ပါရီရာသီဥတုသဘောတူညီချက်မှ အမေရိကန် တရားဝင်နုတ်ထွက်

News Image

  • ပါရီရာသီဥတုသဘောတူညီချက်မှ အမေရိကန် တရားဝင်နုတ်ထွက်

သမ္မတ ဒေါ်နယ်ထရမ့်၏ လွန်ခဲ့သောတစ်နှစ်က ကြေညာချက်နှင့်အညီ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရန် အဓိကကျသော နိုင်ငံတကာ မူဘောင်ဖြစ်သည့် ပါရီရာသီဥတုသဘောတူညီချက် (Paris climate accord) မှ အမေရိကန်ပြည်ထောင်စုသည် အင်္ဂါနေ့ (ဇန်နဝါရီ ၂၇) တွင် တရားဝင်နုတ်ထွက်ခဲ့သည်။

တရုတ်နိုင်ငံပြီးလျှင် ဖန်လုံအိမ်ဓာတ်ငွေ့ ဒုတိယမြောက် အများဆုံး ထုတ်လွှတ်သည့် အမေရိကန်၏ ယခုကဲ့သို့နုတ်ထွက်မှုသည် ရာသီဥတု ဖောက်ပြန်မှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများအပေါ် နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာဖွယ်ရှိသည်။

သမ္မတထရမ့်သည် ၎င်း၏ပထမသက်တမ်း ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ တွင် နုတ်ထွက်ခဲ့ဖူးသည့်အတိုင်း၊ ယမန်နှစ် ဇန်နဝါရီလတွင် သမ္မတ အဖြစ် ပြန်လည်တာဝန်ယူသည့် ပထမဆုံးနေ့၌ပင် ၂၀၁၅ ခုနှစ် သဘော တူညီချက် မှနုတ်ထွက်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ ဂျိုးဘိုင်ဒင် သမ္မတ တာဝန် ယူခဲ့သည့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်သည် အဆိုပါ သဘော တူညီချက် သို့ သုံးလခန့်အကြာ၌ ပြန်လည်ဝင်ရောက်ခဲ့သည်။ 

သို့သော် ယခုဒုတိယအကြိမ်နုတ်ထွက်မှုသည် ထရမ့်၏ လက်ရှိ သမ္မတ သက်တမ်း ကျန်ရှိသော သုံးနှစ်တာကာလပတ်လုံး အတည်ဖြစ်နေမည် ဟု မျှော်လင့်ရပြီး၊ ၎င်းသည် ကမ္ဘာ့ပျမ်းမျှအပူချိန် မြင့်တက်မှုကို စက်မှု မထွန်းကားမီကာလထက် 1.5  C အတွင်း ကန့်သတ်နိုင်ရန် ကြိုးပမ်း နေသည့် နိုင်ငံတကာအသိုက်အဝန်း၏ ရည်မှန်းချက်ကို ပိုမိုခက်ခဲ စေမည် ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာလက ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြား ခဲ့သော တစ်နာရီနီးပါးကြာမိန့်ခွန်း၌ ထရမ့်က ရာသီဥတုဖောက်ပြန်မှု၏ အန္တရာယ်များကိုပယ်ချခဲ့ပြီး ၎င်းကို "ကမ္ဘာပေါ်တွင် ကျူးလွန်ခဲ့သမျှ အကြီးမားဆုံးသော လိမ်လည်လှည့်ဖြားမှု" ဟု ခေါ်ဆိုခဲ့သည်။

ယခုလအစောပိုင်းတွင်လည်း ၁၉၉၂ ခုနှစ်က အတည်ပြုခဲ့ပြီး ပါရီ သဘောတူညီချက်အတွက် ဥပဒေကြောင်းအရ အခြေခံအုတ်မြစ် ဖြစ်သော ကုလသမဂ္ဂ ရာသီဥတုဖောက်ပြန်မှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း (UNFCCC) မှ နုတ်ထွက်ရန် အမေရိကန်က စီစဉ်နေကြောင်း ထရမ့်က ပြောကြား ခဲ့သည်။ ရာသီဥတုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံစုံဝါဒအပေါ် ထရမ့်၏ စွန့်ခွာမှုကြောင့် အမေရိကန်အစိုးရသစ်လက်ထက်တွင် အဆိုပါ သဘောတူညီချက်သို့ ပြန်လည်ဝင်ရောက်နိုင်ရန် အချိန်အတော်အတန် ယူရဖွယ်ရှိသည်ဟု ဆိုလိုရာရောက်သည်။

၂၀၁၅ ခုနှစ်တွင် အတည်ပြုခဲ့ပြီး နောက်တစ်နှစ်တွင် စတင် အသက်ဝင် ခဲ့သော ထိုသဘောတူညီချက်ကို နိုင်ငံနှင့် ဒေသပေါင်း ၂၀၀ နီးပါးက အတည်ပြုလက်မှတ်ရေးထိုးထားကြသည်။ ၎င်းသည် ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်း မည်သို့ပင်ရှိစေကာမူ နိုင်ငံအားလုံးအနေဖြင့် ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချရေးပန်းတိုင်များကို ချမှတ်ရန်လိုအပ်သည့် ပထမဆုံးသော ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ဖြစ်သည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး- ၂