အင်ဒိုနီးရှားနိုင်ငံရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ လူ ၁၆ ဦး သေဆုံး

News Image

  • အင်ဒိုနီးရှားနိုင်ငံရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ လူ ၁၆ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်များက ပြောကြားခဲ့သည်။

တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၈) ညပိုင်း ဒေသစံတော်ချိန် ည ၈:၃၀ (ဂရင်းနစ် စံတော်ချိန် ၁၂:၃၀) ခန့်တွင် မြောက်ဆူလာဝေစီပြည်နယ်၏ မြို့တော် မာနာဒို (Manado) ရှိ "Damai" ဘိုးဘွားရိပ်သာ၌ မီးလောင်မှု ဖြစ်ပွား နေကြောင်း မီးသတ်ဌာနသို့ အကြောင်းကြားချက် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုစတင်ချိန်တွင် ညဘက်အနားယူနေကြသည့် သက်ကြီး ရွယ်အို များသည် ၎င်းတို့၏ အခန်းများအတွင်း၌ပင် သေဆုံးလျက် တွေ့ရှိခဲ့ ရကြောင်း မြို့ပြမီးသတ်နှင့် ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ ဂျင်မီ ရိုတင်ဆူလူ က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ မီးလောင်မှုကို ယင်းနေ့ ည ၉:၃၀ (ဂရင်းနစ်စံတော်ချိန် ၁၃:၃၀) ခန့်တွင် ငြှိမ်းသတ်နိုင် ခဲ့ပြီး ရဲတပ်ဖွဲ့က မီးလောင်ရသည့် အကြောင်းရင်းကို ဆက်လက် စုံစမ်း စစ်ဆေးနေဆဲဖြစ်သည်။

အာဏာပိုင်များ၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့သည် သေဆုံးသူများမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် ကြိုးပမ်းနေပြီး၊ သေဆုံးသူများ ၏ မိသားစုဝင်များအနေဖြင့် ရုပ်အလောင်းများ ပို့ဆောင်ထားသည့် ဆေးရုံသို့ ဆက်သွယ်ကြရန် တိုက်တွန်းထားသည်။ သေဆုံးသူ အများအပြားမှာ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြား၍မရနိုင်လောက်အောင် လောင်ကျွမ်းသွားသည့် အခြေအနေတွင် ရှိနေကြောင်း ဒေသခံ အရာရှိတစ်ဦးက Detikcom သတင်းဌာနသို့ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် လူသေဆုံးမှုများပြားသည့် မီးလောင်မှုများမှာ ဖြစ်လေ့ဖြစ်ထရှိပြီး ယခုလအစောပိုင်းကလည်း မြို့တော်ဂျကာတာရှိ ၇ ထပ်ရုံးအဆောက်အအုံတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၂ ဦး သေဆုံး ခဲ့ဖူးသည်။

ကိုးကား- BBC

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