ။ မှတ်တမ်းဓာတ်ပုံရယူထားပါ။ မြို့နယ်ရုံးသို့ စာဖြင့်တင်ပြသည့်အခါ မိမိမီတာတပ်ဆင်ထားရှိသည့် မီတာဘေလ်ပါ အမည်ပေါက်၊ မီတာနံပါတ်တပ်ဆင်ထားသည့် လိပ်စာများထည့်သွင်း၍ ဖြစ်စဉ်အကြမ်းဖျင်းအား ရေးသားရမည်ဖြစ်ပြီး မီတာဘေလ်မိတ္တူ၊ မှတ်တမ်းဓာတ်ပုံ(ကာလာ)တို့ကို စာနှင့်အတူ ပူးတွဲတင်ပြရမည်။ လိုအပ်ပါက မိမိထံ ဆက်သွယ်ရရှိနိုင်သည့် ဖုန်းနံပါတ်အားထည့်သွင်းဖော်ပြပေးရမည်။ လာရောက်စစ်ဆေးပါက စစ်ဆေးသူ၏ အမည်နှင့် စစ်ဆေးသည့်ရက်စွဲအချိန်များ မှတ်သားရယူထားနိုင်သည်။ Seal ဖြတ်၍ စစ်ဆေးခဲ့လျှင် သို့မဟုတ် မီတာအား ဖြုတ်ယူပါလျှင်ဆောင်ရွက်သူ၏ အမည်နှင့်ရာထူးအား မှတ်ယူထားရန်လိုအပ်သည်။ ဌာနမှ မည်ကဲ့သို့ဆက်လက် ဆောင်ရွက်လေ့ရှိသနည်းဟုမေးသော် ဌာနမှ တင်ပြစာရရှိပြီးလျှင် လာရောက်၍ အမှန်တကယ်လောင်ကျွမ်းမှုရှိ/မရှိ မျက်မြင်လာရောက်စစ်ဆေးမည်။
၎င်းနောက် သက်ဆိုင်ရာမြို့နယ်တာဝန်ခံ၏ လမ်းညွှန်ချက်ဖြင့် AVG ကောက်ခံမည်ဆိုပါက မိမိသုံးစွဲသော ယူနစ် ၁၂ လစာအားပေါင်း၍ ၁၂ ဖြင့်စားကာ တစ်လပျမ်းမျှ အသုံးအားတွက်ချက်ပြီး မီတာအသစ်မရမချင်း ကောက်ခံသွားပါလိမ့်မည်။ တစ်ခါတစ်ရံ ယခင် ၁၁ လတွင် လူမနေဘဲ ယခုလတွင် လူနေယူနစ်အသုံးများပါက တစ်လပျမ်းမျှ တွက်ချက်ကောက်ခံခြင်းမပြုဘဲ အသုံးဝန်အားကိုအခြေခံ၍ တွက်ချက်ကောက်ခံသွားမည်ဖြစ်သည်။ ခြွင်းချက်အားဖြင့် မီးလောင်သည့်ဖြစ်စဉ်ကြောင့် မီတာလောင်ကျွမ်းခဲ့လျှင်မူ အဆိုပါအမှုကိစ္စပြီးပြတ်မှ မီတာပြန်လည် တပ်ဆင်သုံးစွဲခွင့်ပြုမည်ဖြစ်သည်။ မိမိအနေဖြင့် တစ်လပျမ်းမျှကောက်ခံခြင်းအား သဘောမတူလိုပါကလည်း မီးမသုံးစွဲလိုပါသဖြင့် မီးဖြတ်ထားပေးရန်နှင့် ကောက်ခံခြင်းမပြုရန် အဆိုပြုနိုင်သည်။ ဌာနမှ မီတာလောင်ကျွမ်းမှုဖြစ်စဉ်အား ကြေးနန်းဖြင့်တင်ပြ၍ ဖြုတ်ယူစစ်ဆေးခွင့်ရရှိပါက ဖြုတ်ယူကာ Test Lab သို့ ပေးပို့စစ်ဆေးပါမည်။ Overload ဟုခေါ်သော သတ်မှတ်ဝန်အားထက် ကျော်လွန်သုံးစွဲပါက ဒဏ်ကြေး၊ လျော်ကြေးများ ကောက်ခံသွားမည်ဖြစ်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မီတာလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့ပါက မီတာတန်ဖိုး၏ သုံးဆအား အစားထိုးတပ်ဆင်ခ ကောက်ခံသည်ဟုသိရသည်။
