ဥရောပ၏ သဘာဝဓာတ်ငွေ့ အရန်သိုလှောင်မှု ၂၀၂၂ စွမ်းအင် အကျပ်အတည်းနောက်ပိုင်း အနိမ့်ဆုံးသို့ ကျဆင်း
ဥရောပသမဂ္ဂ၏ သဘာဝဓာတ်ငွေ့သိုလှောင်မှုမှာ ပုံမှန်ထက်လျော့နည်းနေသော အရန်ပမာဏနှင့် အေးခဲသောရာသီဥတုကြောင့် ထုတ်ယူသုံးစွဲမှုမြန်ဆန်လာရာ ၂၀၂၂ ခုနှစ် စွမ်းအင်အကျပ်အတည်းနောက်ပိုင်း ယခုကဲ့သို့သော နှစ်အစပိုင်းကာလများတွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားကြောင်း Financial Times က ဖော်ပြခဲ့သည်။
လွန်ခဲ့သော လေးနှစ်က ယူကရိန်းပဋိပက္ခပြင်းထန်လာပြီးနောက် ရုရှား ထံမှ ရေနံနှင့်ဓာတ်ငွေ့တင်သွင်းမှုကို လျှော့ချလိုက်ကတည်းက ဥရောပ သမဂ္ဂအတွင်း စွမ်းအင်စျေးနှုန်းများ သိသိသာသာမြင့်တက်လာခဲ့သည်။ စျေးနှုန်းသက်သာသော ရုရှားပိုက်လိုင်းဓာတ်ငွေ့ကို စွန့်ခွာလိုက်ရခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်မှတင်သွင်းသော စွမ်းအင်များအပေါ် ပိုမိုမှီခိုလာရသည်။ လွန်ခဲ့သည့်သီတင်းပတ်ကအတည်ပြုခဲ့သော ဥပဒေသစ်အရ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၇ ခုနှစ်ကုန်တွင် ရုရှားစွမ်းအင်ပေးပို့မှုအားလုံးကို ရပ်ဆိုင်းရန် လိုအပ်ပြီး ယင်းက အဖွဲ့အတွင်း ထောက်ပံ့ရေးဆိုင်ရာဘေးအန္တရာယ်များကို ပိုမိုရင်ဆိုင်လာစေသည်။
ထောက်ပံ့ရေးဆိုင်ရာစိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်နှင့်အမျှ ဥရောပဓာတ်ငွေ့စျေးနှုန်းများသည် နှစ်နှစ်ကျော်ကာလအတွင်း အကြီးမားဆုံးသော လစဉ်စျေးနှုန်းမြင့်တက်မှုကို ကြုံတွေ့ခဲ့ရကြောင်း၊ ဥရောပ၏ အဓိကဓာတ်ငွေ့စျေးနှုန်းညွှန်းကိန်းဖြစ်သော Dutch TTF မှာ လွန်ခဲ့သည့် သီတင်းပတ်က တစ်မဂ္ဂါဝပ်နာရီလျှင် ၄၂.၆၀ ယူရို (၄၆ ဒေါ်လာ) အထိ မြင့်တက်ခဲ့ပြီး ၎င်းမှာ ဆယ်လအတွင်း အမြင့်ဆုံးဖြစ်ကြောင်း FT သတင်းက တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁) တွင် ဖော်ပြခဲ့သည်။
အမေရိကန်ရှိ ပြင်းထန်သော ဆောင်းရာသီမုန်တိုင်းများက ပြည်တွင်းဓာတ်ငွေ့စျေးကွက်ကို အနှောင့်အယှက်ဖြစ်စေခဲ့ရာ ရုရှားပိုက်လိုင်း ဓာတ်ငွေ့ထောက်ပံ့မှု သိသိသာသာလျော့နည်းသွားပြီးနောက် အမေရိကန် LNG သင်္ဘောတင်ပို့မှုအပေါ် ပိုမိုမှီခိုလာရသည့် ဥရောပအတွက် စျေးနှုန်းများ မြင့်တက်စေခဲ့သည်။
