ယူကရိန်းစစ်ဘက်အရာရှိကြီးများ ပါဝင်သည့် ဒေါ်လာ ၅.၇ သန်းတန် အဂတိလိုက်စားမှုကွန်ရက်ကို ဖော်ထုတ်
ယူကရိန်းနိုင်ငံတွင် ဗိုလ်ချုပ်ကြီးနှစ်ဦးအပါအဝင် စစ်ဘက်အရာရှိဟောင်းကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ ပူးပေါင်းကာ ဒေါ်လာ ၅.၇ သန်းကျော် အလွဲသုံးစားလုပ်ခဲ့သည့် အဂတိလိုက်စားမှုကြီးကို အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို (NABU) က ဖော်ထုတ်နိုင်ခဲ့သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုသည် ၂၀၁၆ ခုနှစ်က စတင်ခဲ့သည့် Dzvin-AS အမည်ရှိ စစ်တပ်ကွပ်ကဲမှုနှင့် ထိန်းချုပ်ရေး ဆော့ဖ်ဝဲလ်စနစ် ဖော်ဆောင်မှုစီမံကိန်းအပေါ် အခြေခံခြင်းဖြစ်ပြီး အဆိုပါစနစ်ကို ရေးသားရန်အတွက် အတွေ့အကြုံမရှိသော ကုမ္ပဏီတစ်ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနက စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
စီမံကိန်းကာလ ၄ နှစ်အတွင်း နည်းပညာဆိုင်ရာသတ်မှတ်ချက်များကို ၁၃ ကြိမ်တိုင်တိုင် တမင်ပြောင်းလဲခြင်းဖြင့် ကုန်ကျစရိတ်ကို ဒေါ်လာ ၇ သန်းအထိ မြင့်တက်စေခဲ့ပြီး ထိုအထဲမှ ဒေါ်လာ ၅.၇ သန်းကို စွပ်စွဲခံရသူများက အလွဲသုံးစားလုပ်ခဲ့ကြကြောင်း စုံစမ်းစစ်ဆေးသူများက ဆိုသည်။ အဆိုပါ Dzvin-AS စနစ်သည် ပြဿနာများစွာရှိနေသဖြင့် ၂၀၂၁ ခုနှစ်ကတည်းက စာရင်းစစ်ကန့်ကွက်မှုများရှိခဲ့သော်လည်း ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ၂၀၂၂ ခုနှစ်တွင် ထိုစဉ်က ကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်က လက်ခံအသုံးပြုရန် အမိန့်ပေးခဲ့သည်။
ယခုအခါ NABU နှင့် အထူးအဂတိလိုက်စားမှုတိုက်ဖျက်ရေး အစိုးရ ရှေ့နေရုံး (SAPO) တို့သည် တရားဝင်စွဲချက်တင်ရန်အတွက် အထောက်အထားများ ထုတ်ဖော်ပြသသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ အဂတိလိုက်စားမှုဂိုဏ်းတွင် စစ်ဘက်ဦးစီးချုပ်ရုံး ဒုတိယအကြီးအကဲနှင့် ဆက်သွယ်ရေးတပ်ဖွဲ့ ဒုတိယတပ်မှူးတို့ကဲ့သို့ ထိပ်တန်းအရာရှိကြီးများ ပါဝင်ပတ်သက်နေခြင်းကြောင့် အဆိုပါအမှုသည် ယူကရိန်းစစ်တပ်အတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အရေးပါဆုံးသော အောင်မြင်မှုတစ်ခုဖြစ်လာကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂

,