အထူးသတိပေးလိုသည်မှာ မီတာလောင်ကျွမ်းသွားပြီဆိုလျှင်ပြင်ပမှဖြစ်စေ၊ ရုံးမှဖြစ်စေ တစ်ဦးတစ်ယောက်ကလာ၍ “ပြင်ပေးမယ်၊ သက်သာအောင် လုပ်ပေးမယ်”ဆိုသည်များကို လုံးဝ (လုံးဝ) မယုံကြည်ကြပါနှင့်၊ မလုပ်ကြပါနှင့်ဟု အဓိကမှာကြားလိုသည်။ မီတာဖြုတ်၍ စစ်ဆေးပိုင်ခွင့်နှင့်မူနဲ့အညီ ပြုပြင်ပိုင်ခွင့်က Test Tab ဌာနတစ်ခုတည်းမှာပဲရှိသည်။ အကယ်၍Test Lab မရောက်မီ ပြုပြင်ထားသည်ကို စိစစ်တွေ့ရှိပါက မီတာခအမြင့်ဆုံးနှုန်းထားနှင့် တစ်နှစ်စာလျော်ကြေးတောင်းသည်။ လိုအပ်လျှင် တရားစွဲဆိုခြင်းလည်း ခံရပါလိမ့်မည်။ တရားဝင်လမ်းကြောင်းအရ လုပ်ဆောင်ရမည့်အချက်များကို ရှင်းပြထားခြင်းသာဖြစ်ပြီး မိမိဘာသာတရားမဝင်ဆောင်ရွက်၍ မရသည်ကို လုံးဝသိရှိထားကြရန်လိုအပ်သည်။
ဆက်လက်၍ လောင်ကျွမ်းသည့်အဆင့်မဟုတ်သော ပျက်စီးမှုများဖြစ်သည့် ရပ်/ပျက်/နှေးမီတာနှင့် ပတ်သက်သော အကြောင်းအရာများကို ဆက်လက်ရှင်းပြလိုသည်။ မီတာတစ်လုံးသည် အရည်အသွေးပေါ်မူတည်၍လည်းကောင်း၊ သုံးစွဲမှုသက်တမ်းပေါ်မူတည်၍လည်းကောင်း မီတာလည်ပတ်မှုရပ်ခြင်း၊ ပျက်ခြင်း၊ နှေးခြင်းများလည်းဖြစ်နိုင်သည်။ လျှပ်စစ်ဌာနအခေါ်အရ “ရပန”ဟု အတိုကောက်ခေါ်လေ့ရှိသည်။
အကယ်၍ သင့်အိမ်တွင်ရှိသော မီတာသည် လည်ပတ်မှုမရှိဘဲ ရပ်နေ၍သော်လည်းကောင်း၊ မိမိသုံးစွဲပမာဏထက်လျော့နည်း ကျဆင်းနေ၍သော်လည်းကောင်း ပျက်စီးမှုတစ်စုံတစ်ရာရှိပါက မီတာဖတ်ရှုသူမှ စစ်ဆေးမှတ်တမ်းယူ၍ လဲလှယ်ရန် အဆင့်ဆင့်တင်ပြကြရသည်။ ထို့နောက် သတ်မှတ်ကြေးများပေးသွင်းပြီးပါက ဌာနမှ အသစ်တစ်လုံးလဲလှယ်ပေးသည်။ အဘယ်ကြောင့်ဆိုသော် သင့်မီတာလျှောက်ထားစဉ်က မီတာအာမခံစပေါ်ငွေ ပေးသွင်းထားရသဖြင့်ဖြစ်သည်။ ဌာနအနေဖြင့် မီတာဖြုတ်သိမ်း လဲလှယ်သည့်အခါ အိမ်ရှိတပ်ဆင်ထားရှိသော ဝန်အားစာရင်းကို ကောက်ယူမှတ်တမ်းတင်သည်။
၎င်းနောက် အိမ်ရှင်အား လက်မှတ်ထိုးစေသည်။ အိမ်ရှင်အနေဖြင့် မိမိအိမ်တွင် တပ်ဆင်ထားသော မီးချောင်းအရေအတွက်၊ အဲကွန်းအရေအတွက် စသည်ဖြင့် မှန်၊ မမှန်စစ်ဆေးပြီးမှ လက်မှတ်ထိုးသင့်
