ကျောက်ဆည်မြို့၏ ရိုးရာအမွေအနှစ် ဆင်ပွဲတော်

News Image

  • ကျောက်ဆည်မြို့၏ ရိုးရာအမွေအနှစ် ဆင်ပွဲတော်

ကျောက်ဆည်၊ စက်တင်ဘာ-၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မကြာခင်အချိန်ကာလ၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲနှင့်ဆင်လှူပွဲတော်ကြီး ရောက်ရှိလာတော့မည်ဖြစ်ပြီး ဆင်အက အလှအဖွဲ့များမှလည်း ရိုးရာဆင်၊ ဘော်ကြယ်ဆင်များဖြင့် မြန်မာရိုးရာ အိုးစည်၊ ဒိုးပတ်၊ ဝါး၊ နှဲ၊ လင်ကွင်း အတီးအဖွဲ့များနှင့်တစ်ဖုံ ခေတ်ပေါ်တေးဂီတ သံစုံတီးဝိုင်းအဖွဲ့များက တစ်မျိုးနှင့် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများတွင် စတင်လှည့်လည် ကပြဖျော်ဖြေလျက်ရှိကြောင်း သိရှိရပါသည်။ 

ရိုးရာဆင်ပွဲတော် စတင်ပေါ်ပေါက်လာပုံမှာ  သက္ကရာဇ် (၃၇၉)ခုနှစ်တွင် နန်းတက်တော်မူသော ပုဂံပြည့်ရှင် အနော်ရထာမင်းကြီးသည် သာသနာတော်ပြန့်ပွားရေးအတွက် သက္ကရာဇ် (၃၉၅)ခုနှစ်တွင် သီဟိုဠ်ဘုရင် ဓာတုသေနမင်းထံမှ ပင့်ဆောင်ရရှိတော်မူခဲ့သော ဘုရားရှင်၏ လက်ဝဲအောက်စွယ်တော်ပွားကို အရှင်အရဟံ ၏ ဩဝါဒဖြင့် ဆင်မယဉ်သာ(ဆင်ဖြူ)ပေါ်သို့ တင်၍ အဓိဋ္ဌာန်ပြုစေလွှတ်ရာ ဆင်မယဉ်သာသည် ပုဂံမြို့ ရွှေစည်းခုံပစ္စယံသုံးဆင့်၊ တန့်ကြည့်တောင်၊ လောကနန္ဒာ၊ တူရွှင်းတောင် နေရာများတွင် ဝပ်နားခဲ့ပြီး ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ထိပ်သို့ ရောက်သည့်အခါ ဝပ်နားခြင်းမရှိဘဲ ခေတ္တလှဲလျောင်းခဲ့ သည့်အတွက် အနော်ရထာမင်းကြီးသည် ယခင်သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီပေါင်းရှစ်သောင်း လေးထောင်တွင် တစ်ဆူပါဝင်ခဲ့သည့် စေတီငယ်အားငုံ၍ ပြင်ဆင်မွန်းမံတည်ထား ကိုးကွယ် ခဲ့ကြောင်း၊ ရွှေသာလျောင်းတောင်ထက်၌ တည်ထားသည့် စေတီဖြစ်သောကြောင့် ဆုတောင်းပြည့် ရွှေသာလျောင်းစေတီဟု အမည်တွင်ခဲ့ကြောင်း သိရသည်။

အနော်ရထာမင်းကြီးသည် သာသနာတော်ပြန့်ပွားရေးလုပ်ငန်းများအပြင် ကျောက်ဆည် ကိုးခရိုင်ဒေသအား နိုင်ငံတော်၏စပါးကျီဖြစ်စေရန်အတွက် ဆည်၊ မြောင်း၊ ချောင်း၊ ကန်များ တည်ဆောက်ခဲ့ကြောင်း၊ နယ်သူ၊ နယ်သားများ ဆန်စပါးပေါများစေရန်အတွက် နှစ်စဉ်သီတင်းကျွတ် လပြည့်နေ့ရောက်တိုင်း ရွှေသာလျောင်း စေတီတော်ကြီးအား ဆွမ်းတော်ကြီးကပ်လှူပွဲပြုလုပ်ရန်နှင့် နောင်အချိန်တွင် စွယ်တော်မြတ် တင်ဆောင်သည့် ဆင်မယဉ်သာ(ဆင်ဖြူ)ကိုလည်း ငါကဲ့သို့ အမှတ်ရစေရန် ဆင်အရုပ်တို့ဖြင့် အဓိဋ္ဌာန်ပြု လှူဒါန်းပူဇော် အမျှ ပေးဝေကြရန် မိန့်တော်မူ ခဲ့သည့်အတွက် သက္ကရာဇ်(၃၉၅)ခုနှစ်မှစ၍ ကျောက်ဆည်မြို့တွင် ဆင်လှူပွဲတော် စတင်ပေါ်ပေါက်လာခဲ့ကြောင်း သိရှိရသည်။