Gas Infrastructure Europe (GIE) ၏ အဆိုအရ ဥရောပသမဂ္ဂတွင် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ကုန်တင်သင်္ဘောအစင်းရေ ၁၃၀ ခန့်စာ လိုအပ်ချက်ရှိနေပြီး ဇန်နဝါရီ ၂၉ ရက်နေ့အထိ သိုလှောင်မှုမှာ ၄၉၀ သည်ရာဝပ်နာရီ (Terawatt-hours) ရှိကြောင်း သိရှိရသည်။ ဒေသတွင်းရှိ ဓာတ်ငွေ့အရန်သိုလှောင်မှုမှာ လက်ရှိတွင် သိုလှောင်နိုင်မှုပမာဏ၏ ၄၃% သာ ရှိတော့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း ရာသီအလိုက် အနိမ့်ဆုံး အဆင့်ဖြစ်သည်။
လွန်ခဲ့သည့်သီတင်းပတ်က ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom က ဥရောပသည် လက်ရှိအပူပေးရာသီအတွက် ပြင်ဆင်ထားသည့် မြေအောက်သိုလှောင်ရုံများရှိ ဓာတ်ငွေ့များအနက် ၈၁% ကျော်ကို ထုတ်ယူသုံးစွဲပြီးဖြစ်ကြောင်း GIE မှ အချက်အလက်များကိုကိုးကား၍ ပြောကြားခဲ့သည်။ နယ်သာလန်နိုင်ငံ တစ်နိုင်ငံတည်း၏ သိုလှောင်မှုပမာဏမှာ ၂၇.၈% အထိ ကျဆင်းသွားခဲ့ပြီး ၎င်းမှာ အဆိုပါရက်စွဲအတွက် မှတ်တမ်းတင်ထားသမျှတွင် အနိမ့်ဆုံးဖြစ်ကြောင်း ကုမ္ပဏီ (Gazprom) က ပြောကြားခဲ့သည်။ “ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ရှိ ဓာတ်ငွေ့အရန်သိုလှောင်မှုများမှာလည်း ဇန်နဝါရီ ၂၈ ရက်နေ့အတွက် အနိမ့်ဆုံးအဆင့်များတွင် ရှိနေသည်” ဟု Gazprom က ထပ်လောင်းပြောဆိုခဲ့သည်။
ယူကရိန်းပဋိပက္ခ မဖြစ်ပွားမီက ဥရောပသမဂ္ဂသည် ၎င်း၏ ဓာတ်ငွေ့လိုအပ်ချက် ၄၅% ကို ရုရှားနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ရုရှားသည် စစ်အေးတိုက်ပွဲအပြီးနောက်ပိုင်း အဖွဲ့အတွင်း အကြီးဆုံးပြည်ပ စွမ်းအင်ထောက်ပံ့သူ ဖြစ်ခဲ့သည်။ အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများနှင့် အဓိကအခြေခံအဆောက်အအုံများ ဖျက်ဆီးခံရမှုများကြောင့် ရုရှား၏ ဓာတ်ငွေ့ပေးပို့မှုများ သိသိသာသာလျော့နည်းသွားခဲ့သော်လည်း ဥရောပ သမဂ္ဂနိုင်ငံများ၏ ရုရှား LNG ဝယ်ယူမှုမှာမူ အများအပြားရှိနေဆဲ ဖြစ်သည်။
လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ဥရောပသမဂ္ဂသည် ပိုမို စျေးကြီးသော အမေရိကန် LNG ဘက်သို့ ပိုမိုလှည့်လာခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကုန်သွယ်ရေးဆွေးနွေးမှုများတွင် စွမ်းအင်ကိုအသုံးချ၍ ဖိအားပေးခဲ့ရာ ဥရောပသမဂ္ဂသည် သွင်းကုန်ခွန်မြင့်တက်မှုကို ရှောင်ရှားရန်အတွက် ၂၀၂၈ ခုနှစ်တွင် အမေရိကန် စွမ်းအင်ကို ဒေါ်လာ ၇၅၀ ဘီလီယံဖိုး ဝယ်ယူရန် လွန်ခဲ့သည့်နှစ် ဇူလိုင်လက သဘောတူခဲ့ရသည်။ ဝေဖန်သူများက ယင်းလုပ်ရပ်ကို အတင်းအဓမ္မ ဖိအားပေးစေခိုင်းမှုအဖြစ် ပြောဆိုနေကြသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,