ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိသည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing) အပေါ် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ မိဘပြည်သူများထံ အသိပေးတင်ပြချက် (အပိုင်း - ၃)
အဲ့တော့ စိတ်ပိုင်းဆိုင်ရာမှာလည်း ကျွန်တော်တို့ပြောတဲ့ ကျွန်တော်တို့လျှောက်လဲမဲ့ အချက်တွေက တစ်ချက်ကလေးမှ အမှားမခံပါဘူး။ တစ်ခုခု အမှားခံလိုက်တာ မှားသွားတာနဲ့တစ်ပြိုင်နက် တိုင်းပြည်အတွက်ကို ရေရှည်မှာ ထိသွားမဲ့အချက်တွေလည်း အများကြီးရှိနိုင်ပါတယ်။ အဲ့ဒါကိုလည်းပဲ ဂရုစိုက်ပြီးတော့မှ ကျွန်တော်တို့က လေ့လာ ဖတ်ရှု အသေးစိတ်ကို ပြန်ပြီးတော့မှ ဘယ်လို တုံ့ပြန်မလဲ ဆိုတာ စဉ်းစားနေရသလို တစ်ဖက်မှာလည်းပဲ ကိုယ့်ဘေးနားကပ်ပြီးတော့မှ တစ်ဖက်က လျှောက်လဲချက်တွေ အများကြီးထဲမှာ ကိုယ့်နိုင်ငံအပေါ်မှာ အမျိုးမျိုး စွပ်စွဲပြောကြားနေတာတွေကိုလည်းပဲ နားစိုက်ထောင်ပြီးတော့မှ နာခံချင်သည်ဖြစ်စေ မနာခံချင်သည်ဖြစ်စေ မှတ်သားနေရတဲ့ အခြေအနေမျိုး ကလည်း ရှိပါတယ်။ ဒါ့ကြောင့်မလို့ တော်တော်လေးတော့ အခုချိန်မှာတော့ ဖိအားတွေများတာတွေ ရှိပါတယ်။ အဲ့တော့ ကိုယ်ရော စိတ်ရော နှစ်ခုလုံး ပင်ပန်းနေသော်ငြားလည်းပဲ ကျွန်တော်တို့မှာ အား နှစ်အား ရှိပါတယ်။ ပထမ တစ်အားကတော့ ကျွန်တော်တို့ရဲ့ ရှေ့မှာ ရှိနေတဲ့ “မြန်မာ” ဆိုတဲ့ ဆိုင်းဘုတ်ပါပဲ။ ကျွန်တော်တို့က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့မှ ကမ္ဘာ့တရားခွင်မှာ လာပြီးတော့မှ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် လဲကျသွားလို့ မဖြစ်ဘူး။ ဒီပွဲမှာ မရရအောင် ကြိုးစားရမယ်ဆိုတဲ့ စိတ်ဓာတ် နဲ့ ကျွန်တော်လုပ်ပါတယ်။ ဒါက ပထမတစ်ချက်ပါ။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ရဲ့နောက်မှာ ရှိနေတဲ့ ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုပဲ ဖြစ်ပါတယ်။ ဒီအားတွေနဲ့ပဲ ကျွန်တော်ဆက်ပြီးတော့မှ ရပ်တည်ပြီးတော့မှ ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ အဲ့တော့ ရှေ့ဆက်ပြီးတော့လည်းပဲ မကြာခင်မှာ ကျွန်တော်တို့ မြန်မာဘက်က လျှောက်လဲမဲ့ အပိုင်းကို ရောက်လာပါပြီ ပိုပြီးတော့မှ အရေးကြီးတဲ့ အပိုင်းကို ရောက်လာပါပြီ။ ဒီအတွက်လည်းပဲ မိဘပြည်သူတွေရဲ့အားပေးထောက်ခံမှုကို ကျွန်တော်တို့ အများကြီးပဲ မျှော်လင့်ပါတယ်။ အခုလည်းပဲ တကယ့်ကို စိတ်ရောကိုယ်ပါ လှိုက်လှိုက်လဲလဲ အားပေးကြတဲ့အတွက်လည်း ထပ်ပြီးတော့မှ အထူးကျေးဇူးတင်ကြောင်းလည်းပဲ ပြောချင်ပါတယ်။
