အိန္ဒိယသည် ရုရှား၏ Su-57 တိုက်လေယာဉ်များကို ထုတ်လုပ်ရန် စဉ်းစားနေ

News Image

  • အိန္ဒိယသည် ရုရှား၏ Su-57 တိုက်လေယာဉ်များကို ထုတ်လုပ်ရန် စဉ်းစားနေ

အိန္ဒိယသည် ရုရှား၏ ပဉ္စမမျိုးဆက် တိုက်လေယာဉ် Sukhoi Su-57 အား ဝယ်ယူရန် စဉ်းစားနေပြီး လက်ရှိတွင် ရုရှားဘက်မှ ပြည်တွင်း ထုတ်လုပ်ရေး အဆိုပြုချက်ကို ဆန်းစစ်နေကြောင်း The Print ဝက်ဘ်ဆိုက်က အင်္ဂါနေ့ (စက်တင်ဘာ ၂၃) က ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် အိန္ဒိယအနေဖြင့် Su-57 စစ်လေယာဉ် အနည်းဆုံး နှစ်စီးကို ဝယ်ယူနိုင်ကြောင်း၊ ရုရှားဘက်မှ လေယာဉ်များကို အိန္ဒိယတွင် ထုတ်လုပ်ရန် အဆိုပြုထားသည့် proposal ကို အိန္ဒိယဘက်မှ ဆန်းစစ် နေကြောင်း ဖော်ပြထားသည်။ ရုရှား၏ အဆိုပြုချက်သည် ယခင်က MiG နှင့် Su-30 MKI လေယာဉ်များကို အိန္ဒိယတွင် ထုတ်လုပ်ခဲ့သည့် သဘော တူညီချက်များနှင့် အလားသဏ္ဍာန်တူကြောင်း သတင်းတွင် ဖော်ပြထား သည်။

အဆိုပြုချက်အား အိန္ဒိယဘက်မှ လက်ခံပါက အိန္ဒိယ၏ နိုင်ငံပိုင် Hindustan Aeronautics Limited (HAL) ကုမ္ပဏီသည် ရုရှားကုမ္ပဏီနှင့် ပူးပေါင်း၍ လေယာဉ်များ ထုတ်လုပ်မည်ဖြစ်သည်။ အိန္ဒိယတွင် Su-57 များ ထုတ်လုပ်ရန် သဘောတူညီပါက ပထမဆုံး လေယာဉ်နှစ်စီးကို ပျံသန်း နိုင်သည့် အခြေအနေအတိုင်း ပေးပို့မည်ဖြစ်ပြီး နောက်ထပ် ၃ စီးမှ ၅ စီး အထိကို HAL ၏ Nashik စက်ရုံတွင် အိန္ဒိယပြည်တွင်း၌ပင် ထုတ်လုပ် သွားမည်ဖြစ်ကြောင်း ဝက်ဘ်ဆိုက်က သတင်းရင်းမြစ်များကို ကိုးကား ဖော်ပြခဲ့သည်။

အဆိုပါသတင်းတွင် ယင်းအစီအစဉ်များသည် ကနဦးအဆင့်တွင်သာ ရှိပြီး အိန္ဒိလေတပ် (IAF) ဆောင်ရွက်နေသည့် Multi-Role Fighter Aircraft (MRFA) အစီအစဉ်နှင့် သီးခြားစီဖြစ်ကြောင်း ဖော်ပြထားသည်။ MRFA အစီအစဉ်အရ အိန္ဒိလေတပ်သည် Dassault Aviation ကုမ္ပဏီမှ ထုတ်လုပ်သည့် ပြင်သစ်လုပ် Rafale တိုက်လေယာဉ်များအား အကြံပြုထားကြောင်း သိရသည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