ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် ဈေးဝယ်စင်တာ မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၆၀ ဦးအထိ မြင့်တက်လာ
ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းန်ပြည်နယ် မြို့တော် ကရာချိရှိ ဈေးဝယ် စင်တာတစ်ခုတွင် ဇန်နဝါရီ ၁၇ ရက်က မီးလောင်မှုကြောင့် သေဆုံးသူ အရေအတွက် ၆၀ ဦးအထိ မြင့်တက်လာကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၁ ရက်က ပြောကြားခဲ့သည်။
ထိုနေ့တွင် ရဲတပ်ဖွဲ့သည် ဈေးဝယ်စင်တာ၏ ထပ်ခိုးအလွှာရှိ ဆိုင်ခန်း တစ်ခုတွင် အနည်းဆုံး သေဆုံးသူရုပ်အလောင်း ၃၀ ဦးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားစဉ်တွင် ၎င်းတို့သည် ကြိုးစား၍ ကိုယ့်ကိုယ် ကိုယ်ကယ်တင်ရန် ဆိုင်ခန်းအတွင်း ကိုယ်တိုင် ပိတ်ထားခဲ့ကြ ခြင်းဖြစ်ကြောင်း ကရာချိတောင်ပိုင်းခရိုင် ဒုတိယရဲကြီးကြပ်မှူး Syed Asad Raza က ဒေသခံမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။
ဒေသန္တရအစိုးရသည် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒနှင့် သက်ဆိုင်သည့် သက်သေအထောက်အထားများ မတွေ့ရှိသေးကြောင်း ကရာချိ ကော်မရှင်နာ Syed Hassan Naqvi က ပြောကြားခဲ့သည်။ အစီရင်ခံထားသည့် ပျောက်ဆုံး နေသူအရေအတွက်မှာ ၈၆ ဦးရှိပြီး ယင်းအနက် လူအချို့၏ ရုပ်အလောင်းမှာ အပျက်အစီးများကြားတွင် တွေ့ရှိပြီးဖြစ်ကြောင်း တရားဝင် အချက်အလက် များကို ကိုးကား၍ ၎င်းက ပြောကြားခဲ့သည်။
ဒေသခံရဲတပ်ဖွဲ့ဝင်က မီးလောင်မှုမှာ ဝါယာကြိုးရှော့ဖြစ်ရာမှ ဖြစ်ပေါ် လာသည်ဟု သံသယရှိကြောင်းပြောကြားခဲ့သည်။ ယခုအကြိမ် မီးလောင်ကျွမ်းမှုကြောင့် စီးပွားရေးဆုံးရှုံးမှုသည် ပါကစ္စတန် ရူပီး ၁၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၆၀ သန်းခန့်) အထိရှိကြောင်း ခန့်မှန်း တွက်ချက်မှု အရ သိရှိရသည်။
ကိုးကား- Xinhua

,