ပြင်သစ်အစိုးရ လွှတ်တော်ယုံကြည်မှုမရသဖြင့် ပြိုလဲ

News Image

  • ပြင်သစ်အစိုးရ လွှတ်တော်ယုံကြည်မှုမရသဖြင့် ပြိုလဲ

ပြင်သစ်ဝန်ကြီးချုပ် Francois Bayrou သည် တနင်္လာနေ့ (စက်တင်ဘာ ၈) က ကျင်းပသော လွှတ်တော်အတွင်းအရေးပါသည့် ယုံကြည်မှု ဆန္ဒမဲပေးမှုတွင်ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏အစိုးရအဖွဲ့ ပြိုလဲသွားခဲ့သည်။ သမ္မတ Emmanuel Macron လက်ထက်တွင် Bayrou သည် ဒုတိယမြောက် ဖြုတ်ချခံရသည့် ဝန်ကြီးချုပ်ဖြစ်ကာ နိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်း ထဲသို့ ကျရောက်သွားခဲ့သည်။

အမျိုးသားလွှတ်တော်အတွင်း ယုံကြည်မှုမရှိကြောင်း ဆန္ဒမဲဆုံးဖြတ်ချက် အား အတည်ပြုနိုင်ရန် မဲအနည်းဆုံး ၂၈၈ မဲ လိုအပ်သည်။ တနင်္လာနေ့ (စက်တင်ဘာ ၈) က ဆန္ဒမဲပေးမှုတွင် ၃၆၄ မဲ ရရှိခဲ့ပြီး လက်ဝဲယိမ်း New Popular Front ပါတီနှင့် လက်ယာယိမ်း National Rally ပါတီတို့က ဝန်ကြီးချုပ် Bayrou ၏ ခြိုးခြံခြွေတာရေး ဘတ်ဂျက်အစီအစဉ်အား ဆန့်ကျင်ရန် ပူးပေါင်းခဲ့ကြသည်။ 

ယခင်က ယုံကြည်မှုမရှိကြောင်း အဆိုပြုမှု ၈ ကြိမ်အပြီးတွင် ဆက်လက် ရပ်တည်နေခဲ့သော်လည်း ဝန်ကြီးချုပ် Bayrou က ဆန္ဒမဲပေးရန် ၎င်းကိုယ်တိုင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလတွင် ဘဏ္ဍာရေး စာရင်းမတင်မီ ပြင်သစ်၏ကြွေးမြီဝန်ထုတ်အားလျှော့ချရန် ယူရိုငွေ ဘီလီယံ ၄၄ (ဒေါ်လာ ၅၂ ဘီလီယံ) ခန့် ထိန်းသိမ်းချွေတာမည့် အဆို ပြုချက်များအတွက် ထောက်ခံမှု ရရှိရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်၏ အမျိုးသားကြွေးမြီသည် နိုင်ငံအတွက် အလွန်စိုးရိမ်ရသော ဘေးအန္တရာယ်ဖြစ်စေနိုင်သည်ဟု အကြိမ်ကြိမ်သတိပေးခဲ့သော ဝန်ကြီးချုပ် သည် ၎င်း၏ကံကြမ္မာကို လက်ခံသည့်ပုံရသည်။ တနင်္ဂနွေနေ့ (စက်တင်ဘာ ၇) က ခါးသီးသော မှတ်ချက်တစ်ခုတွင် Bayrou သည် အချင်းချင်း မုန်းတီးသော်လည်း အစိုးရကို ဖြုတ်ချရန် အင်အားစုများနှင့် ပူးပေါင်းခဲ့သည်ဟု ပြိုင်ဘက်ပါတီများကို ပြင်းပြင်းထန်ထန် ပြစ်တင် ပြောဆိုခဲ့သည်။ 

ဒီဇင်ဘာလက ရာထူးမှ ထုတ်ပယ်ခံခဲ့ရသော Michel Barnier ၏ နောက်ပိုင်း တွင် Bayrou သည် ဆက်တိုက်ရာထူးဖြုတ်ချခံရသော ဒုတိယမြောက် ပြင်သစ်ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီး ၎င်းသည် သမ္မတ Macron ၂၀၁၇ ခုနှစ် တွင် ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခံရပြီးနောက်ပိုင်း ဆဋ္ဌမ မြောက် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်လည်း ဖြစ်သည်။ 

Bayrou ရာထူးမှဖြုတ်ချခံရခြင်းသည် ပြင်သစ်သမ္မတအား ဆိုရှယ်လစ် ဝန်ကြီးချုပ်တစ်ဦးကို ခန့်အပ်၍ ပါလီမန်မှတစ်ဆင့် ဘတ်ဂျက်ကို ထိန်းကျောင်း ရန် နှင့် ပြည်တွင်းမူဝါဒကို ထိထိရောက်ရောက်ထိန်းချုပ်ရန် သို့မဟုတ် စစ်တမ်းများအရ Marine Le Pen ၏ National Rally ပါတီအား အထောက်အပံ့ပေးသည်ဟု ဖော်ပြသော အရေးပေါ်ရွေးကောက်ပွဲများ ကျင်းပရန် အကြံပြုထားသည်။ 

Macron ကို ထောက်ခံမှုနှုန်းများသည် ဆက်တိုက်နိမ့်ကျနေပြီး ရွေးချယ်မှု တစ်ခုစီသည် ၎င်း၏ သမ္မတသက်တမ်းကို ပိုမိုအားနည်းသွားနိုင်ခြေရှိသည်။ စီးပွားရေးပညာရှင်များက ပြင်သစ်၏ လိုငွေပြမှုနှင့် တိုးပွား လာနေသော ကြွေးမြီများကိုထိန်းချုပ်နိုင်စွမ်းအား ဈေးကွက်များက ယုံကြည်မှု လျော့နည်းသွားပါက နိုင်ငံသည် Liz Truss ၏ တိုတောင်းသော ဝန်ကြီးချုပ်သက်တမ်းအတွင်းက UK ၏ အခြေအနေကို အမှတ်ရစေ နိုင်သော အကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်သည်ဟု သတိပေးထားသည်။

Macron ၏ ခေါင်းဆောင်မှုအား အများပြည်သူမကျေနပ်မှုများ နက်ရှိုင်း လာခဲ့ပြီး လတ်တလော Le Figaro ၏ စစ်တမ်းအရ ပြင်သစ်လူမျိုး ၈၀ ရာခိုင်နှုန်းနီးပါးသည် သမ္မတအား ယုံကြည်မှုမရှိတော့ကြောင်း ဖော်ပြ ထားသည်။ လူထုထောင်ပေါင်းများစွာသည် Macron ရာထူးမှ နုတ်ထွက်ရန်တောင်းဆိုလျက် ' Macron ကိုရပ်တန့်ကြစို့' နှင့် 'ပြင်သစ်ကို EUမှ ထွက်ခွာ စေရန်' (Frexit) ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်ကာ စနေနှင့် တနင်္ဂနွေ နေ့ များတွင် ပါရီမြို့တွင်း ချီတက်ဆန္ဒပြခဲ့ကြသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