ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) အပေါ် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏  မိဘပြည်သူများထံ အသိပေးတင်ပြချက် (အပိုင်း - ၁ )

News Image

  • ၁

မိဘပြည်သူများ ကျန်းခံ့သာလို့ မာကြပါလားခင်ဗျာ။ ကျွန်တော်တို့ သည်ဟိတ်ဂ်မြို့ မှာရောက်ရှိနေတဲ့ ICJ လုပ်ငန်းအဖွဲ့ကတော့ မကြာခင်မှာ မြန်မာဘက်က တရား ရင်ဆိုင်ရေးအတွက် စတင်ပြီးတော့မှ လျှောက်လဲရတော့မှာဖြစ်ပါတယ်။ မိဘပြည်သူများ လည်း လိုင်းပေါ်မှာ တွေ့မြင်ပြီးဖြစ်ကြတဲ့အတိုင်းပဲ တစ်ဖက်က တရားလိုဘက်ကတော့ သူတို့ဘက်က လျှောက်လဲချက်တွေကို နေ့စဉ်နဲ့အမျှ အသေးစိတ် ပြုစုပြီးတော့မှ လျှောက်လဲသွားတာ တွေ့ရမှာဖြစ်ပါတယ်။ သူတို့ဘက်ကတော့  ကျွန်တော်တို့အပေါ်မှာ စွပ်စွဲ ထားတဲ့ လူမျိုးသုဉ်းစေမှုဆိုတဲ့ Genocide ပြစ်မှုမြောက်အောင် ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံ ကနေပြီးတော့မှ မရအရ ရှာဖွေပြီးတော့မှ လျှောက်လဲသွားတာဖြစ်ပါတယ်။ နောက်ဆုံး ပြောရမယ်ဆိုရင်တော့ ဒီ ဩဇာကြီးတဲ့ ဆရာတော်ကြီးတွေကိုယ်တိုင်ကိုပဲ ဒီအမှုထဲမှာပါဝင် ပတ်သက်လာအောင်ကိုပဲ ဆွဲထုတ်ပြီးတော့မှ လျှောက်လဲသွားတာကိုလည်း တွေ့ကြ ရမှာ ဖြစ်ပါတယ်။ ဒါကတော့ တရားရင်ဆိုင်တဲ့နေရာမှာ ဘက်နှစ်ဘက်က ဒီလိုပဲ သူ့ကိစ္စနဲ့ သူ လုပ်နေကြတာပါပဲ။ သူတို့ရဲ့အလုပ်ကိုသူတို့လုပ်ကြတာပါပဲ။ အဲ့တော့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးတဲ့ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများအကြောင်း” စာအုပ်ကြီး ထဲကလိုပေါ့။ သိမ်တောင် ဆရာတော်ကြီးက  လယ်ဝေးမြို့ဘက်မှာ ဒီပဲခူးရိုးမတောစပ်မှာ လေးတိုင်စင် ကျောင်းကလေးနဲ့ တရားအားထုတ်နေတဲ့အချိန်မှာ သူတရားအားထုတ်တဲ့နားကို မြွေကြီးတစ်ကောင် က တက်လာတယ်။ အဲ့တော့ သူ့ရဲ့တရားထိုင်နေတဲ့ပေါ်မှာ လာပြီးတော့မှ ပါးပြင်းထောင်ပြီးတော့မှ ရန်မူတဲ့ပုံစံမျိုးလုပ်ပြတော့ ဆရာတော်ကြီးကပြောတယ် “ဒကာရှင်၊ ဒကာရှင်လည်း ဒကာရှင့် အလုပ်လုပ်၊ ဦးဇင်းကလည်း ဦးဇင်းအလုပ်လုပ်ရမှာပဲ” ဆိုပီးတော့ သူကတရားအားထုတ်တာဆက်ပြီး အားထုတ်နေတယ်။ နောက်သိပ်မကြာဘူး အဲ့စာအုပ် ထဲမှာပါတဲ့အတိုင်းဆိုရင်တော့ သဘက်မကြီးပေါ့ သဘက်ဆိုတာက တစ္ဆေ၊ သရဲထက်ပိုကြီးတဲ့ သဘက်မကြီးတစ်ယောက်ကလည်း လာပြီးတော့မှ ခြောက်ပြန်တယ်တဲ့။ ခြောက်တော့လည်း ဆရာတော်ကြီးက ခုနကအတိုင်းပဲပြောလိုက်တယ် ဒါယိကာမကြီးလည်း ဒါယိကာမကြီး အလုပ်ကိုလုပ်၊ ဦးဇင်းလည်း ဦးဇင်းအလုပ်ကိုလုပ်ရမှာပဲ” ဆိုပြီးတော့ အဲ့လိုပဲ မိန့်ပြီးတော့ တရားဆက်ပြီးတော့မှ အားထုတ်သွားတယ်လို့ပြောပါတယ်။ ကျွန်တော်လည်း ဒီလိုပါပဲ တစ်ဘက် ကနေပြီးတော့မှ သူတို့အလုပ်ကို သူတို့လုပ်သွားကြတယ် ကျွန်တော်တို့လည်းပဲ တရားပြိုင်အနေနဲ့ ကိုယ့်အလုပ်ကိုယ်ကို လုပ်ကြရမှာပါပဲ။ ဒီလို တရားရင်ဆိုင်ကြတဲ့ နေရာ မှာတော့ နှစ်ဖက်အားပြိုင်ကြတာပေါ့။ သူ့ဘက်ကိုယ့်ဘက် အနိုင်ရမယ့်အချက်တွေကို ရှာဖွေ ကြိုးစားပြီးတော့မှ ဖော်ထုတ်ကြသလိုပဲ ကိုယ့်ဘက်က အားနည်းချက်တွေကိုလည်း ရအောင် ကာကွယ်ကြတာပဲ။ ဒါဘာနဲ့တူသလဲဆိုတော့ ဘောလုံးပွဲ တစ်ပွဲလိုပါပဲ။ ဘောလုံးသင်း နှစ်သင်းက တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းနိုင်အောင် ကြိုးစားကြသလိုပဲ ကိုယ့်ဘက်ကို ဂိုးမပေး ရအောင် ကာကွယ်ကြသလိုပါပဲ။ ဒီလိုပါပဲ ဘောလုံးကစားတဲ့နေရာမှာလည်း အားလုံး သိတဲ့ အတိုင်းပဲ မရရအောင် ကိုယ့်ဘက်ကနိုင်အောင် ကြိုးစားကြ တဲ့အခါကြတော့ နည်းလမ်း မျိုးစုံ သုံးကြတာတွေလည်းရှိတာပေါ့။ တချို့ကလည်းပဲ ဂိုးဧရိယာထဲမှာ လဲကျပြီးတော့ နာချင် ယောင်ဆောင်ပြီးတော့မှ ပြစ်ဒဏ်ဘောကို ရအောင် လုပ်တတ်ကြသလိုပဲ တချို့ကျတော့ လည်း ဒိုင်လူကြီးမမြင်အောင် ပခုံးနဲ့ကာပြီးတော့မှ လက်နဲ့ဂိုးသွင်းသွားကြတာတွေလည်း ရှိတတ်ပါတယ်။ တချို့ကြတော့လည်းပဲ ဆယ့်လေးယောက်နဲ့ ဆယ့်တစ်ယောက် ကန်ရတဲ့ ပွဲတွေရှိသလို အဝေးကွင်းတွေမှာ ကန်ရလို့ရှိရင်လည်း တစ်ကွင်းလုံးနဲ့ ဆယ့်တစ်ယောက် ကန်ရတာတွေလည်း ရှိတတ်ပါတယ်။ အဲ့တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က မြန်မာ အသင်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဘက်က အကောင်းဆုံးဂိုးရနိုင်ဖို့နဲ့ ဂိုးမပေးရဖို့ကို အစွမ်းကုန်ကြိုးစားသွားမှာ ဖြစ်ပါတယ်။ 

 

News Video