အိမ်ဖြူတော်၏ ဂရင်းလန်းကျွန်းနှင့် ပင်ဂွင်းပုံ Meme ကို တရုတ်နိုင်ငံက လှောင်ပြောင်
ဂရင်းလန်းကျွန်းကို ထိန်းချုပ်နိုင်ရေးအတွက် လုပ်ဆောင်နေသည့် ကမ်ပိန်း တွင် လူကြိုက်များသော ‘Nihilist penguin’ (အဓိပ္ပာယ်မဲ့လောကကို စွန့်ခွာ သွားသည့် ပင်ဂွင်း) Meme(ကာတွန်းရုပ်ပြောင်) ကို အသုံးပြုခဲ့သည့် အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အား တရုတ် အစိုးရပိုင် ဆင်ဟွာသတင်းဌာနက လှောင်ပြောင်လိုက်သည်။
စနေနေ့ (ဇန်နဝါရီ ၂၄) တွင် အိမ်ဖြူတော်၏ X လူမှုကွန်ရက်စာမျက်နှာ၌ အုပ်စုနှင့်ခွဲထွက်ကာ ဝေးကွာသော ရေခဲတောင်တန်းများဆီသို့ တစ်ကောင်တည်း လျှောက်လှမ်းသွားသည့် Adelie ပင်ဂွင်းပုံဖြင့် ခေတ်စားနေသော Meme ကို အသုံးပြုခဲ့သည်။ အိမ်ဖြူတော်သည် AI ဖြင့် ဖန်တီးထားသောပုံ တစ်ပုံ ကို ထုတ်ဝေခဲ့ပြီး၊ ထိုပုံတွင် သမ္မတထရမ့်က ပင်ဂွင်း၏ တောင်ပံကို ကိုင်ကာ ရေခဲပြင်ပေါ်၌ ဂရင်းလန်းအလံ စိုက်ထူထားရာ တောင်တန်းများ ဆီသို့ ဦးဆောင်ခေါ်သွားပုံ ဖော်ပြထားသည်။ ပင်ဂွင်း၏ အခြားတောင်ပံ တစ်ဖက်တွင် အမေရိကန်အလံကို ကိုင်ဆောင်ထားပြီး "ပင်ဂွင်းကို ထွေးပွေ့ပါ" ဟု စာတန်းထိုးထားသည်။
ထို Meme ကို အွန်လိုင်းပေါ်တွင် အများကသတိပြုမိခဲ့ကြသည်။ ကမ္ဘာ့ မြောက်ဘက်ခြမ်းတွင် တည်ရှိသည့် ဂရင်းလန်းကျွန်းတွင် ပင်ဂွင်းငှက် များ နေထိုင်ခြင်းမရှိကြောင်း အိမ်ဖြူတော်ကို ပညာပေးကာ ဆင်ဟွာက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ ဂါလာပါဂိုးစ် (Galapagos) ပင်ဂွင်းများသာအီကွေတာမြောက်ဘက်တွင် တွေ့ရှိရခြင်းဖြစ်သည်။ တရုတ် သတင်းထောက် များက ၎င်းတို့၏ ပို့စ်တွင် 'ဂရင်းလန်းမှာ ပင်ဂွင်းတွေ ရှိခဲ့လျှင်ပင် ယခု ကဲ့သို့ ဖြစ်လိမ့်မည်' ဟု ရေးသားခဲ့ပြီး၊ အဆိုပါ ပို့စ်တွင် Uncle Sam ဝတ်စုံ ဝတ်ဆင်ထားသည့် ထရမ့်က လက်တစ်ဖက်တွင် ဘေ့စ်ဘောတုတ်ကို ကိုင်ဆောင်ထားပြီး ကျန်လက်တစ်ဖက်ကမူ ရုန်းကန်နေသည့် ပင်ဂွင်း တစ်ကောင်ကို ကြိုးဖြင့်ဆွဲခေါ်နေသည့် AI ဖြင့် ဖန်တီးထားသော ဗီဒီယို တစ်ခု ပါဝင်သည်။
မူရင်း ‘Nihilist Penguin’ ရုပ်ပုံမှာ ဂျာမန်ရုပ်ရှင်ဒါရိုက်တာ Werner Herzog ၏ ၂၀၀၇ ခုနှစ်က ‘Encounters at the End of the World’ အမည်ရှိ အန္တာတိတ်တိုက်တွင်ရှိသည့် ပင်ဂွင်းငှက်များ၏ဘဝကို ရိုက်ကူးထားသည့် မှတ်တမ်းတင်ရုပ်ရှင်မှ ထုတ်နုတ်ထားခြင်းဖြစ်ပြီး ယခု နှစ်ဆန်းပိုင်းမှစတင်ကာ အွန်လိုင်းတွင် အကြီးအကျယ် ပျံ့နှံ့ခေတ်စား လာခဲ့ခြင်းဖြစ်သည်။
