ဂါဇာငြိမ်းချမ်းရေးဘုတ်အဖွဲ့ရှိ အဖွဲ့ဝင်နေရာများကို ဒေါ်လာ ၁ ဘီလီယံ ဖြင့် ထရမ့် ရောင်းချနေ
မီဒီယာများစွာက လက်ခံရရှိထားသော အဖွဲ့အစည်းဆိုင်ရာ ပဋိညာဉ်စာတမ်းပါ အချက်အလက်များအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အသစ်ဖွဲ့စည်းလိုက်သော ဂါဇာ "ငြိမ်းချမ်းရေးဘုတ်အဖွဲ့" (Board of Peace) တွင် အဖွဲ့ဝင်သက်တမ်းတိုးမြှင့်လိုသော နိုင်ငံများထံမှ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ပေးဆောင်ရန် တောင်းဆိုနေကြောင်း သိရှိရသည်။
ယခုသီတင်းပတ် အစောပိုင်းတွင် အိမ်ဖြူတော်သည် အမေရိကန် ကျောထောက်နောက်ခံပြု ဂါဇာငြိမ်းချမ်းရေးအစပျိုးမှု၏ ဒုတိယအဆင့် (Phase Two) ကို တရားဝင်စတင်ခဲ့သည်။ အဆိုပါ အစီအစဉ်အရ ပါလက်စတိုင်းနယ်မြေ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြီးကြပ် ကွပ်ကဲရန် 'ငြိမ်းချမ်းရေးဘုတ်အဖွဲ့' ကို တည်ထောင်ခဲ့ပြီး ကမ္ဘာ့ ခေါင်းဆောင် အများအပြားထံသို့လည်း ဖိတ်ကြားစာများ ပေးပို့ခဲ့သည်။
ပဋိညာဉ်စာတမ်းပါ စည်းကမ်းချက်များအရ အဖွဲ့ဝင်နိုင်ငံများ၏ သက်တမ်းမှာ ပုံမှန်အားဖြင့် (၃) နှစ်ထက်မပိုစေရဘဲ ဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့်သာ သက်တမ်းတိုးနိုင်သည်။ သို့သော် အဖွဲ့အစည်း စတင် တည်ထောင်သည့်ပထမတစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁ ဘီလီယံ နှင့်အထက် ငွေသားထည့်ဝင်သော နိုင်ငံများအတွက်မူ အဆိုပါ (၃) နှစ် သက်တမ်းကန့်သတ်ချက် အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ပေ။
အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေ မျှဝေခဲ့သောဖိတ်ကြားစာတွင် ထရမ့်က "အဆိုပါဘုတ်အဖွဲ့သည် တစ်မူထူးခြားသော အဖွဲ့အစည်း ဖြစ်လာမည်" ဟု အမွှမ်းတင် ပြောကြားထားသည်။ ဖိတ်ကြားခံရ သူများ ထဲတွင် တူရကီသမ္မတ အာဒိုဂန်၊ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗား နှင့် ကနေဒါနိုင်ငံမှ မာ့ခ် ကာနေးတို့ ပါဝင်ကြောင်း သိရှိရသည်။
ပဋိညာဉ်စာတမ်းတွင် "ဂါဇာ" ဟူသော အမည်ကို တိုက်ရိုက် ဖော်ပြ ထားခြင်း မရှိဘဲ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် တည်ငြိမ်မှုနှင့် တရား ဥပဒေစိုးမိုးရေး ဖော်ဆောင်ရန်ဟုသာ ယေဘုယျ ဖော်ပြထားသည်။ ထို့ကြောင့် ၎င်းအဖွဲ့ကို ကုလသမဂ္ဂ၏ အစားထိုး အဖွဲ့အစည်းတစ်ခု အဖြစ် အသုံးပြုနိုင်ကြောင်း ခန့်မှန်းချက်များ ရှိနေသည်။ ၎င်းဘုတ်အဖွဲ့ ၏ အမှုဆောင်ကော်မတီတွင် ထရမ့်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ နှင့် ထရမ့်၏ သားမက်ဖြစ်သူ ဂျာရတ် ကွတ်ရှ်နာတို့က အဓိကနေရာမှ ပါဝင်နေသည်။
ထရမ့်၏ ဂါဇာဆိုင်ရာ အချက် ၂၀ ပါ မူဘောင်၏ ပထမအဆင့်ဖြစ်သော တိုက်ခိုက်မှုရပ်စဲရေးနှင့် အကျဉ်းသားလဲလှယ်ရေးတို့မှာ လက်တွေ့တွင် အပြည့်အဝအောင်မြင်မှု မရရှိသေးပေ။ သို့သော် ဒုတိယအဆင့်အနေဖြင့် ဟားမက်အဖွဲ့ကို လက်နက်စွန့်လွှတ်စေရန်နှင့် အသစ်ဖွဲ့စည်းထားသည့် "ဂါဇာစီမံခန့်ခွဲရေး အမျိုးသားကော်မတီ" (NCAG) ထံသို့ အာဏာ လွှဲပြောင်းပေးရန် ထရမ့်က တိုက်တွန်းလျက်ရှိသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,