ပုသိမ် မေ ၂၉ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၌ ငါးကွမ်းရှပ်ခြောက်များ အရောင်းအဝယ် ကောင်းမွန်နေကြောင်း ပုသိမ်မြို့နယ်မှ ငါးခြောက်မျိုးစုံရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေဆွေ၏ပြောပြချက်အရ သိရသည်။ ပုသိမ်မြို့နယ်၌ ယခုနှစ်မေလတတိယပတ်မှ လက်ရှိအချိန်ထိဈေးကွက်အတွင်း ငါးကွမ်းရှပ်ခြောက်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ "မေလထဲမှာ ငါးကွမ်းရှပ်ခြောက်တွေ အဝယ်လိုက်နေပါတယ်။ ဒေသဈေးကွက်မှာ တခြားငါးခြောက်တွေနဲ့ယှဉ်ရင် ငါးကွမ်းရှပ်ခြောက်က ပိုပြီးအရောင်းအဝယ်ကောင်းနေပါတယ်။ ငါးကွမ်းရှပ်ခြောက်တွေ ပုံမှန်ထက်ပိုပြီး အရောင်းအဝယ်သွက်လာတော့ ရေလုပ်သားတွေ၊ ကုန်သည်တွေ၊ ငါးခြောက်လုပ်ငန်းနဲ့ဆက်စပ်နေသူတွေ အလုပ်အကိုင်အခွင့်အလမ်း အဆင်ပြေနေပါတယ်"ဟု ဒေါ်ဆွေဆွေကပြောသည်။ ပုသိမ်မြို့နယ်၌ ငါးခြောက်မျိုးစုံ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများသည် ငါးကွမ်းရှပ်ခြောက်များ အပါအဝင် ရေထွက်ကုန်ပစ္စည်းများ၊ ပုစွန်နှင့် ကဏန်းများကို ဝယ်ယူပြီး စနစ်တကျသန့်စင်ထုပ်ပိုးကာ ဝယ်ယူသည့်ဒေသများသို့ တင်ပို့ရောင်းချလျက် ရှိကြောင်း သိရသည်။MWD
Sat, 30-May-2026