British Museum က စန်တာကလော့စ်ကို 'ကိုလိုနီပုံစံဖျက်သိမ်းရေး' (Decolonizing) လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်

News Image

  • British Museum က စန်တာကလော့စ်ကို 'ကိုလိုနီစနစ်ဖျက်သိမ်းရေး' (Decolonizing) လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်

ဗြိတိန်ပြတိုက်တစ်ခုက စန်တာကလော့စ် (Father Christmas) ၏ “ကိုလိုနီပုံစံကိုဖျက်သိမ်းရန်” (Decolonized) တောင်းဆိုလိုက်ပြီး ရိုးရာ စန်တာပုံရိပ်သည် ကိုလိုနီစနစ်နှင့် အမျိုးသားကြီးစိုးမှုဆိုင်ရာ အတွေးအခေါ် များကို မြှင့်တင်နေကြောင်း၊ ၎င်းအစား “ကွဲပြားခြားနားသော ယဉ်ကျေးမှု များအကြောင်း လေ့လာသင်ယူရန်” လိုအပ်ကြောင်း တိုက်တွန်းခဲ့သည်။

တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၁) က ဗြိတိန်မီဒီယာများသည် အစိုးရ ရန်ပုံငွေဖြင့် လည်ပတ်နေသော Brighton and Hove Museums အဖွဲ့၏ ဘလော့ဂ်ပို့စ်တစ်ခုကို အလေးပေးဖော်ပြခဲ့ကြသည်။ ၎င်းပို့စ်တွင် “ကလေး အားလုံး၏ အပြုအမူကို ဆုံးဖြတ်ချက်ချမှတ်နေသော လူဖြူ၊ အနောက် တိုင်းသား စန်တာ” ပုံပြင်သည် အထူးသဖြင့် “လိမ္မာသောကလေး သို့မဟုတ် ဆိုးသောကလေး” (Naughty or Nice) အယူအဆမှတစ်ဆင့် မိမိတို့ယဉ်ကျေးမှုကသာ ပို၍သာလွန်သည်ဟူသော ကိုလိုနီခေတ် အယူအဆ များကို ပိုမိုခိုင်မာစေသည်ဟု ဖော်ပြထားသည်။

‘Decolonizing Father Christmas’ ဟု ခေါင်းစဉ်တပ်ထားပြီး ပြတိုက်၏ ယဉ်ကျေးမှုပြောင်းလဲရေးဆိုင်ရာ ပူးတွဲအကြီးအကဲ Simone LaCorbiniere ရေးသားထားသော အဆိုပါပို့စ်တွင် စန်တာ၏ ကိုယ်ကျင့်တရား ဆိုင်ရာ အာဏာပိုင်အဖြစ် ပါဝင်ပတ်သက်မှုကို မေးခွန်းထုတ်ထားသည်။ ၎င်းက စန်တာသည် မိမိတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုများကို ကျင့်သုံးနေသော ဌာနေတိုင်းရင်းသားကလေးငယ်များအပေါ် တရားမျှတစွာ အကဲဖြတ် နိုင်မည်မဟုတ်ဟု ဆိုသည်။

Father Christmas ပုံပြင်သည် ဌာနေတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် သမိုင်းကြောင်းများကို ပျောက်ကွယ်သွားစေရန် ခြိမ်းခြောက်နေကြောင်း ပြတိုက်က အကြံပြုထားပြီး စန်တာက အယ်လ်ဖ် (Elves) နတ်သူငယ်များကို ကြီးကြပ်ကွပ်ကဲနေသည့် ရိုးရာပုံဖော်ချက် သည် အဆင့်အတန်းခွဲခြားမှု၊ အာဏာစနစ်နှင့် ဖယ်ကြဉ်ခြင်း ခံရမှု ဆိုင်ရာ အတွေးအခေါ်များကို ခိုင်မာစေသည်ဟု ဝေဖန်ခဲ့သည်။

