ရုရှား သမ္မတဗလာဒီမာပူတင်သည် အလက်စကာ ထိပ်သီးအစည်းအဝေး အပြီး ကရင်မလင်နန်းတော်၌ ၎င်း၏ထိပ်တန်းအရာရှိများနှင့် အစည်းအဝေး ပြုလုပ်
ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် အလက်စကာတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဩဂုတ် ၁၇ ရက် တွင် ကရင်မလင်နန်းတော်၌ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကရင်မလင် သတင်းထုတ်ပြန်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။
အစည်းအဝေးတွင် သမ္မတပူတင်က အလက်စကာသို့ သွားရောက်ခဲ့ခြင်း သည် အချိန်ကိုက်ဖြစ်ပြီး အလွန်အကျိုးရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းသည် ယူကရိန်းအကျပ်အတည်းကို တရားမျှတသည့် နည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းပြောကြားခဲ့ပါသည်။
ရုရှားသည် ယူကရိန်းတွင် စစ်ရေးပဋိပက္ခများ ရပ်တန့်စေလိုပြီး၊ အကျပ် အတည်း၏ အဓိကအကြောင်းအရင်းများကို ဖယ်ရှားခြင်းသည် ပြေလည်မှု ရရှိရေးအတွက် အခြေခံဖြစ်ရမည်ဟု သမ္မတ ပူတင်က ပြောကြားခဲ့ ပါသည်။
သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်း အခြေအနေ နှင့်ပတ်သက်၍ ရုရှား၏ ရပ်တည်ချက်ကို တည်တည်ငြိမ်ငြိမ်နှင့်အသေးစိတ် ရှင်းပြရန် အခွင့်အရေးရရှိခဲ့ကြောင်း သမ္မတဗလာဒီမာ ပူတင် က ဆိုပါသည်။ ထို့အပြင် အမေရိကန် သမ္မတထရမ့်နှင့် ဆွေးနွေးမှုများ အတွင်း ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အားလုံးနီးပါးကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နှင့် စကားပြောဆိုမှုသည် ပွင့်လင်းပြီး အချက်အလက်ပြည့်စုံကာ လိုအပ်သော ဆုံးဖြတ်ချက်များဆီသို့ ပိုမို နီးစပ်လာစေကြောင်း သမ္မတ ဗလာဒီမာပူတင်က ထပ်မံပြောကြားခဲ့ ပါသည်။ ၎င်း၏အဆိုအရ ယူကရိန်းတွင် စစ်ရေးပဋိပက္ခများကို အမြန်ဆုံး ရပ်တန့်ရန် လိုအပ်သည်ဟူသော သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့၏ ရပ်တည်ချက်ကို ရုရှားက လေးစားကြောင်းလည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောဆိုခဲ့ပါသည်။
ကိုးကား - RT
