ကမ္ဘောဒီးယား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦး ကျဆုံးသည့် သတင်းများ ထွက်ပေါ်ပြီးနောက် အခမ်းအနားတစ်ခုတွင် ပြန်လည်ထွက်ပေါ်လာ
ဒုတိယဗိုလ်ချုပ်ကြီး Srey Doek သည် လွန်ခဲ့သည့် ဇူလိုင်လက တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့ပြီးနောက် ဒီဇင်ဘာ ၂ ရက်နေ့တွင် Preah Vihear ခရိုင်ရှိ အခမ်းအနားတစ်ခု၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
တော်ဝင်ကမ္ဘောဒီးယားတပ်မတော်၏ ဒုတိယစစ်ဦးစီးချုပ်နှင့် အမှတ် ၃ ထောက်ပံ့ရေးတပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး Srey Doek သည် နယ်စပ် ခရိုင် Preah Vihear တွင် ဒီဇင်ဘာ ၂ ရက်နေ့က ကျင်းပသော အခမ်း အနားတစ်ခု၌ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယား တပ်မတော် မှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ဒက်ခ်သည် ဘုရင့်အမြင့်ဆုံး သီးသန့် အကြံပေးကောင်စီဝင်နှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ္ဘောဒီးယားအမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Men Sam An ဘေး တွင် ရပ်လျက်ရှိနေသည်ကို တွေ့ရှိရသည်။ အဆိုပါပုံများသည် ဒုတိယ ဗိုလ်ချုပ်ကြီး ဒက်ခ်နှင့် ပတ်သက်ပြီး လပေါင်းများစွာ ကြာမြင့်ခဲ့သည့် ကောလာဟလ သတင်းများနှင့် ထင်မြင်ယူဆချက်များကို အဆုံးသတ် စေခဲ့သည်။
ထိုင်းမီဒီယာများက ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် ၏ ရင်းနှီးသူဖြစ်သော ဒက်ခ်သည် ဇူလိုင် ၃၀ ရက်နေ့တွင် နယ်စပ် တိုက်ပွဲ၌ ကျဆုံးခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ ထိုင်းသတင်းစာများ က ထိုစဉ်က Boonsin Padklang က ကွပ်ကဲခဲ့သော (ယခုအခါ အငြိမ်းစားယူပြီ) ၎င်းတို့နိုင်ငံ၏ စစ်ဒေသ ၂ မှ သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားက နယ်စပ်အငြင်းပွားမှု တွင် အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားအောင် လှုံ့ဆော်မှုဖြင့် Boonsin Padklang ကို စွပ်စွဲခဲ့သည်။
အဆိုပါသတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းဝန်ကြီးချုပ်၏ အတွင်းရေးမှူးချုပ်၏ အကြံပေးဖြစ်သူ Jakrapob Penkair က ဒုတိယ ဗိုလ်ချုပ်ကြီး ဒက်ခ်အား တိုက်ပွဲဖြစ်ပွားစေရန် လှုံ့ဆော်သည်ဟု စွပ်စွဲကာ Facebook တွင် ပို့စ်တင်ကာ တုံ့ပြန်ခဲ့သည်။
ကမ္ဘောဒီးယားအရာရှိများက ဒက်ခ် သေဆုံးမှုသတင်းများကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပြီး သတင်းမှား ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ဒက်ခ်သည် လပေါင်းများစွာ အများမြင်ကွင်းရှေ့သို့ ထွက်မလာခဲ့ခြင်းကြောင့် ထိုင်းမီဒီယာ ၏ သတင်းများမှန်ကန်နိုင်သည်ဟု ထင်မြင်ယူဆချက်များ ဖြစ်စေခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ဇူလိုင်လတွင် ငါးရက်ကြာ နယ်စပ် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၃ ဦး သေဆုံးခဲ့ပြီး နှစ်ဖက် အရပ်သား ၃၀၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ နှစ်ဖက်စလုံးသည် အောက်တိုဘာ ၂၆ ရက်နေ့တွင် ကွာလာလမ်ပူမြို့၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် တို့ သက်သေအဖြစ် လက်မှတ်ရေးထိုးကာ ငြိမ်းချမ်းရေး သဘောတူညီချက် ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ သဘောတူညီချက်အရ နှစ်ဖက်စလုံးသည် နယ်စပ်ဒေသမှ လက်နက်ကြီးများကို ရုပ်သိမ်းရန်နှင့် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့် သူများအား ထိုဒေသသို့ ဝင်ရောက်ခွင့်ပြုရန် သဘောတူခဲ့သည်။ ထိုင်း နိုင်ငံက ဖမ်းဆီးရမိထားသော ကမ္ဘောဒီးယားစစ်သား ၁၈ ဦးကို ပြန်လည် ပေးအပ်ရန်လည်း ကတိပြုခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ နှစ် နိုင်ငံစလုံးသည် သဘောတူညီချက်ကို မလိုက်နာကြောင်း အပြန်အလှန် စွပ်စွဲနေကြဆဲ ဖြစ်သည်။
ကမ္ဘောဒီးယားစစ်တပ်က ဇူလိုင်လ နယ်စပ်တိုက်ပွဲတွင် ကျဆုံးသူ အရေအတွက် ကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း အသက် ၆၇ နှစ်အရွယ် အမှတ် ၇ တပ်မဟာမှူး ဒုတိယဗိုလ်ချုပ်ကြီး Duong Samneang သည် Preah Vihear ခရိုင် တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း အတည်ပြု ခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,