ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူလူထု သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် သတင်းထုတ်ပြန် ကြေညာချက် (၂၂-၁၂-၂၀၂၅)
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှု အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဆောင်းရာသီဖြစ်သည့် စက်တင်ဘာလမှ စတင်၍ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်သော် လည်းကောင်း၊ အာရှဒေသအပါအဝင်ကမ္ဘာ့ဒေသများတွင်သော်လည်းကောင်း မြင့်တက်လျက်ရှိကြောင်း၊ သို့ရာတွင် နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုများထက် ပိုမို၍ကူးစက်ဖြစ်ပွားခြင်းမရှိကြောင်း၊ ယခုနှစ်တွင် ကမ္ဘာ့ဒေသအသီးသီး၌ Influenza A (H3N2) ရာသီတုပ်ကွေးရောဂါပိုးသည် အဓိကကူးစက်ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားဖြစ်ပြီး Influenza A (H3N2) Subclade K ရောဂါပိုးကူးစက်မှုအားလည်း လွန်ခဲ့သော (၆)လအတွင်း ကမ္ဘာ့နိုင်ငံ(၃၄) နိုင်ငံတွင် တွေ့ရှိခဲ့ကြောင်း၊ ၎င်းရောဂါပိုးများအား လက်ရှိထိုးနှံနေသည့်တုပ်ကွေးရောဂါ ကာကွယ်ဆေးများဖြင့်လည်း ကာကွယ်၍ရနိုင်ကြောင်းနှင့် ပြင်းထန်ရောဂါဖြစ်ပွားလာပါက လက်ရှိအသုံးပြုနေသော ဆေးဝါးများဖြင့် ကုသမှုပေးနိုင်ကြောင်း ဖော်ပြထားရှိပါသည်။
၂။ ကျန်းမာရေးဝန်ကြီးဌာနသည် တုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်ပွားမှုအား စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ထိုသို့ရောဂါစောင့်ကြပ်ကြည့်ရှုမှု သတင်းအချက်အလက်များအရ Influenza A H3N2 အမျိုးအစား ရာသီတုပ်ကွေး ရောဂါပိုးသည် ယခင်နှစ်များကပင် မြန်မာနိုင်ငံ၌ကူးစက်ဖြစ်ပွားခဲ့ပြီး ယခုနှစ်စက်တင်ဘာလမှ စတင်၍လည်း အဓိကကူးစက်ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါပိုး အမျိုးအစားဖြစ်ကြောင်းနှင့် Influenza A (H3N2) Subclade K ရောဂါပိုးကိုမူ ဓာတ်ခွဲစစ်ဆေးမှုများအရ မြန်မာနိုင်ငံတွင် မတွေ့ရှိသေးသော်လည်း လူထုအတွင်း Influenza A (H3N2) ရောဂါပိုးကိုကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေမည်ဖြစ်ခြင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများနှင့် ကုသသည့်ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန်မလိုကြောင်း သုံးသပ်ပါသည်။
၃။ ရာသီတုပ်ကွေးရောဂါပိုးသည် အသက်အရွယ်မရွေး ကူးစက်ဖြစ်ပွားနိုင်ပြီး ကလေးငယ်များ၊ အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ခံအားစနစ် ကျဆင်းနေသူများ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကင်ဆာရောဂါနှင့် အာရုံကြောရောဂါကဲ့သို့သော နာတာရှည် ရောဂါ အခံရှိသူများနှင့် ကိုယ်ဝန်ဆောင်များတွင် ရောဂါကူးစက်ဖြစ်ပွားပါက ရောဂါပိုမိုပြင်းထန်နိုင်ခြေရှိပါသည်။ ရာသီတုပ်ကွေးရောဂါပိုးသည် ချောင်းဆိုးခြင်း၊ နှာချေခြင်းမှထွက်ရှိသည့် အစက်အမှုန်များမှတစ်ဆင့် ကူးစက်ခြင်း (Droplet transmission)၊ ရောဂါကူးစက်ခံစားနေရသူနှင့် ထိတွေ့ခြင်း သို့မဟုတ် လက်ဆွဲနှုတ်ဆက်ခြင်းအစရှိသော အနီးကပ်ထိတွေ့ခြင်း၊ ရောဂါပိုး ကပ်ငြိနေသည့် အရာဝတ္ထုအသုံးအဆောင်ပစ္စည်းများနှင့် မျက်နှာပြင်များမှတစ်ဆင့် ပါးစပ်၊ နှာခေါင်း၊ မျက်စိတို့အား ထိတွေ့ခြင်းတို့မှ ကူးစက်နိုင်ပါသည်။
၄။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ရာသီတုပ်ကွေးရောဂါပိုးကဲ့သို့သော လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ကူးစက်မခံရစေရေး အောက်ဖော်ပြပါ ရောဂါကာကွယ်နိုင်သည့် နည်းလမ်းများအား လိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် တိုက်တွန်းအပ်ပါသည် -
(က) ဆပ်ပြာ၊ ရေ သို့မဟုတ် ရေမလို လက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊
(ခ) ရောဂါပိုးကူးစက်ခြင်းခံရသူ သို့မဟုတ် သံသယလူနာများနှင့် ခပ်ခွာခွာနေခြင်း၊
(ဂ) ဖျားနာခြင်းအစရှိသော သံသယ လက္ခဏာရှိသူများအနေဖြင့် နှာချေချောင်းဆိုးခြင်း ခံစားနေရပါက ပါးစပ်နှာခေါင်းစည်း ဝတ်ဆင်ခြင်း။
ကျန်းမာရေးဝန်ကြီးဌာန