ဆင်လှူပွဲတော်တွင် ရှေးယခင်က ဆန်မှုန့်၊ကောက်ညှင်းမှုန့်များဖြင့် ပြုလုပ်သည့် မုန့်ဆင်များဖြင့် လှူဒါန်း ရာမှ ခေတ်ကာလကြာလာသည်နှင့်အမျှ မုန့်ဆင်ရုပ်များအပြင် စက္ကူဖြင့် ဆေးရောင်ခြယ်ပြုလုပ်သော အရုပ်ဆင်များပါ ပေါင်းစပ်လှူဒါန်းခဲ့ရာ ၁၉၂၀ ပြည့်နှစ် နောက်ပိုင်းတွင် ဆင်ချိုးပညာရှင်များဖြစ်သာ ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်ကွက်မှ ဆရာမြစ်၊ ဆရာငယ် ညီအစ်ကို(၂)ဦးက လူဝင်၍ရသော အရုပ်ဆင်များတီထွင်ပြုလုပ်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ကျောက်ဆည်မြို့၏ ရိုးရာဆင်လှူပွဲတော်အပြင် ဆင်ပြိုင် ပွဲတော်ပါ ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာမှ ရိုးရာဆင်ပြိုင်ပွဲတော်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့၏ ရိုးရာဆင်လှူပွဲတော်ကို နှစ်စဉ်သီတင်းကျွတ်လပြည့်(၁၅)ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့ပြီး ဆင်အကအလှပြိုင်ပွဲကို သီတင်းကျွတ်လဆန်း(၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ဆင်အက အလှ ပြိုင်ပွဲတွင် ရပ်ကွက်၊ကျေးရွာအသီးသီးမှ ဆင်အကအဖွဲ့များမှ ကလေး ဆင်၊ ရိုးရာဆင်၊ ဘော်ကြယ်ဆင်များဖြင့် ပါဝါယှဉ်ပြိုင်ကြပြီး ကျောက်ဆည်နယ်သူ၊နယ်သားများမှလည်း တစ်ခဲနက် ပါဝင်အားပေးသည့် အတွက် အလွန်စည်ကားသည့် ရိုးရာပွဲတော်ကြီးတစ်ခု ဖြစ်ကြောင်း၊ ယခုနှစ်ဆင်အကအလှပြိုင်ပွဲအား ဂုဏ်ပြု ဆင်ဖြူတော်(၂)စီးနှင့် ဖွင့်ပွဲပြုလုပ်သွားမည် ဖြစ်ပြီး ဆင်အကအလှပြိုင်ပွဲတွင် ဘော်ကြယ်ဆင်(၃)စီး၊ ရိုးရာ ဆင်(၅)စီး၊ ကလေးဆင် (၄)စီး၊ သဘာဝတီထွင်ဆန်းသစ်မှုဆင်(၂)စီး စုစုပေါင်းဆင်(၁၄)စီးတို့မှ ယှဉ်ပြိုင် ဝင်ကပြသွားမည် ဖြစ်ကြောင်းနှင့် ဆင်ပြိုင်ပွဲတော်ကြီး စည်ကားသိုက်မြိုက်စေရေး ဖျော်ဖြေရေးဆင်(၅၄)စီး တို့မှလည်း နာမည်ကြီးအဆိုတော်များနှင့်အတူ ခေတ်ပေါ်တေးဂီတသံစုံတီးဝိုင်းများနှင့်  မြို့မဈေးကြီးအား (၃)ပတ်လှည့်လည်ပြီး မြူးမြူးကြွကြွဆင်အကများဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်သည့်အတွက် အနယ်နယ် အရပ်ရပ်မှ ပြည်သူများအနေဖြင့်  ကျောက်ဆည်နယ်သူ၊နယ်သားများနှင့်အတူ ပျော်ရွှင်စွာပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ် ရေးသားလိုက်ရပါသည်။

 

သက်မောင်(ကျောက်ဆည်)