မကွေးတိုင်းတွင်ဥစားကြက်မွေးမြူရေးဇုန် တည်ဆောက်မည်
မကွေးတိုင်းဒေသကြီးအတွင်း ကြက်ဥများကို လုံလောက်စွာ ရရှိစားသုံးနိုင်စေရန် ဥစားကြက်မွေးမြူရေးဇုန်ကို ဖော်ဆောင်နေကြောင်း မကွေးတိုင်းဒေသကြီးသမဝါယမအသင်းမှ သိရသည်။
အဆိုပါမွေးမြူရေးဇုန်ကို မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရှားပင်လှကျေးရွာအနီးရှိ ရွှေတင့်တူး စိုက်ပျိုးမွေးမြူရေးဇုန်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိမှာ ဥစားကြက်မွေးမြူရေး ဇုန်အတွင်း ကြက်ခြံ ၆ ခြံနှင့် ဥစားကြက်အကောင်ရေ ၁ သောင်းကျော်ကို မွေးမြူထားကြောင်း သိရသည်။
“ဥစားကြက်မွေးမြူရေးဇုန်ဖော်ဆောင်တာဟာ တိုင်းဒေသကြီးအတွင်းက ပြည်သူတွေ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ကြက်ခြံတွေကိုလည်း ထပ်ပြီးတိုးချဲ့သွားမှာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး သမဝါယမအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆက်လက်ပြီး ဥစားကြက်မွေးမြူရေးဇုန်အတွင်း ကြက်ခြံပေါင်း ၃၀ ခန့်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဥစားကြက်မွေးမြူရေးဇုန်မှ ထွက်ရှိသည့် ကြက်ဥများကို အရွယ်အစားပေါ်မူတည်ကာ တစ်လုံးလျှင် ငွေကျပ် ၃၀၀ မှ ၄၀၀ အထိ ရောင်းချပေးနေကြောင်း ၎င်းက ပြောသည်။
လက်ရှိမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ရွှေတင့်တူး စိုက်ပျိုးရေးမွေးမြူရေးဇုန်ကို ပထမအဆင့်အဖြစ် မြေလွတ်မြေရိုင်း ဧက ၁၅၀ ပေါ်၌ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဥစားကြက်မွေးမြူရေးဇုန်အပါအဝင် စပါးစိုက်ပျိုးရေးဇုန်များပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဒုတိယအဆင့်အဖြစ် ဧက ၂၀၀ ပေါ်၌ စပါးစိုက်ပျိုးရေးဇုန်အပါအဝင် ဝက်မွေးမြူရေးနှင့် ငါးမွေးမြူရေးဇုန်များကိုပါ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သိရသည်။
Np News
