ကျောက်ဆည်မြို့နယ်၌ မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများ လုပ်ငန်း လမ်းညွှန်မှု သင်တန်း (ပထမ) အကြိမ် ဖွင့်လှစ်ပို့ချ

News Image

  • ကျောက်ဆည်မြို့နယ်၌ မဲရုံမှူးနှင့်ဒုတိယမဲရုံမှူးများ လုပ်ငန်း လမ်းညွှန်မှု သင်တန်း (ပထမ) အကြိမ် ဖွင့်လှစ်ပို့ချ

ကျောက်ဆည်၊ နိုဝင်ဘာ-၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူး၍ မဲရုံမှူးနှင့် ဒုတိယ မဲရုံမှူးများ၏ လုပ်ငန်းလမ်းညွှန်မှု သင်တန်းကို ယမန်နေ့နံနက် ၉:၀၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ် ရွေးကောက်ပွဲအရာရှိဒေါ်နွဲ့နွဲ့ခိုင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုတိယမှူးများ တက်ရောက်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က လွှတ်တော် အသီးသီး အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လုံခြုံရေးကိစ္စရပ်များ၊ မဲရုံမှူး/ ဒုတိယမဲရုံမှူး တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လွှတ်တော်(၃)ရပ်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေပုံစံများ၊ မဲပေးစက် အစိတ်အပိုင်းများနှင့် ကိုင်တွယ်အသုံးပြုနည်းများ၊ မဲပေးစက်သရုပ်ပြစက်တပ်ဆင်ခြင်း၊ လက်တွေ့ စမ်းသပ်မဲပေးရန် သတ်မှတ်ပုံစံများ ဖြည့်သွင်းခြင်းနှင့် MEVMစက် စမ်းသပ်တပ်ဆင်ခြင်း စသည့် လုပ်ငန်းများအား မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက စာတွေ့လက်တွေ့  ရှင်းလင်းဆွေးနွေးပို့ချခဲ့ပြီး မဲရုံမှူး/ ဒုတိယမဲရုံမှူးများက သိရှိလိုသည်များ ပြန်လည်‌‌မေးမြန်း‌ ဆွေးနွေးခဲ့ကြသည်။ 

သက်မောင်(ကျောက်ဆည်)