သည်။ ဖြုတ်ယူရရှိသောမီတာအား မီတာစမ်းသပ်စစ်ဆေးရေးဌာနသို့ ပေးပို့စစ်ဆေးသည်။ ၎င်းဌာနသည် အဆိုပါမီတာချွတ်ယွင်းချက်အားစစ်ဆေး၍ အဖြေထုတ်သည်။ အကယ်၍ မီတာမလည်အောင် မသမာမှုပြုလုပ်ထားပါက လျော်ကြေးနစ်နာကြေးများ တွက်ချက်တောင်းခံခြင်းပြုလုပ်သည်။ သတ်မှတ်ဝန်အားထက် ကျော်လွန်သုံးစွဲပါက အစားထိုးတပ်ဆင်ခ တောင်းခံသည်။ အကယ်၍ ငွေသွင်းရန် လိုအပ်ပါက တရားဝင်ဆက်သွယ်ကာ ဤစစ်ဆေးချက်အရ တောင်းခံပါကြောင်း စာဖြင့်တောင်းခံပြီး တရားဝင်ဌာန၏ ပြေစာဖြင့်သာ တရားဝင်ငွေကောက်ခံမည်ဖြစ်သည်။ သမားရိုးကျ“ရပန”ဖြစ်ပါက ဌာနအား မီးဆက်ခ ယခင်ငွေကျပ် ၂၀၀၀ ယခုအသစ်နှုန်းထားအရ ငွေကျပ် ၅၀၀၀ သာပေးသွင်းရန် လိုအပ်သည်။ မီတာစစ်ဆေးခြင်း၊ အတည်ပြုခြင်းများသည် စမ်းသပ်ရေးနှင့် မီတာဌာန၏တရားဝင်စာ နံပါတ်များဖြင့်သာ တရားဝင်ရုံးစာပေးပို့ခြင်း ပြုလုပ်ကြရပြီး မီတာဖတ်များ၊ လျှပ်စစ်ဝန်ထမ်းများမှ အခကြေးငွေဖြင့် ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်းများလုပ်ဆောင်ခွင့် လုံးဝ(လုံးဝ)မရှိသည်ကိုလည်း သိရှိထားကြရန်လိုအပ်သည်။
မိမိအိမ် မီတာရပ်၊ ပျက်၊ နှေးတစ်ခုခုဖြစ်ပါက မီတာဖတ်များ၊ လျှပ်စစ်ဝန်ထမ်းများကဖြစ်စေ အယောင်ဆောင်၍ဖြစ်စေခြိမ်းခြောက်၊ အကျပ်ကိုင်ခြင်း၊ ငွေတောင်းခြင်း သို့မဟုတ် ပြုပြင်ပေးမည်ဟု လိမ်ညာငွေတောင်းခြင်းများကို ယုံကြည်ခြင်းမပြုကြဘဲ သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးသို့သာ တရားဝင် တိုင်ကြားနိုင်ပါကြောင်းနှင့် သတိပြုဆင်ခြင်နိုင်ကြစေရန်လည်း ရှင်းလင်းရေးသားလိုက်ရသည်။
ထပ်မံ၍ဆားဗစ်ကြိုးခေါ် မီတာအထွက် မီးကြိုးပျက်စီးမှုအကြောင်းကိုလည်း ဆက်စပ်၍ တစ်ခါတည်းရှင်းပြလိုသည်။ ဆားဗစ်ကြိုးဆိုတာ “ဘာကိုခေါ်တာလဲ” ဟု မေးမည်ဆိုပါက 400V ဓာတ်အားလိုင်းတိုင်ကနေ မိမိအဆောက်အအုံကို ဓာတ်အားချိတ်ဆက် အသုံးပြုသောကြိုးကိုခေါ်ခြင်းဖြစ်သည်။ အဆိုပါကြိုး သည် ဓာတ်အားလိုင်းမှတစ်ဆင့် မီတာကိုဝင်ပါသည်။ ထိုမှတစ်ဆင့် အိမ်မီးအဝင် Breaker ကို ရောက်သည်။
လျှပ်စစ်ဌာနအနေဖြင့် မီတာအထွက် ဓာတ်အားရရှိဖို့သာ တာဝန်ရှိပြီး ဓာတ်အားသုံးစွဲသူအနေဖြင့် မီတာအထွက်မှသည် အိမ်တွင်းသွယ်တန်းထားရှိတဲ့ ကြိုး၊ Breaker ကို စစ်ဆေးထိန်း/ပြင်လုပ်ဖို့ တာဝန်ရှိသည်။