အဆိုပါဘလော့ဂ်သည် မိဘများအနေဖြင့် “Naughty or Nice” အယူ အဆကို ငြင်းပယ်ခြင်းဖြင့် ကိုလိုနီခေတ်အမြင် (Colonial gaze) ကို စိန်ခေါ်ရန် တိုက်တွန်းထားပြီး ၎င်းအယူအဆကို “အနောက်တိုင်း၏ အစွန်း နှစ်ဖက်ခွဲခြားမှု” (Western binary) ဟု ဖော်ပြခဲ့သည်။ ၎င်းအစား စန်တာကို “ယဉ်ကျေးမှုဖလှယ်မှုကို ဂုဏ်ပြုသော၊ ပိုမိုစုံလင်ကွဲပြားသော ဇာတ်ကောင်” အဖြစ် ပုံဖော်ရန် အဆိုပြုခဲ့သည်။

ထို့အပြင် စန်တာကို အယ်လ်ဖ်များနှင့် တန်းတူလုပ်ဖော်ကိုင်ဖက်အဖြစ် ပုံဖော်ရန်၊ စန်တာ၏ အလုပ်ရုံတွင် ကမ္ဘာတစ်ဝန်းမှ လူမျိုးစုံ ပါဝင် စေရန်နှင့် “အမျိုးသားများသာ ဦးဆောင်ရန်မလိုကြောင်း” ပြသရန် အတွက် “မိခင်ခရစ္စမတ်” (Mother Christmas) ကို မိတ်ဆက်ရန်လည်း အဆိုပြုထားသည်။

အဆိုပါ ဘလော့ဂ်ပို့စ်ကို မူလက ၂၀၂၃ ခုနှစ်တွင် ရေးသားခဲ့ခြင်း ဖြစ်သော်လည်း ပြတိုက်၏ဝဘ်ဆိုဒ်တွင် ဆက်လက်ရှိနေဆဲဖြစ်ရာ နိုင်ငံရေးသမားများနှင့် ဝေဖန်သုံးသပ်သူများက စန်တာကို ကိုလိုနီ စနစ် ဖျက်သိမ်းရန်အဆိုပြုချက်အပေါ် လှောင်ပြောင်ကန့်ကွက်မှုများဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်လျက်ရှိသည်။

လွတ်လပ်စွာ ပြောဆိုခွင့်သမဂ္ဂ (Free Speech Union) ကို တည်ထောင်သူ Toby Young က အဆိုပါပြတိုက်ကို ရယ်စရာကောင်းသည်ဟု ဖော်ပြ ခဲ့ပြီး၊ Reform UK ပါတီမှ လွှတ်တော်အမတ် Sarah Pochin ကမူ ထို အတွေးအခေါ်များသည် ပိုမိုကျယ်ပြန့်လာသော “Woke” လှုပ်ရှားမှုများ ၏ (“Woke လှုပ်ရှားမှု” ဆိုသည်မှာ လူမှုရေးနှင့် နိုင်ငံရေး အသိစိတ်ကို မြှင့်တင်ကာ နစ်မြုပ်စီးဆင်းနေသော မတရားမှုများကို ဖော်ထုတ် ဆန့်ကျင်သည့် ခေတ်သစ် လူမှုရေးလှုပ်ရှားမှုတစ်ရပ် ဖြစ်ပါသည်) ပုံစံ တစ်ခုကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Don’t Divide Us အဖွဲ့၏ ဒါရိုက်တာ Alka Sehgal Cuthbert က The Telegraph သတင်းစာသို့ ပြောကြားရာ၌ ထိုကဲ့သို့ ရယ်ဖွယ် ကောင်းသော အဆိုပြုချက်များ၏နောက်ကွယ်တွင် ရှိနေသူများသည် “မိမိတို့၏ တူညီသောအတိတ်သမိုင်းနှင့် ယဉ်ကျေးမှုအပေါ် ပိုင်ဆိုင်မှုခံစားချက်ကို ဖြိုခွဲရန်” ကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း၊ ထို့ပြင် ၎င်းတို့သည် အစိုးရ ရန်ပုံငွေ သို့မဟုတ် အမြော်အမြင်မရှိသော ပြတိုက်များထံမှ တရားဝင် ထောက်ခံချက်များကို မရရှိသင့်ကြောင်း ပြောဆိုခဲ့သည်။

ပြတိုက်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ လူအများအနေဖြင့် အဆိုပါ ဘလော့ဂ်ပို့စ်အပေါ် “သဘောတူခြင်း သို့မဟုတ် သဘောမတူခြင်းကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်” ဟု ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