မြောက်ကိုရီးယားက ICBM ဒုံးကျည် အသစ်ကို ထုတ်ဖော်ပြသ
မြောက်ကိုရီးယားနိုင်ငံသည် သောကြာနေ့ (အောက်တိုဘာ ၁၀) က ကျင်းပခဲ့သော စစ်ရေးပြအခမ်းအနားတွင် ၎င်း၏နောက်ဆုံးထုတ် ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည် (ICBM) ကို ပြသခဲ့သည်။
ခေါင်းဆောင် ကင်ဂျုံအန် ဦးဆောင်ကျင်းပခဲ့သည့် အဆိုပါအခမ်းအနား တွင် နိုင်ငံကို ထိန်းကျောင်းဦးဆောင်လျက်ရှိသည့် အလုပ်သမားပါတီ တည်ထောင်ခြင်း နှစ် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် စစ်ဆင်ရေး ဒရုန်း များ၊ အဆင့်မြင့် အီလက်ထရွန်းနစ် စစ်ဆင်ရေးပစ္စည်းများ တပ်ဆင် ထားသော တင့်ကားများနှင့် ဟိုက်ပါဆောနစ် ဒုံးကျည်များ အပါအဝင် မြောက်ကိုရီးယား၏ လက်ရှိအဆန်းသစ်ဆုံး လက်နက်စနစ်များကို ပြသခဲ့သည်။
သို့သော်လည်း အခမ်းအနား၏ အဓိကအချက်မှာ Hwasong-20 ကို ပထမဆုံးအကြိမ် ပြသခြင်းဖြစ်ပြီး ၎င်းကို နိုင်ငံပိုင်မီဒီယာများက "ယနေ့ အထိ မြောက်ကိုရီးယား၏ အစွမ်းထက်ဆုံး နျူကလီးယား နည်းဗျူဟာ မြောက်လက်နက်စနစ်ဖြစ်သည်” ဟုဖော်ပြခဲ့ကြပြီး အမေရိကန် ပြည်ထောင်စု အတွင်းပိုင်းအထိပင် ရောက်ရှိနိုင်စွမ်းရှိသည်ဟု ဆိုသည်။ အခမ်းအနား အတွင်း ယင်းဧရာမဒုံးကျည်ကြီးများကို ဝန်တင်ဒုံးပစ်ယာဉ် ၁၁ စီးတွင် တင်ဆောင်ပြသခဲ့သည်။
Hwasong-20 ၏ တည်ရှိမှုကို မကြာသေးမီက မြောက်ကိုရီးယားက ၎င်း၏ နောက်မျိုးဆက် ICBM များအတွက် ရည်ရွယ်သည်ဟုဆိုသော အစိုင်အခဲလောင်စာသုံး ဒုံးပျံအင်ဂျင်အသစ်ကို စမ်းသပ်ပြီးနောက်မှသာ ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။ အစိုင်အခဲလောင်စာသုံး ဒုံးပျံများသည် အရည်လောင်စာသုံး ဒုံးပျံများထက် ပိုမိုမြန်ဆန်စွာ သယ်ယူပစ်လွှတ် နိုင်ပြီး ၎င်းတို့ကိုချေမှုန်းရန် ပိုမိုခက်ခဲစေသည်ဟု ဆိုသည်။ နိုင်ငံပိုင် မီဒီယာများက ကာဗွန်ဖိုင်ဘာဖြင့် တည်ဆောက်ထားသော ယင်း အင်ဂျင်သည် ယခင်က မြောက်ကိုရီးယားထုတ်အင်ဂျင်ဒီဇိုင်းများထက် ပိုမိုစွမ်းအားမြင့်မားသည်ဟု ဖော်ပြခဲ့သည်။
Hwasong-20 ၏ နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ တိကျခိုင်မာသော အချက်အလက်များကို ထုတ်ဖော်ခြင်း မရှိသေးဘဲ ယခုအချိန်ထိ စမ်းသပ်ပစ်လွှတ်မှုတစ်ခုကိုမျှ ပြုံယမ်းက ကြေညာခြင်းမရှိသေးပေ။ ကျွမ်းကျင်သူများက ယင်းဒုံးကျည်သည်နျူကလီးယားထိပ်ဖူးပေါင်းများစွာကို သယ်ဆောင်နိုင်စွမ်းရှိသည်ဟုယုံကြည်ကြပြီး ၎င်းသည် ခေါင်းဆောင်ကင်ဂျုံအန် မကြာခဏ တိုက်တွန်း ခဲ့သည့် ရည်မှန်းချက်တစ်ရပ်ဖြစ်သည်။
မြောက်ကိုရီးယားသည် အဆင့်မြင့်လက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းမှု များအား အနောက်နိုင်ငံများ၏ ဆက်လက်တည်ရှိနေသော စစ်ရေး ခြိမ်းခြောက်မှုများ၊ အထူးသဖြင့် အမေရိကန်မှ ခြိမ်းခြောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟုသတ်မှတ်ထားသည်။ အမေရိကန်၏ တောင်ကိုရီးယားရှိ စစ်ရေးတပ်စွဲမှုနှင့် နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုများကို ပြုံယမ်းက စစ်ရေးအရ ခြိမ်းခြောက်မှုဆန်သော လုပ်ရပ်များအဖြစ် ရှုမြင်လျက်ရှိသည်။
ပြည်ပဝင်ရောက်စွက်ဖက်မှုများကိုကာကွယ်နိုင်ရန် ၎င်း၏ နျူကလီးယား နှင့် ဒုံးကျည်စီမံကိန်းများသည် အဓိကလိုအပ်ချက်ဖြစ်ပြီး ၎င်း၏ လက်နက်များသည် နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်ရန် အတွက် သန့်ရှင်းစွာရည်ရွယ်သည့် ကာကွယ်ရေး လက်နက်များသာဖြစ်သည်ဟု မြောက်ကိုရီးယားက ခိုင်ခိုင်မာမာ ရပ်တည် လုပ်ဆောင် လျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
