ထိုင်းနိုင်ငံ လေဆိပ်များအာဏာပိုင် (AOT) က ခရီးသည် ဝန်ဆောင်မှုစရိတ်တိုးမြှင့်ရန် စီစဉ်
ထိုင်းနိုင်ငံ လေဆိပ်များအာဏာပိုင် (AOT) သည် အဓိကလေဆိပ် ၆ ခုရှိ နိုင်ငံတကာထွက်ခွာခရီးစဉ်များအတွက် ခရီးသည်ဝန်ဆောင်မှုစရိတ်ကို ၅၃ ရာခိုင်နှုန်း တိုးမြှင့်ရန်စီစဉ်နေပြီး ယင်းသို့လုပ်ဆောင်ခြင်းက ခရီးသည်အရေအတွက်အပေါ် သက်ရောက်မှုရှိမည်မဟုတ်ဟု ယုံကြည်နေသည်။
ဝန်ဆောင်မှုစရိတ်ကို ၇၃၀ ဘတ်မှ ၁,၁၂၀ ဘတ်အထိ တိုးမြှင့်မည်ဖြစ်ကြောင်း AOT က ပြောကြားခဲ့သည်။ ပြည်တွင်းခရီးစဉ်များအတွက် ဝန်ဆောင်မှုစရိတ်မှာမူ အပြောင်းအလဲရှိမည်မဟုတ်ပေ။ အဆိုပါ နှုန်းထားတိုးမြှင့်မှုကို သုဝဏ္ဏဘူမိ၊ ဒွန်မောင်း၊ ဖူးခက်၊ ဟတ်ယိုင်၊ ချင်းမိုင် နှင့် ချင်းရိုင်လေဆိပ်များအတွက် လျာထားခြင်းဖြစ်သည်။
AOT ၏ အဆိုအရ ထိုသို့တိုးမြှင့်ခြင်းကြောင့် တစ်နှစ်လျှင် ဘတ်ငွေ ၁၀ ဘီလီယံ ပိုမိုရရှိလာမည်ဖြစ်ပြီး ထိုငွေများကို လေဆိပ်များ၏ လုံခြုံရေးနှင့် အဆောက်အအုံပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အသုံးပြုသွားမည်ဟု သိရှိရသည်။
ထိုင်းနိုင်ငံသည် နိုင်ငံတကာထွက်ခွာခရီးစဉ်များအပေါ်တွင်သာ ဝန်ဆောင်မှုစရိတ် ကောက်ခံသည့် အနည်းငယ်မျှသောနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ နိုင်ငံအများစုမှာမူ ထွက်ခွာ၊ ဆိုက်ရောက် နှင့် လေယာဉ် အကူးအပြောင်း ခရီးသည်များအားလုံးကို ကောက်ခံခြင်းဖြစ်ကြောင်း AOT က ဆိုသည်။
လေကြောင်းဆိုင်ရာ ကော်မတီ (The Civil Aviation Board) သည် ဝန်ဆောင်မှုစရိတ် တိုးမြှင့်ခြင်းကို မူအားဖြင့်အတည်ပြုထားပြီးဖြစ်သော်လည်း ပို့ဆောင်ရေးဝန်ကြီးထံမှ နောက်ဆုံးအတည်ပြုချက်ကိုမူ မရရှိသေးပေ။ အထွေထွေရွေးကောက်ပွဲအပြီး မေလတွင် အတည်ပြုချက်ရရှိလိမ့်မည်ဟု AOT က မျှော်လင့်ထားသည်။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂

,