စစ်ဆေးခြင်း၊ အတည်ပြုထောက်ခံချက်ပေးခြင်းကိုတော့ လျှပ်စစ်စစ်ဆေးရေးနှင့် ကြီးကြပ်ရေးဌာန(EI) က တာဝန်ယူ၊ တာဝန်ခံပြီး ဆောင်ရွက်သည်။ သို့သော် စစ်ဆေးရန် မေ့လျော့နေလေ့ရှိကြသည်ကတော့ ဓာတ်အားရယူသုံးစွဲထားသည့် ဆားဗစ်ကြိုးပဲဖြစ်သည်။ ဆားဗစ်ကြိုးသည် လျှပ်စစ်ဌာနက တာဝန်ခံရပြီး ဓာတ်အားသုံးစွဲသူ ကာယကံရှင်က အကုန်အကျခံရသော ကိစ္စတစ်ရပ်ဖြစ်သည်။ မိမိ၏ မီတာအမျိုးအစားအရ Single Please Two Wire သို့မဟုတ် Three Phase Four Wire တစ်ခုခုဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ မည်သည့်မီတာအမျိုးအစားပဲဖြစ်စေ ဆားဗစ်ကြိုးသွယ်တန်းတဲ့အခါ ဝန်ထမ်းကြိုးလို့ခေါ်တဲ့ GI Wire ကို Tension အဖြစ် သုံးစွဲရသည်။ အဆိုပါကြိုးသည် ဆားဗစ်ကြိုးကို တိုင်မှအိမ်နံရံ သို့မဟုတ် ဒေါက်တိုင်အား အဓိကအားဖြင့် တောင့်ထားပေးသည်။
ဆားဗစ်ကြိုးအရွယ်အစားနဲ့ အနီးအဝေးပေါ်မူတည်၍ GI ကြိုးဆိုဒ်ကို ရွေးချယ်ရသည်။ အဆိုပါကြိုးမှတစ်ဆင့် ဓာတ်အားစီးကူးခြင်းမရှိအောင် ကြွေသီးများတပ်ဆင်ခြင်း ပြုလုပ်ရပါသေးသည်။ သို့သော် မဖြစ်မနေသိရှိ၍ လိုက်နာကြရမည့်အချက်မှာ ဆားဗစ်ကြိုးမှ မီတာအဝင်ကြားတွင် Breaker တပ်ခြင်း၊ Fuse ထည့်ခြင်း၊ Change Over ထည့်ခြင်းများလုံးဝမပြုလုပ်ရပါ။ ဓာတ်အားသုံးစွဲသူ အများစုသည် ဆားဗစ်ကြိုးမလောင်မချင်း၊ ပြတ်မကျမချင်း၊ အခိုးမခံရမချင်း လဲလှယ်လိုခြင်း အလျဉ်းမရှိကြပါ။ မဖြစ်သာ၍ သုံးစွဲရန်မဖြစ်နိုင်တော့သည့် အခြေအနေရောက်မှသာ လဲလှယ်သုံးစွဲကြသည်ကများသည်။ ပစ္စည်းတိုင်းသည် နှစ်အကန့်အသတ်မဲ့သုံးစွဲရသည်မဟုတ်ပါ။ ဆားဗစ်ကြိုးပေါက်ပြဲ၍ ဓာတ်လိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုများ များစွာကြုံရကြားရဖူးသည်။ ဆားဗစ်ကြိုးစတင်တပ်ဆင်သုံးစွဲခဲ့စဉ်က မိမိအိမ်၏ဝန်အားသုံးစွဲမှုအရ နိုင်နင်း၍သော်လည်းကောင်း၊ ကြိုး၏ခံနိုင်အားသည် အပြည့်အဝကောင်းမွန်၍သော် လည်းကောင်း ကောင်းမွန်စွာသုံးစွဲနိုင်သည်။ သို့သော် အိမ်၏အသုံးဝန်အားသည် တိုး၍လာသောအခါ ယခင်ပန်ကာတစ်လုံးမှသည် အဲကွန်းတစ်လုံးပြောင်းလဲလိုက်သောအခါ ဆားဗစ်ကြိုး၏ခံနိုင်အားကို စနစ်တကျ ပြန်တွက်ချက်သည်မှာရှားသည်။ အလွယ်တကူတပ်လိုက်ကြသည်ကသာ များသည်။ ထို့ကြောင့် ဆားဗစ်ကြိုးသည် ခံနိုင်ဝန်အားထက် ပိုထမ်းရသဖြင့် ပူလာပြီး ကြိုးအားအကာအကွယ်ပြုထားသော ကာဗာသည်လည်း အရည်အသွေးကျလာတတ်သည်။
