လစ်ဗျားကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ၏ လှေတိမ်းမှောက်မှု ကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးဖွယ်ရှိ
ယခုလအစောပိုင်းက လစ်ဗျားကမ်းရိုးတန်းတွင် ရာဘာလှေတစ်စင်း နစ်မြုပ်ပြီးနောက် အနည်းဆုံး ရွှေ့ပြောင်းနေထိုင်သူ ၄၂ ဦး သေဆုံးဖွယ် ရှိကြောင်း နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်း (IOM) က ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၂) တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါလှေသည် နိုဝင်ဘာ ၃ ရက်က အနောက်ပိုင်း ကမ်းရိုးတန်းမြို့ ဖြစ်သည့် Zuwara မြို့မှ အမျိုးသား ၄၇ ဦးနှင့် အမျိုးသမီး နှစ်ဦး စီးနင်း လိုက်ပါလျက် ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ခရီးစတင်ပြီး ခြောက်နာရီခန့် အကြာတွင် လှိုင်းကြီးမှုကြောင့်အင်ဂျင်ပျက်သွားပြီး လှေမှောက်ကာလိုက်ပါလာသူအားလုံး ရေထဲပြုတ်ကျခဲ့ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအေဂျင်စီ၏ထုတ်ပြန်ချက်အရ သိရှိရသည်။ လစ်ဗျားအာဏာပိုင်များ သည် ထိုသီတင်းပတ်နှောင်းပိုင်းတွင် အယ်လ်ဘူရီ ရေနံမြေအနီးတွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကို စတင်ခဲ့သည်။
ပျောက်ဆုံးနေဆဲ (ယခုအခါ သေဆုံးသွားပြီဟု ယူဆရသော) လူ ၄၂ ဦးတွင် ဆူဒန်နိုင်ငံသား ၂၉ ဦး၊ ဆိုမာလီနိုင်ငံသား ရှစ်ဦး၊ ကင်မရွန်း နိုင်ငံသား သုံးဦးနှင့် နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦး ပါဝင်သည်။
ခြောက်ရက်ကြာမျောပါပြီးနောက် ခရီးသည် ခုနစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ထုတ်ပြန်ချက်အရ ၎င်းတို့တွင် ဆူဒန်နိုင်ငံသား လေးဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား နှစ်ဦးနှင့် ကင်မရွန်နိုင်ငံသား တစ်ဦး ပါဝင်သည်။ IOM အနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်းကာ ဆိုက်ရောက် သည့်နေရာသို့ရောက်ရှိလာသည့် အသက်ရှင်ကျန်ရစ်သူများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ ရေနှင့် အစားအစာများ ထောက်ပံ့ ပေးခဲ့ကြောင်း အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။
လှေပေါ်လိုက်ပါလာသူ အများအပြားသည် ၎င်းတို့၏နေရပ်နိုင်ငံများရှိ ကြာရှည်နေသော ပဋိပက္ခနှင့် မတည်ငြိမ်မှုများမှ ထွက်ပြေးလာသူများ ဖြစ်သည်။ ဆူဒန်နိုင်ငံသည် ၂၀၂၃ ခုနှစ် ဧပြီလမှစတင်၍ ပြင်းထန်သော စစ်ပွဲအတွင်း ကျရောက်နေကာ လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရသည်။ ဆိုမာလီယာနိုင်ငံသည်လည်း လက်နက်ကိုင်အကြမ်းဖက်မှု၊ အယ်လ်ရှာဘတ်စစ်သွေးကြွအဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် မလုံခြုံမှုများနှင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
IOM ၏ Missing Migrants Project အရ ၂၀၂၅ ခုနှစ် စတင်ချိန်မှစ၍ အလယ်ပိုင်းမြေထဲပင်လယ် ခရီးစဉ်တစ်လျှောက်တွင် လူ ၁,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ အာဖရိကနှင့် အရှေ့အလယ်ပိုင်းရှိ ပဋိပက္ခနှင့် ဆင်းရဲနွမ်းပါးမှုဒုက္ခများမှ ထွက်ပြေးလာသော ရွှေ့ပြောင်းနေထိုင်သူများ အတွက် အဓိကဖြတ်သန်းသွားလာရာနေရာ တစ်ခုဖြစ်သည့် လစ်ဗျား သည် ပင်လယ်ရေကြောင်းမှတစ်ဆင့် ဥရောပသို့ရောက်ရှိရန် ကြိုးစား သူများအတွက် အန္တရာယ်အရှိဆုံး ထွက်ခွာလမ်းကြောင်းများထဲမှ တစ်ခု အဖြစ်ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်မှုအေဂျင်စီက မှတ်ချက်ပြုထားသည်။
၂၀၂၄ ခုနှစ် တစ်နှစ်တည်းတွင်ပင် သေဆုံးသူ ၆၆၅ ဦးကျော်ရှိခဲ့ပြီး ရွှေ့ပြောင်းနေထိုင်သူ ၁၀၀၀ ကျော်သည် ထိုလမ်းကြောင်း တစ်လျှောက် တွင် ပျောက်ဆုံးနေကြောင်း Libya Review သတင်းစာက ဖော်ပြ ခဲ့သည်။
စက်တင်ဘာလတွင် ဆူဒန်နိုင်ငံသားအများစုကို တင်ဆောင်လာသော လှေနှစ်စင်းသည် လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ တိုဘရွတ်မြို့အနီးတွင် နစ်မြုပ် ခဲ့သည်။ ခရီးသည် ၇၄ ဦး တင်ဆောင်လာသော ပထမလှေတစ်စင်း တိမ်းမှောက်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ ၁၃ ဦးသာ ရှိခဲ့ကာ လူ ၇၅ ဦးစီးနင်းသည့် ဒုတိယလှေတွင် မီးလောင်မှုဖြစ်ပွားပြီး အနည်းဆုံး ၅၀ ဦး သေဆုံးခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,