အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အရှေ့အလယ်ပိုင်းတွင် အရှိန်မြင့်တက်နေသော ပဋိပက္ခများသည် အဆုံးမရှိသောစစ်ပွဲဖြစ်လာ လိမ့်မည်ဟူသော ဝေဖန်မှုများကိုပယ်ချလိုက်ပြီး ယင်းအစား အဆိုပါ စစ်ပွဲသည် အီရန်နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ဖော်ဆောင်ပေးလိမ့်မည်ဟု အခိုင်အမာ ပြောကြားခဲ့သည်။တနင်္လာနေ့ (မတ် ၂) က Fox News ရုပ်သံလိုင်းမှ Sean Hannity နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် နေတန်ယာဟုက "ယင်းက အဆုံးမရှိသည့် စစ်ပွဲတစ်ခု မဟုတ်ပါ ၊ ကျွန်တော်တို့ အိပ်မက်တောင် မမက်ဖူးသေးသည့် ငြိမ်းချမ်းရေးခေတ်သစ်တစ်ခုကို ဆောင်ကြဉ်းပေးမည့်အရာပါ" ဟု ပြောဆိုခဲ့သည်။အစ္စလာမ္မစ်သမ္မတနိုင်ငံ (အီရန်) အနေဖြင့် နျူကလီးယား လက်နက်ပိုင်ဆိုင်ခြင်းမှ တားဆီးရန် ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုများ လိုအပ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သော်လည်း အီရန်သည် နျူကလီးယားလက်နက်ရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သက်သေ အထောက်အထား တစ်စုံတစ်ရာ ပြသခဲ့ခြင်း မရှိပေ။အမေရိကန်သမ္မတ ထရမ့်ကလည်း ထိုပြောဆိုချက်များကို ထောက်ခံခဲ့သော်လည်း ၎င်းတို့၏ အဆိုမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့၏ အကဲဖြတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ထောက်လှမ်းရေးအဖွဲ့ ၏ အကဲဖြတ်ချက်အရ အီရန်သည် "စစ်ရေးအရ အသုံးပြုနိုင်သော" တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်နိုင်ရန် ဆယ်စုနှစ်တစ်ခုခန့် လိုအပ်နေသေးကြောင်း သိရှိရသည်။သမ္မတ ထရမ့်ကမူ အမေရိကန်၏ အီရန်စစ်ဆင်ရေး ကြာမြင့်မည့်ကာလနှင့် အီရန်နိုင်ငံကို မည်သူကဆက်လက်အုပ်ချုပ်မည်ဆိုသည့် နောက်ဆက်တွဲကိစ္စရပ်များနှင့်ပတ်သက်၍ ရှုပ်ထွေးသော ပြောဆိုချက်များကို ပေးခဲ့သည်။ တနင်္လာနေ့ (မတ် ၂) က CNN မှ Jake Tappe r နှင့် အင်တာဗျူးတွင် ထရမ့်က "ထိုစစ်ပွဲကို အကြာကြီး မဖြစ်စေချင်ပါ၊ ကျွန်တော်ကတော့အမြဲတမ်း လေးပတ်လောက်ပဲ ကြာမည်ဟု ထင်ခဲ့တာ၊ ယခုဆိုလျှင် ကျွန်တော်တို့ သတ်မှတ်ထားသည့် အချိန်ဇယားထက်တောင် နည်းနည်း စောနေပါပြီ" ဟု ပြောကြားခဲ့သည်။အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှု အရှိန်အဟုန်အပြင်းဆုံးလှိုင်း (Big Wave) မှာ လာရန် ရှိသေးကြောင်းလည်း ထရမ့်က CNN သို့ ပြောကြားခဲ့သည်။ ၎င်းက သတင်းထောက်များအား စစ်ပွဲရည်မှန်းချက်များကို ရှင်းလင်းပြောကြားရာတွင် အီရန်၏ ဒုံးကျည် စွမ်းဆောင်ရည်များကို ဖျက်ဆီးရန်၊ ရေတပ်ကို ချေမှုန်းရန်၊ နျူကလီးယား ရည်မှန်းချက်များကို ရပ်တန့်ရန်နှင့် လက်နက်ကိုင်အဖွဲ့များကို လက်နက် ထောက်ပံ့နေမှုများကို အဆုံးသတ်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် မြေပြင်တပ်ဖွဲ့များ စေလွှတ်မည့်ကိစ္စကိုလည်း အပြီးတိုင် ပယ်ချထားခြင်းမရှိကြောင်း New York Post သို့ ပြောကြားခဲ့သည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကလည်း ထရမ့်၏ ပြောဆိုချက်ကို ထောက်ခံခဲ့ပြီး "အပြင်းထန်ဆုံး တိုက်ခိုက်မှုများလာရန် ရှိပါသေးသည်" ဟု ဆိုသော်လည်း ထရမ့်အစိုးရအဖွဲ့အနေဖြင့် အီရန်အပေါ်ဆောင်ရွက်နေသော စစ်ဆင်ရေးရည်မှန်းချက်များကို "မြေပြင် တပ်ဖွဲ့များမပါဘဲ အောင်မြင်နိုင်လိမ့်မည်" ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ကိုးကား- CNNဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
Tue, 3-Mar-2026