ထို့ပြင် တပ်ဆင်သည့် ကြိုးအနေအထားအရ လေတိုက်သည့်အခါ သစ်ပင်သစ်ကိုင်းများနှင့် ထိစပ်နေပါက ပွတ်တိုက်မှုများ မကြာခဏဖြစ်ပြီး ပေါက်ပြဲမှုများ ဖြစ်တတ်သည်။ အဆိုပါဖြစ်စဉ်များကြောင့် ပေါက်ပြဲခြင်း၊ အပူလွန်ကဲ၍ ကြိုးတစ်လျှောက်မီးလောင်ခြင်းများ ကြုံရနိုင်သည်။ နောက်တစ်ချက်အနေဖြင့် ပေါက်ပြဲနေသော ဆားဗစ်ကြိုးသည် ဝန်ထမ်းကြိုးဟုခေါ်သော GI ကြိုးနှင့်ထိမိ၍ GI ကြိုးတစ်လျှာက်တွင် ဓာတ်အားရောက်ရှိနေတတ်သည်။ အဆိုပါဝန်ထမ်းကြိုးပြတ်ကျ၍ သံလက်ရန်းပေါ်သို့လည်းကောင်း၊ ရေအိုင်သို့လည်းကောင်း၊ တခြားလျှပ်ကူးစေသည့် အရာတစ်ခုခုပေါ်သို့ ထိမိရောက်မိ၍လည်း ဓာတ်လိုက်သေဆုံးမှုဖြစ်စဉ်များ မကြာခဏကြုံရကြားရသည်။ အထူးသဖြင့် မိုးရာသီတွင်အဖြစ်များသည်။ ထို့ကြောင့် မိမိအိမ်၏ဆားဗစ်ကြိုးကို ဟောင်းနွမ်းနေသလား၊ ပေါက်ပြဲနေသလား စစ်ဆေးပေးကြပါ။ ဟောင်းနွမ်းပေါက်ပြဲနေပါက မြို့နယ်လျှပ်စစ်ရုံးကို ဆားဗစ်ကြိုးဟောင်းနွမ်းနေပါသဖြင့် လဲလှယ်ခွင့်ပြုနိုင်ပါရန် မီတာဘေလ်မိတ္တူနဲ့တင်ပြပြီး လဲလှယ်လို့ရသည်။ လျှပ်စစ်အန္တရာယ်ဆိုသည်မှာ ကြိုတင်ကာကွယ်ရသည့် သဘောရှိ၍ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် မိမိနေအိမ်အား မီးဘေးအန္တရာယ်ကင်းဝေး၍ လူများလည်း လျှပ်စစ်အန္တရာယ် ကင်းဝေးစေဖို့ဆိုရာတွင် မိမိနေအိမ်တွင် တပ်ဆင်အသုံးပြုသော မီတာနှင့် မီးကြိုးများအစဉ် ကောင်းမွန်နေရန် လိုအပ်ပြီး ကျွမ်းကျင်သူများနှင့်မိမိနေအိမ်၏ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေအား အမြဲမပြတ်စစ်ဆေးစေသင့်ပြီး လိုအပ်လျှင် သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ရုံးသို့သွားရောက်၍ အကူအညီ တောင်းခံသင့်ပါကြောင်းနှင့် လိုအပ်လျှင် အသစ်လဲလှယ်ကြခြင်းဖြင့်သာ လျှပ်စစ်အန္တရာယ်ကို ကင်းဝေးကြမည်ဖြစ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။
MWD
Photo Credit to NP News