ဇာတ်လမ်းတွင် ပင်ဂွင်းအုပ်ကြီးတစ်ခုလုံးက ပင်လယ် (အစားအစာ ရှိရာ) ဆီသို့ ဦးတည်သွားနေကြချိန်၌ ပင်ဂွင်းတစ်ကောင်က အုပ်စုမှ ခွဲထွက်ပြီး ဆန့်ကျင်ဘက်အရပ်ဖြစ်သည့် တောင်တန်းများရှိရာ ကုန်းတွင်းပိုင်းဆီသို့ တရွေ့ရွေ့လျှောက်သွားနေသည်ကို တွေ့ရသည်။ ထိုအရပ်တွင် အစားအစာ မရှိသလို အခြားမည်သည့်အရာမှလည်းမရှိဘဲ ၎င်းသည် သေမင်းဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်ကို သရုပ်ဖော်ထားခြင်းဖြစ်သည်။ ဒါရိုက်တာ က အဆိုပါပင်ဂွင်းကို "စိတ်ဖောက်ပြန်နေခြင်း" သို့မဟုတ် "မှားမှန်း သိသိနှင့် ကိုယ်သွားချင်သည့်လမ်းကို (တစ်ဇွတ်ထိုး) သွားခြင်း" ဆိုသည့် အတွေးဖြင့် တင်ဆက်ခဲ့ခြင်းဖြစ်သည်။
Nihilism ဆိုသည်မှာ "ဘဝမှာ မည်သည့်အဓိပ္ပာယ်မှမရှိ၊ မည်သည့် တန်ဖိုး မှမရှိ" ဟု ယူဆသည့် ဝါဒဖြစ်ခြင်းကြောင့် အားလုံးနှင့် ဆန့်ကျင်ဘက် ဆီသို့ တစ်ကောင်တည်း ဦးတည်သွားနေသော ယင်းပင်ဂွင်းကို "Nihilist Penguin" ဟု အမည်ပေးလိုက်ကြခြင်း ဖြစ်သည်။ ကြည့်ရှုသူများက ယင်းဇာတ်လမ်းအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်အမျိုးမျိုး ပေးခဲ့ကြသည်။ ၎င်းမှာ အထီးကျန်ဆန်မှုနှင့် ဘဝတည်ရှိမှုဆိုင်ရာ အကျပ်အတည်း အပေါ် ဝေဖန်သုံးသပ်ချက်အဖြစ်မှသည် လွတ်လပ်စွာတွေးခေါ်မှုနှင့် တော်လှန် ပုန်ကန်မှု၏ ပုံဆောင်ချက်အဖြစ်အထိ ပါဝင်သည်။
ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၁) တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Guo Jiakun က ဂရင်းလန်းကိစ္စကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂ (EU) ကြား ဖြစ်ပေါ်လာသည့် သဘောထားကွဲလွဲမှုကို အခွင့်ကောင်းယူရန် ပေကျင်းတွင် အစီအစဉ်မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ၎င်းက "တရုတ်နိုင်ငံသည် ငြိမ်းချမ်းသော လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိသည်။ မိမိတို့သည် အပြန်အလှန် လေးစားမှုနှင့် တန်းတူညီမျှမှုအပေါ် အခြေခံ၍ အခြားနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံဆောင်ရွက်ပါသည်" ဟု ပြောဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,